သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဒုက္ခသည် ပြန်ပို့ရေး ထိုင်းအစိုးရ ကုလနဲ့ဆွေးနွေး


မြန်မာဒုက္ခသည် ပြန်ပို့ရေး ထိုင်းအစိုးရ ကုလနဲ့ဆွေးနွေး
မြန်မာဒုက္ခသည် ပြန်ပို့ရေး ထိုင်းအစိုးရ ကုလနဲ့ဆွေးနွေး

မြန်မာနိုင်ငံတွင်းက အစိုးရတပ်နဲ့ လက်နက်ကိုင် သူပုန်တွေအကြား အနှစ် ၂၀ ကျော်ကြာ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်ကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာတိုင်းရင်းသား ဒုက္ခသည် ၁သိန်းကျော် နေရပ်ပြန်ပို့ နိုင်ရေး အစီအစဉ်အတွက် ကုလသမဂ္ဂနဲ့အတူ ပူးတွဲလုပ်ဆောင်နေပြီလို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

ထိုင်းအမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲ ထာဝင် ပလီယံဆရီ (Tawin Pleansri) က တနင်္လာနေ့က ဘန်ကောက်မြို့မှာ ပြောဆိုသွားတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အနှစ် ၂၀ ကျော်အတွင်း ပထမဆုံးအကြိမ် လုပ်တဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေအပြီး အစိုးရသစ်ပေါ်လာတာနဲ့အညီ အခုလိုကိစ္စ ဆက်စပ်တယ် လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲကို လက်မခံ ဝေဖန်သူတွေကတော့ အခု အစိုးရသစ်ဟာ အရွေးခံရတယ်ဆိုပေမဲ့ အများစုဟာ အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့အနွယ်ဝင် ပတ်သက်နေသူတွေပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး အစီအစဉ် ဘယ်တော့စမလဲ ဆိုတာကိုတော့ မစ္စတာ ထာဝင် က အသေးစိတ်မပြောပါဘူး။ ဒါပေမဲ့လည်း တချိန်ချိန် မကြာခင်မှာ စတော့မယ်လို့ သူက ပြောပါတယ်။ ဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရေး လုပ်ပေးနေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းအတခုဖြစ်တဲ့ TBBC အဆိုအရတော့ ပြီးခဲ့တဲ့နှစ်မှာတင် မြန်မာတိုင်းရင်းသား ဒုက္ခသည်ပေါင်းဟာ ထိုင်းနိုင်ငံထဲမှာတင် ၁၄၅,၀၀၀ ကျော် ရှိခဲ့တယ်လို့ ဆိုပါတယ်။

ထိုင်းနဲ့နယ်ချင်းစပ် မြန်မာနယ်စပ်မှာ မြန်မာအစိုးရတပ်တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေအကြား စစ်ပွဲတွေဖြစ်ခဲ့တာ ဆယ်စုနှစ်နဲ့ချီ ကြာခဲ့ပါပြီ။ နောက်ဆုံး တိုက်ပွဲတွေကတော့ ပြီးခဲ့တဲ့နိုဝင်ဘာလမှာ
ပြင်းပြင်းထန်ထန် ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ မြန်မာတပ်တွေနဲ့ အပစ်အခတ် ရပ်စဲရေးယူပြီး ပြန်ပျက်သွားတဲ့ ဒီကေဘီအေ တပ်တွေအကြား တိုက်ပွဲဖြစ်တာ ဖြစ်ပြီး မြန်မာကျေးရွာသား ၁,၀၀၀ လောက်
ထိုင်းနယ်စပ်မြို့ဘက်ကို ထွက်ပြေးလာခဲ့ရတယ်လို့ ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

နိုဝင်ဘာလ အစောပိုင်းက မြန်မာအစိုးရတပ်တွေနဲ့ ဒီကေဘီအေ အကြား နှစ်ရက်ကြာ တိုက်ပွဲအတွင်းတုန်း ကတော့ ကျေးရွာသူ ကျေးရွာသား ၂၀,၀၀၀ လောက် ထိုင်းဘက်ကို ထွက်ပြေးလာခဲ့ရပါတယ်။

XS
SM
MD
LG