သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောင်းသားသပိတ် ပိတ်ဆို့ခံရဆဲ


လက်ပံတန်းမြို့မှာ ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့တားဆီးမှုကြောင့် လမ်းမပေါ်မှာ ထိုင်သပိတ်ဆင်နွှဲနေတဲ့ ပင်မကျောင်းသားသပိတ်ဟာ ဒီကနေ့အထိ ဆက်လက် ပိတ်ဆို့ထားခံနေရပြီး အစိုးရအာဏာပိုင်တွေနဲ့ ဆွေးနွေးမှုတွေကိုလည်း ဆက်မလုပ်နိုင်ဘဲ ဖြစ်နေပါတယ်။

ဆွေးနွေးမှုတွေ ရပ်တန့်သွားတာမျိုးမဟုတ်ဘဲ စောင့်ကြည့်နေဆဲ အဆင့်သာဖြစ်ပြီးတော့ ဆွေးနွေးပွဲဆက်လုပ်ဖို့ လမ်းဖွင့်ထားတယ်လို့ ကျောင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ အပြည့်အစုံကို လက်ပံတန်းမြို့မှာ ကိုယ်တိုင်သတင်းယူနေတဲ့ ဗွီအိုအေသတင်းထောက် ကိုစည်သူက သတင်းပေးပို့ထားပါတယ်။

မနေ့က မတ်လ ၃ ရက်နေ့မှာ စတင်ခဲ့တဲ့ ထိုင်သပိတ်ဟာ ဒီကနေ့အထိ လက်ပံတန်းမြို့ ကျွန်းကလေး အနောက်ဘက် တန် ၂၅၀ လမ်းမပေါ်မှာ ထိုင်သပိတ် ဆက်လက် ဆင်နွှဲနေတုန်းပါ။ ရဲတပ်ဖွဲ့တွေရဲ့ ပိတ်ဆို့ တားဆီးထားမှုတွေလည်း ဆက်လက် ရှိနေပါတယ်။ ပင်မသပိတ်စစ်ကြောင်းရဲ့ နောက်ဆုံးအခြေအနေကို ကျောင်းသားခေါင်းဆောင် ကိုကျော်ကိုကိုက အခုလို ပြောပါတယ်။

“နောက်ဆုံးအခြေအနေကို သုံးသပ်လို့ရတာက၊ ကျနော်တို့က တောင်းဆိုတဲ့အချက် ၈ ချက်၊ အဲဒီအချက် ၈ ချက် အပေါ်မှာ သူတို့အနေနဲ့က ဈေးဆစ်နေတဲ့ သဘောမျိုးပဲ၊ ကျနော်မြင်တာကတော့လေ။ ကျနော်တို့က အချက် ၈ ချက်ကိုတောင်းတယ်။ သူတို့က ဟိုအချက်ကို မလုပ်ပါနဲ့၊ ဒီအချက်ကို မလုပ်ပါနဲ့၊ ဒီအချက်ကိုတော့ လိုက်လျောပေးပါ၊ အဲဒီလိုပုံစံမျိုး လာပြောနေတာရှိတယ်။ အထူးသဖြင့်ကတော့ ဒီကနေ့ သာယာဝတီကို မသွားဖို့ ကိစ္စတွေပေါ့ဗျာ။ ကျနော်တို့အနေနဲ့ သွားချင်တာက ရန်ကုန်ဗျ၊ အဓိက target က ကျနော်တို့ သွားချင်တာက ရန်ကုန်၊ သာယာဝတီဆိုတာ ကြားမြို့၊ ဖြတ်လမ်း အဲဒီကြားမြို့ ဖြတ်သွားမယ့်မြို့မှာ ကျနော်တို့ သွားတဲ့အချိန်မှာ အန္တရာယ် မဖြစ်စေချင်ဘူး။ အနှောင့်အယှက် ကင်းကင်းနဲ့ အတားအဆီးမရှိနဲ့ အေးအေးလူလူ သွားချင်တယ်။ ငြိမ်းချမ်းစွာ အိမ်ပြန်မယ်၊ ဘယ်သူ့ကိုမှလည်း အနှောင့်အယှက်ပေးမှာ မဟုတ်ဘူး။ အာဏာပိုင်အဖွဲ့အစည်းက ကျနော်တို့ကိုလာပြီး တားတာဆီးတာ မရှိရင်လည်း ကျနော်တို့နဲ့ သူတို့နဲ့ ရင်ဆိုင်တွေ့စရာ အကြောင်းလည်း မရှိဘူး။”

မနေ့က မတ်လ ၃ ရက်နေ့မှာ လက်ပံတန်းမြို့ကနေ သာယာဝတီကို ချီတက်ဖို့ ကြိုးစားခဲ့တဲ့ ပင်မကျောင်းသားသပိတ် စတင်ထွက်ခွာရာ အောင်မြင်ဗိမာန်ဘုန်းကြီးကျောင်းနဲ့ ၁ ဖာလုံသာဝေးတဲ့ လမ်းဆုံတခုမှာ ရဲတပ်ဖွဲ့ဝင်တွေက နှစ်ဘက်ပိတ်ဆို့ တားဆီးခဲ့တာဖြစ်ပါတယ်။ သပိတ်ကျောင်းသားတွေ အနေနဲ့တော့ အတင်းအဓမ္မ တိုးထွက်တဲ့နည်းလမ်းကို သုံးမှာမဟုတ်ဘဲ ဆွေးနွေးမှုအတွက် လမ်းဖွင့်ထားမယ်လို့ ကိုကျော်ကိုကိုက ပြောပါတယ်။

“ကျနော်တို့က အတင်းတိုးတဲ့ နည်းလမ်းကတော့ အခုလောလောဆယ် သုံးဖို့ကတော့ မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ အများမြင်တဲ့ အတိုင်းပဲ ဆယ်ဆ တဆလောက်တောင် ရှိတယ်ဗျာ။ အဲဒီတော့ ကျနော်တို့က လက်နက်မပါတဲ့ ကျောင်းသားတွေ၊ လက်နက်မဲ့တယ်၊ အင်အားလည်း သူတို့လောက် မကြီးမားဘူး။ အဲဒီတော့ အင်အားဆိုတာ ထောက်ခံမှုအင်အား၊ ပြည်သူ့အင်အားကို ဆိုလိုတာ မဟုတ်ဘူး၊ ခန္ဓာကိုယ်အင်အားကိုပြောတာ။ ဒီကြားထဲမှာ ကျနော်တို့က နေပူထဲမှာ ထိုင်နေရတာ။ သူတို့က အရိပ်အောက်မှာ ထိုင်နေတာ။ အဲဒီတော့ ကျန်းမာရေး ချို့ယွင်းစရာရှိရင် ကျနော်တို့ဘက်ကပဲ ပိုပြီးချို့ယွင်းဖို့များတယ်။ ဒါပေမဲ့ ဒါတွေကို သိသိကြီးနဲ့ပဲ ကျနော်တို့ ဘာဖြစ်လို့ လုပ်နေရသလဲဆိုတော့ ကျနော်တို့က ခုနပြောသလိုပေါ့၊ ကိုယ့်ရဲ့ခံနိုင်ရည်အားနဲ့ ကိုယ့်ရဲ့နှလုံးရည်နဲ့ တိုက်ပွဲဝင်နေရတာ။ ကျနော်တို့အထဲက ရဲဘော်တယောက် ပြိုကျသွားရင် အဲဒီနေရာမှာ ရဲဘော် ၂ ယောက် အစားထိုးဝင်ရောက်လာမယ်။”

ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့တော့ ဒေသလုံခြုံရေးအတွက်သာ လုံခြုံရေး ယူထားရခြင်းဖြစ်ပြီး အကြမ်းဖက်သွားမှာ မဟုတ်ဘူးလို့ လက်ပံတန်း သပိတ်ရှိရာဆီ ပိတ်ဆို့လုံခြုံရေး ယူနေတဲ့ ဒုရဲမှူးကြီး နန္ဒဝင်းက ပြောပါတယ်။

“ကျနော်တို့ အနေနဲ့ကတော့ အေးချမ်းတည်ငြိမ်စွာနဲ့ပဲ ဒီမိုကရေစီစနစ်အရတော့ အေးချမ်းတည်ငြိမ်စွာနဲ့ပဲ ပြဿနာတရပ်ကို ညှိနှိုင်းပြီးတော့ ဖြေရှင်းချင်တဲ့စိတ်ပဲ ရှိပါတယ်။ အကြမ်းဖက်ဖို့ အစီအစဉ်လည်း မရှိပါဘူး။ အဲဒီအတွက်ကြောင့် ကျနော်တို့မှာ လက်နက်ခဲယမ်းဆိုတာ ကိုင်ဆောင်ထားတာလည်း မရှိပါဘူး။ ကျနော်တို့အနေနဲ့ အကြမ်းမဖက်ဘဲနဲ့ အဆင်ပြေစွာနဲ့ ကိစ္စတရပ်ကို ကျောင်းသားတွေ၊ သက်ဆိုင်ရာနဲ့ ညှိနှိုင်းပြီးတော့ ဖြေရှင်းချင်တဲ့ ဆန္ဒသာရှိပါတယ်။”

မနေ့တုန်းကတော့ အစိုးရအာဏာပိုင်တွေနဲ့ ၆ ကြိမ်ဆွေးနွေးခဲ့ပေမဲ့ သဘောတူညီမှု တစုံတရာ မရခဲ့ပါဘူး။ ဒီကနေ့ မတ်လ ၄ ရက်နေ့မှာတော့ ဆွေးနွေးမှု တစုံတရာမရှိဘူးလို့ ကိုကျော်ကိုကိုက ပြောပါတယ်။

“ဆုံးဖြတ်ချက် တခုမှလည်း မရသေးဘူး။ ရပ်သွားတာလည်း မဟုတ်သေးဘူး။ ဆွေးနွေးမှုက အချိန်မရွေး ဖွင့်ထားလို့ရတယ်။ ဒါပေမဲ့ အခုလောလောဆယ်မှာ ဆွေးနွေးမှု မစတင်သေးတာ။ ကျနော်တို့လည်း စောင့်ကြည့်နေတယ်။ သူတို့လည်း စောင့်ကြည့်နေတယ်။ အပြန်အလှန် စောင့်ကြည့်ပြီးတော့ ကျနော်တို့က ဆွေးနွေးမှု အချိန်မရွေး ပြန်စလို့ရတဲ့လမ်းကြောင်း ကျနော်တို့မှာရှိတယ်။ သူတို့ဘက်ကလည်း သဘောထားကြီးဖို့လိုတယ်။”

ဒီကနေ့မှာတော့ ကျောင်းသားတွေကို ဝန်းရံကူညီတဲ့ လက်ပံတန်း ဒေသခံတွေတချို့ ဆန္ဒထုတ်ဖော်တာတွေ ရှိခဲ့ပါတယ်။ ကျောင်းသားသပိတ်နဲ့အတူ လိုက်ပါလာတဲ့ သံဃာတော်တွေကတော့ အစာငတ်ခံ ဆန္ဒထုတ်ဖော်နေဆဲပါ။ နေပူဒဏ်ကြောင့် ကျန်းမာရေး ချို့ယွင်းတာကြောင့် ကျောင်းသားကျောင်းသူတချို့ ဆေးကုသမှု ခံယူနေရပေမဲ့ လက်ပံတန်းမြို့မှာ ထိုင်သပိတ်ဆန္ဒ ထုတ်ဖော်နေတဲ့ ကျောင်းသားသပိတ်ကတော့ အခုအချိန်ထိ ရှိနေဆဲပါခင်ဗျာ။

XS
SM
MD
LG