သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ နေရပ်ပြန်ရေး မဖြစ်နိုင်သေး


ိထိုင်-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)
ိထိုင်-မြန်မာနယ်စပ် မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်း (ဒီဇင်ဘာလ ၁၄၊ ၂၀၁၁)

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်စခန်းတွေကို ပိတ်လိုက်ပြီးတော့ မြန်မာနိုင်ငံကို ဒုက္ခသည်တွေ ပြန်ပို့ဖို့ လိုကြောင်း ထိုင်းတာဝန်ရှိသူတဦးရဲ့ ပြောဆိုလိုက်တဲ့အပေါ် စိုးရိမ်မကင်းဖြစ်သံတွေ ထွက်ပေါ်လာပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည် ပြန်နိုင်လောက်အောင် မြန်မာနိုင်ငံက အဆင်သင့်မဖြစ်သေးဘူးလို့ ဒုက္ခသည်အရေး ဆောင်ရွက်နေသူတွေက မြင်ကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်လို့တော့ ဦးတင်မောင်သန်းက တင်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာရှိတဲ့ မြန်မာ ဒုက္ခသည်တွေကို တချိန်ချိန်မှာ ပြန်ပို့ဖို့ရှိပေမဲ့ လောလောဆယ်မှာတော့ ပြန်ပို့နိုင်တဲ့ အခြေအနေတွေတော့ မဖြည့်ဆည်းသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပြောပါတယ်။

မကြာမီက ကျင်းပခဲ့တဲ့ အာဆီယံ အလွတ်သဘော ဆွေးနွေးပွဲကို တက်ကြရင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီး ကဆစ် ပီရွန်မ် (Kasit Piromya) နဲ့ မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့ ဒုက္ခသည်အရေးကို နှစ်နိုင်ငံထဲ သီးခြား ဆွေးနွေးခဲ့ကြပါတယ်။ သင့်တော်တဲ့ တချိန်ချိန်မှာတော့ ဒုက္ခသည်တွေ ကိုယ့်ရပ်ကိုယ့်ရွာ ပြန်ကြရမယ်ဆိုတာ ထိုင်းနိုင်ငံ၊ မြန်မာနိုင်ငံ နဲ့ ဒုက္ခသည်တွေရဲ့ အရေးကို ဆောင်ရွက်နေကြတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကြားမှာ အခြေခံအားဖြင့် နားလည်ထားကြပြီးသားပါ။ ဒုက္ခသည်တွေ ကိုယ်နှိုက်ကလည်း ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်နေချင်ကြတာချည်းပါပဲ။ ဒါပေမဲ့ ခုချက်ချင်းပြန်ပို့ဖို့ မဖြစ်နိုင်သေးဘူးလို့ အာရှဒေသ ဆိုင်ရာ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ကစ်တီမက်ကင်းဇီး (Kitty McKinsey) က ဗွီအိုအေကို ပြောပါတယ်။

“ဒုက္ခသည်တွေ မြန်မာနိုင်ငံကို ပြန်ကောင်းပြန်လို့ ရနိုင်မလားဆိုပြီး မကြာမီ ရက်ပိုင်းတွေအတွင်းက ဆွေးနွေးကြတာတွေ ရှိပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်နိုင်တဲ့ အခြေအနေ မရှိသေးဘူးလို့ ကုလသမဂ္ဂ ဒုက္ခသည်များ မဟာမင်းကြီးရုံးက ယူဆပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်ဖို့ဆိုရင် သူတို့မပြန်မီမှာကို ဖြည့်ဆည်းထားရမယ့် အခြေအနေတွေ အများကြီး ရှိနေပါတယ်။ ဒုက္ခသည်တွေ အိမ်ပြန်နိုင်အောင် ကူညီဖို့အတွက် ထိုင်းနဲ့ မြန်မာနိုင်ငံ တို့နဲ့ ကျမတို့ အတူတူ အလုပ်လုပ်ချင်ပါတယ်။”

လက်ရှိ အခြေအနေကတော့ မြန်မာနိုင်ငံ အရှေ့ပိုင်းက ဒုက္ခသည်တွေ ထိုင်းနိုင်ငံထဲကို ဆက်လက် ဝင်လာနေတာ တွေ့နေရပါတယ်လို့ မြန်မာဒုက္ခသည်တွေရဲ့ အရေးကို ဆောင်ရွက်နေတဲ့ Thai Burma Border Consortium (TBBC) အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး ဆယ်လီ သွန်မ်ပ်ဆင်န် (Sally Thompson) က အခုလို ပြောပါတယ်။

“မြန်မာပြည် အရှေ့ပိုင်းမှာ ပဋိပက္ခတွေက ရှိနေဆဲပါပဲ။ ဒုက္ခသည် အသစ်တွေကလည်း ထိုင်းနိုင်ငံထဲကို နေ့တိုင်း ဆက်လက် ရောက်လာနေဆဲပါ။ ဆက်ပြီး ဖြစ်ပွားနေတဲ့ ပဋိပက္ခမှာ မြန်မာစစ်တပ်က တိုင်းရင်းသား ဒေသတွေကို ထိန်းချုပ်နိုင်အောင် ကြိုးစားနေတယ် ဆိုတဲ့ ပြောပြချက်တွေလည်း ရှိနေပါတယ်။ ရွေးကောက်ပွဲ ပြီးသွားကတည်းက ပဋိပက္ခတွေက ပိုများလာတာလည်း ကျမတို့ တွေ့နေရပါတယ်။”

မြန်မာဒုက္ခသည်အရေးက ဝန်ကြီးတွေ ဆွေးနွေးကြရာမှာ ပါလာနိုင်ပေမဲ့ စခန်းတွေကို ပိတ်မယ်ဆိုတဲ့ သတင်းဟာ ယူဆချက်နဲ့ ပြောဆိုနေကြတာသာ ဖြစ်ပါတယ်လို့ မစ္စ ကစ်တီ မက်ကင်းဇီးက ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“တော်တော်ကြီးကို လွန်လွန်ကျွံကျွံ စိတ်ကူးတွေနဲ့ ဒီကိစ္စကို ပြောနေကြတာပါရှင်။ ဒီနေ့ နေ့လည်ပိုင်း မှာတောင် ထိုင်းအစိုးရက ကြေညာချက် ထုတ်လိုက်ပါသေးတယ်။ ချက်ချင်း ဒုက္ခသည်တွေကို ပြန်ပို့ဖို့ ပြောနေတာမဟုတ်ဘူးလို့ ဒီကြေညာချက်က ပြောထားပါတယ်။ ဒီသတင်းက ထိန်းလို့မရဘဲ တကယ့်အဖြစ် ထက်ကို ပိုသွားတဲ့သတင်းပါ။ ဘယ်တော့ ပြန်ပို့မယ်ဆိုတဲ့ အချိန်သတ်မှတ်ချက်တွေ ရှိတယ် လို့ဖြင့် ကျမ မထင်ပါဘူး။”

ဒုက္ခသည်တွေ ပြန်လက်ခံဖို့ဆိုရင် တက်လာတဲ့ အစိုးရအသစ်အနေနဲ့ အခြေအနေတချို့ ဖြစ်ပေါ်လာအောင် အရင်ဆုံး ဖန်တီးရဦးမှာပါလို့ UNHCR ကပြောပါတယ်။ ပဋိပက္ခတွေ ရပ်သွားပြီး တိုင်းပြည်မှာ ရေရှည် တည်တံ့နိုင်တဲ့ ငြိမ်းချမ်းရေး ရှိလာပြီလို့ ယူဆနိုင်ရပါမယ်။ မြေမြှုပ်မိုင်းတွေ ကင်းရှင်းရပါမယ်။ ဒုက္ခသည် တွေအတွက် လုံခြုံစိတ်ချမှု ရှိရမှာဖြစ်သလို ရွာတွေ ပြန်တည်ဆောက် ရပါမယ်။ ရေ ရရှိရပါမယ်။ ကျောင်းတွေ ရှိရပါမယ်။ အစရှိသဖြင့် အဲဒီလို အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းပြီး ဖြစ်နေရပါမယ်။ ဒုက္ခသည်တွေ ကိုယ်နှိုက်က စိတ်ချယုံကြည်မှု ရှိပြီး ပြန်မပြန်ကို သူတို့ကပဲ ဆုံးဖြတ်ရမှာပါ။ ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) ကလည်း အဲဒီ ပဋိပက္ခဒေသတွေကို သွားရောက် လုပ်ကိုင်နိုင်ရပါမယ်။ မစ္စ ကစ်တီ မက်ကင်းဇီးက အခုလို ဆက်ပြောပါတယ်။

“ကျမတို့ကို အဲဒီဒေသတွေမှာ သွားရောက် လုပ်ကိုင်နိုင်အောင် ခွင့်မပြုပါဘူး။ ဒုက္ခသည်တွေက ကိုယ့်သဘောနဲ့ကိုယ် ပြန်သွားပြီး ဂုဏ်သိက္ခာရှိရှိ နေထိုင်နိုင်မယ့် အခြေခံတွေ အခုချိန်ထိ မရှိသေးပါဘူးရှင်။”

တက်လာတဲ့ အစိုးရအသစ်ဟာ အဲဒီအခြေအနေတွေ ဖန်တီးဖို့ စီမံကိန်းတွေ ရှိရဲ့လား ဆိုတာကတော့ ဒုက္ခသည်အရေး ရတက်မအေးကြတဲ့ သူတွေ မေးနေကြတဲ့မေးခွန်းပါ။ ဆယ်လီ တွန်မ်ပ်ဆင်န် က အခုလို ပြောပါတယ်။

“မရှိပါဘူး။ မရှိပါဘူး။ အဲဒီလို စီမံကိန်မျိုး ရှိတယ်လို့ ကျမတို့ သတိမထားမိပါဘူး။”

ဒါကြောင့် ဒုက္ခသည် လက်ခံရေး မူဝါဒဟာ နိုင်ငံတကာနဲ့ ပြည်တွင်း လူမှုအဖွဲ့အစည်းတွေအပေါ် အသိအမှတ်ပြုရေး၊ လွတ်လပ်ခွင့်ပေးရေး အစရှိတဲ့ မူဝါဒတွေနဲ့လည်း ဆက်စပ်နေပါတယ်။

XS
SM
MD
LG