သုံးရလွယ်ကူစေသည့် Link များ

အာဆီယံ လူထုဖိုရမ် မြန်မာကျောင်းသား အရေး တင်ပြ


မြန်မာနိုင်ငံက ကျောင်းသားသပိတ် အကြမ်းဖက်ဖြိုခွင်းခံရမှု သရုပ်ပြ။ သတင်းဓာတ်ပုံ Credit to Ko Khaing Kaung San FB

အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်နိုင်ရေး မြန်မာနိုင်ငံက ကျောင်းသား လှုပ်ရှားမှုနဲ့ ပတ်သက် လို့ မလေးရှားနိုင်ငံမှာ ဒီကနေ့ကျင်းပတဲ့ လူထုအခြေပြု လူမှု အဖွဲ့အစည်း ဆွေးနွေးပွဲတွေ မှာ တင်ပြဆွေးနွေး ခဲ့ကြောင်း မြန်မာနိုင်ငံ ကိုယ်စားပြု တက်ရောက်တဲ့ လူငယ်ခေါင်းဆောင် တဦးကပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံက ဒုက္ခသည်အရေးနဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရတဲ့ ကိစ္စတွေကိုလည်း တက်ရောက်တဲ့ မြန်မာကိုယ်စားလှယ်တွေက ဆွေးနွေးခဲ့ကြ ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က ပြောပြပါမယ်။

ဧပြီလ ၂၆ရက် လာမယ့်တနင်္ဂနွေနေ့မှာ စတင်မယ့် အာဆီယံ ထိပ်သီးညီလာခံ မတိုင်ခင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ အာဆီယံ လူငယ်ညီလာခံနဲ့ လူထု အခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ ညီလာခံဆွေးနွေးပွဲတွေ ပြုလုပ်နေတာပါ။ ဒီကနေ့ကျင်းပတဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်း ညီလာခံမှာ မြန်မာနိုင်ငံ လူငယ်ကျောင်းသား ကိုယ်စားပြု ကိုယ်စားလှယ် ကိုမော်စီ(ခေါ်) ကိုဖုန်းပြည့်ကျော်က မြန်မာ ပညာရေး ဥပဒေပြင်ဆင်ရေး နဲ့ ကျောင်းသား လှုပ်ရှားမှုတွေအကြောင်း ဆွေးနွေးခဲ့တယ်လို့ သူကပြောပါတယ်။

“ လက်ပံတန်းမှာ အကြမ်းဖက်ဖြိုခွဲခံခဲ့ရတဲ့ ကိစ္စပေါ့နော်။ အဲဒီကိစ္စနဲ့ အမျိုးသားပညာရေးဥပဒေ ပြင်ဆင်ရေး လှုပ်ရှားမှု အကြောင်းပေါ့။ ဟိုး ကျနော်တို့ ၂၀၁၄ ကတည်းက စတဲ့အကြောင်းပေါ့ အဲဒီအကြောင်းတွေရယ် အခုနောက်ဆုံး နောက်ပိုင်း လက်ပံတန်းကိစ္စ ဖြစ်သွားတဲ့ကိစ္စပေါ့ အဲဒီအထိ တောက်လျှောက် ကျနော်ပြောခဲ့ပါတယ်။ ပါဝင်ဆွေးနွေးသူတွေ တုန့်ပြန်ကြတာကျတော့ ဟို တချို့ကျတော့ ဘာကြောင့်မို့ သပိတ် မှောက်တယ်ဆိုတဲ့ဟာမျိုး ထပ်သိချင်တဲ့လူ ရှိတော့ အဲဒါကိုလည်း တချို့အချက်တွေ ပြန်ပြီးတော့ ရှင်းပြခဲ့တာ ရှိပါဗျ။ We Support Myanmar Students ဆိုတဲ့ Page မှာ ကျောင်းသားတွေ လွှတ်ပေးဖို့ ထောက်ခံပေးတဲ့ ပုံတွေ သူတို့လှမ်းပို့ထားတာတွေ ရှိတယ်။ အခုတွေ့တဲ့ ကျောင်းသားတွေကလည်း သူတို့အကုန်လုံး ထောက်ခံကြတယ်။ “

မြန်မာအရေးလှုပ်ရှားနေတဲ့ ထိုင်းမြန်မာနယ်စပ် အခြေစိုက် Burma Partnership အဖွဲ့က ဦးစိုးအောင် ကတော့ နယ်စပ်ဒုက္ခသည် အရေးနဲ့ လူ့အခွင့်အရေး အခြေနေတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

“ ASEAN People Forum နဲ့ကိုက်ပြီးတော့မှ ကျနော်တို့ Briefer လေးတခု ထုတ်တာရှိပါတယ်။ ဒီ ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ မြန်မာဒုက္ခသည် များရဲ့အခြေအနေ ဆိုပြီးတော့မှ အဲဒီအစီရင်ခံစာပေါ်မှာပဲ အခြေခံပြီးတော့ ကျနော်ပြောကြား ခဲ့တာဖြစ်ပါတယ်။ အဲဒီတော့ ဒုက္ခသည်တွေရဲ့ အခြေအနေက ဘယ်လိုရှိလဲ၊ ဒီ ဒုက္ခသည်တွေက မြန်မာပြည်ကနေ မထွက်ချင်ပဲ ထွက်လာခဲ့ရတာဖြစ်တယ် ဆိုတဲ့အကြောင်း ၊ နောက်ပြီး တော့မှ မြန်မာပြည်မှာ ဆက်လက်ဖြစ်ပေါ်နေတဲ့ ပဋိပက္ခ - အထူးသဖြင့် ဒီစစ်ရေး ပဋိပက္ခကြောင့် ဒုက္ခသည်တွေ ပြောင်းရွှေ့မှုတွေ ဖြစ်နေ ရတဲ့အကြောင်း နောက်ပြီးတော့မှ ဒုက္ခသည်တွေက သူ့ ဆန္ဒသဘောအလျှောက် ပြန်ဖို့ဆိုတဲ့ကိစ္စမှာ ဘာအခက်အခဲတွေ ရှိနေရသလဲ ၊ နောက်ပြီးတော့မှ အတင်းအဓမ္မ ပြန်ပို့ခံရတယ် ဆိုတဲ့ စိုးရိမ်ကြောင့်ကျမှုတွေ ရှိတယ်။ ကြောက်လန့်မှုတွေ ရှိတယ် ဆိုတဲ့အကြောင်းတွေ ပေါ့လေ။ အဲဒီကိစ္စတွေကို အကုန်လုံး သုံးသပ်လိုက် တယ်။ နောက်ပြီးတော့မှ ကျနော်တို့ကဒီ အာဆီယံကိုရော မြန်မာနိုင်ငံ အစိုးရကိုရော နိုင်ငံတကာကိုပါ ဘာတွေလုပ်ဆောင်သင့်တယ် ဆိုတဲ့အကြောင်းကို ကျနော်တို့က အဲဒါပြောခဲ့တာဖြစ်ပါတယ်။ “

ဒီကနေ့ ဆွေးနွေးပွဲအပြီး အာဆီယံလူငယ်တွေက သူတို့ရဲ့တောင်းဆိုချက်တွေနဲ့ ပတ်သက်လို့ ကွာလာလမ်ပူမြို့တွင်း လှည့်လည် ဆန္ဒ ထုတ်ဖေါ်ခဲ့တယ်လို့ ကိုမော်စီက ပြောပါတယ်။

“ ဒီနေ့ကကျတော့ ညနေပိုင်းမှာကျတော့ ASEAN People Forum မှာ တက်လာတဲ့လူတွေ အားလုံး ဟိုလမ်းလျှောက်ချီတက်တဲ့ ပုံစံမျိုး ဒီညနေ အစီအစဉ်မှာပါတယ်။ အဲဒီအစီအစဉ်မှာတော့ ဆွေးနွေးပွဲတွေ အားလုံးရပ်ပြီးတော့ ဒီဖိုရမ်က ပါတဲ့သူတွေအားလုံး ကျနော်တို့ ကိုယ့်နိုင်ငံ အလံတွေ ကိုယ်ကိုင်ပြီးတော့ အခြားကိုယ်တောင်းဆိုချင်တဲ့ဟာတွေ တောင်းဆိုပြီးတော့ ကြွေးကြော်ပြီးတော့ ချီတက် လမ်းလျှောက်တဲ့ ပွဲတော် ဒီနေ့လုပ်တယ် ။ ဒီမြို့ထဲမှာပဲ ပတ်ပြီးတော့။ “

ဧပြီလ (၂၇)ရက်နေ့ကျရင် အာဆီယံလူငယ် ကိုယ်စားလှယ်တွေနဲ့ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေရဲ့ ရွေးချယ်ခံ ကိုယ်စားလှယ်တွေဟာ အာဆီယံခေါင်းဆောင်တွေ နဲ့ တွေ့ဆုံပြီး သူတို့ရဲ့လိုလားချက်တွေကို တင်ပြသွားကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG