သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ကျောင်းသားသေဆုံးမှု တရားရုံး ဆုံးဖြတ်ချက် မိသားစု ကန့်ကွက်မည်


ဂွန်ဆိုင်းအောင်ဈာပနမှာ ကျန်ရစ်သူမိသားစု။
(Photo Credit to Justice for Gum Seng Awng)
ဂွန်ဆိုင်းအောင်ဈာပနမှာ ကျန်ရစ်သူမိသားစု။ (Photo Credit to Justice for Gum Seng Awng)

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ဗလမင်းထင် တံတားအနီး သေနတ် ထိမှန် သေဆုံးခဲ့တဲ့ ဂွန်ဆိုင်းအောင် အမှုနဲ့ပတ်သတ်ပြီး တရားစီရင်လိုက်မှုအပေါ် ကချင်ဒေသခံတွေက ကျေနပ်လက်ခံခြင်းမရှိတာကြောင့် ကာကွယ်ရေးဦးစီးချုပ်ဆီကို စာတင်သွားမယ်လို့ ပြောပါတယ်။ အမှုကိုမကျေနပ်လို့ အရပ်ဘက် တရား ရုံးသို့ ပြန်လည် စစ်ဆေးနိုင်ဖို့ကိုလည်း လုပ်ဆောင်သွားဖို့ရှိနေပါတယ်။ ဒီသေဆုံးမှု ဒီအမိန့်ချမှု တွေအပေါ် မှာနှစ်ဖက်အသိုင်းအဝိုင်းက လူမှုကွန်ယက်တွေမှာ မကျေမနပ် သုံးသပ်မှုတွေလည်း ရှိနေပါတယ်။ အမှုနဲ့ ပတ်သတ်လို့ မေခက ဆက်သွယ်မေးမြန်းထားပါတယ်။

သေနတ်ထိမှန် သေဆုံးခဲ့တဲ့ ဂွန်ဆိုင်းအောင်အမှုနဲ့ပတ်သတ်လို့ တပ်မတော်မှ ရဲတပ်သား မောင်မောင်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချလိုက်ပါတယ်။ အမှုကို ကချင်ပြည်နယ် မြောက်ပိုင်းတိုင်း စစ်ဌာန ချုပ်(မပခ)ရှိ အကျဉ်းစစ် တရားရုံးက အမိန့်ချမှတ်လိုက်တာပါ။ အမှုနဲ့ပတ်သတ်လို့ ကချင်ပြည်နယ်က ဒုတိယရဲမှူးကြီး မျိုးသူရမောင်က အခုလိုပြောပြခဲ့တာပါ။

"ကျနော်တို့က အခုလက်ရှိ ကတော့ ဂွန်ဆိုင်းအောင် ကိစ္စမှာတော့ ကျနော်တို့က နယ်ဘက်မှာ အမှုဖွင့်လိုက်တယ်ပေါ့နော်။ အမှုဖွင့်ပြီးတော့မှ အမှုစစ်ဆေးတယ်။ အမှုစစ်ဆေးပြီးတဲ့အခါကျမှ ကျနော်တို့က ဒီဟာက တပ်မတော်သားဖြစ်တဲ့အတွက် တပ်မတော်ဘက်ကို လွှဲပြောင်းပေးလိုက်တယ်။ တပ်မတော်ကနေမှ ဒါကို စစ်ခုံရုံးနဲ့ စစ်ဆေးတာပါ။ စစ်တရားရုံးနဲ့စစ်ဆေးတာပါ။ အခုလက်ရှိကတော့ စစ်တရားရုံးက သူ့ကိုစစ်ဆေးတာကတော့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှာပဲ စစ်ဆေးတာပါ။ အမှုနဲ့ပတ်သက်လို့ စုံစမ်းဖော်ထုတ်လို့ရတာမှန်သမျှကတော့ ကျနော်တို့က လွှဲပေးလိုက်ပြီ။ တချို့ ထွက်ပြေးနေတာတွေ၊ တိမ်းရှောင်နေတာတွေ ရှိတယ်ပေါ့နော်။"

သေဆုံးသွားတဲ့ ဂွန်ဆိုင်းအောင်မိဘတွေဘက်က အမှုစီရင်မှုကို မမျှတဘူးလို့ ယူဆတာကြောင့် တရားမျှတ ဖို့ ကာကွယ်ရေးဦးစီးချုပ်ဆီကို စာတင်သွားမယ်လို့ တရားလိုဖက်မှ ကူညီဆောင်ရွက်ပေးနေသူ ကချင်အမျိုးသား လူမှုဖွံ့ဖြိုးရေးဖောင်ဒေးရှင်းမှ တာဝန်ခံ ဦးဇော်ဂျတ် ကခုလိုပြောပြတာပါ။

" ကျနော်တို့အမြင်မှာ တရားမျှတမှုမရှိဘူးပေါ့ အဲ့တာကြောင့် ဂွန်ဆိုင်းအောင် မိသားစုတွေကတော့ ပြန်ပြီးတော့ ကာကွယ်ရေးဦးစီးချုပ်ဆီမှာ စာတင်ဖို့ရှိတယ်။ အဲ့လိုတော့ အစီအစဉ်တော့ရှိပါတယ်။ နောက်ဆက်တွဲပေါ့ တရားမျှတတယ်လို့ မမြင်ဘူးပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လူတယောက် သေတာ သေနတ်နဲ့ ပစ်ပြီးမှ သေတဲ့အမှုမှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် နှစ်နှစ်ပဲ ချတဲ့အပေါ် ကျနော်တို့က မျှတတယ်လို့တော့ မမြင်ဘူးပေါ့။"

အသက် ၁၉ နှစ်အရွယ် ဂွန်ဆိုင်းအောင်သည် မြစ်ကြီးနားမြို့တွင် ကွန်ပျူတာ တက္ကသိုလ် ကျောင်းသား တစ်ဦးဖြစ်ပါတယ်။၂၀၁၆ ခုနှစ် ဇွန်လ ၂၀ ရက်နေ့ညကဖြစ်ခဲ့တဲ့ ဒီအမှုရဲ့ သူသေဆုံး မှုဖြစ်စဉ်ဟာအာဏာပိုင်တွေဘက်က ထုတ်ပြန်မှုနဲ့ ဒေသခံတွေပြောဆိုချက်တွေက တော်တော်လေး ကွဲလွဲမှုရှိခဲ့ တာပါတယ်။

အခုအမှုကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က လူသေမှု ပုဒ်မ ၃၀၄(က) အရ စွဲချက်တင် အရေးယူခဲ့တာဖြစ် ပြီး တရားခံကိုလည်း တပ်မတော်ကနေ အပြီးအပိုင် ထုတ်ပယ်လိုက်တာပါ။ တပ်မတော်က နေအပြီး အပိုင် ထုတ်ပယ်လိုက်တာ ဖြစ်လို့ တရားခံက အရပ်ဘက် အကျဉ်းထောင်မှာ အပြစ်ခံယူရဖွယ် ရှိနေပေမယ့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကို ဆက်သွယ်မေးမြန်း ခဲ့ပေမယ့် ဖြေကြားပေးတဲ့သူမရှိခဲ့ပါဘူး။

ဂွန်ဆိုင်းအောင်သေဆုံးမှုအပေါ် အဲချိန်က တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ကသတင်းထုတ်ပြန်ခဲ့တာက တော့ ဝိုင်းမော် ဘက်မှပြန်လာတဲ့ အမျိုးသား၊ အမျိုးသမီးလေးဦးကို အမည်မသိသူ ရှစ်ဦးက လိုက်လံလုယက် နှောင့်ယှက် တာမို့ လမ်းတံတား မှာတာဝန်ကျတပ်မတော်သားများ က ကူညီခဲ့ရအပြီး နှောက်ယှက်သူရှစ်ဦးကစောင့်ဆိုင်းလုံးထွေး သတ်ပုတ်စဉ် မတော်တဆကျည် ထွက်ကာ သေဆုံးခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။

သေဆုံးသူ ဂွန်ဆိုင်းအောင်သေဆုံးမှု နှင့်ပတ်သက်၍ ထင်ကြေး အမျိုးမျိုးပေးကြ တာလည်း ရှိပါတယ်။ ဂွန်ဆိုင်းအောင်ဟာ တချိန်ကလည်း အခြားစုံတွဲ ကိုနှောက်ယှက်တဲ့ အမှုတခုကို ကျူးလွန်ခဲ့တယ်လို့ လည်း ရဲတပ်ဖွဲ့က ထုတ်ပြန်တာ ရှိခဲ့သလို ဒီအပေါ်မှာ ကချင်ဒေသခံတွေကတော့ ဒါဟာ ဥပဒေမမြောက်တဲ့ သံသယ ရှိမှုသာဖြစ်တယ်လို့ပြန်လည်ချေပခဲ့တာရှိပြီး ကချင် လူငယ်ကို ရည်ရွယ်သတ်ဖြတ်တာလို့ စွပ်စွဲတာတွေထိပေါ်ပေါက်ခဲ့ပါတယ်။

အခုလက်ရှိအမှုစစ်ဆေးမှုနဲ့ပတ်သတ်လို့ ရှေ့နေ ဦးသိန်းသန်းဦးကတော့ ခုလိုသုံးသပ်ပါတယ်။

" ၃၀၄ (က)ကြီးက ပေါ့ဆမှုနဲ့ လူသေတာ။ သေနတ်နဲ့ပစ်လိုက်တာ မတော်တဆ ကျည်ထွက်သွားတာ၊ တိုက်မိတာတို့ အဲ့ဒီ့မျိုးကတော့ မတော်တဆမှုပေါ့ ၃၀၄ (က)ဆိုရင်တော့ နှစ်နှစ်၊ သုံးနှစ်ပါပဲ အများကြီး မချပါဘူး။"

ဂွန်ဆိုင်းအောင်အမှုနဲ့ပတ်သတ်မှုတွေကို အခုလို တရားစီရင်ချက်ချလိုက်ပေမယ့် သူနဲ့အပေါင်းအပါ အပြစ်ကျူးလွန်သူ တွေနဲ့ပတ်သတ်လို့ကတော့ ခုထိ စစ်ဆေးနိုင်ခြင်းမရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG