သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုကျိုရှိ မြန်မာတွေ စိုးရိမ်


တိုကျိုရှိ မြန်မာတွေ စိုးရိမ်
တိုကျိုရှိ မြန်မာတွေ စိုးရိမ်

ဂျပန်နိုင်ငံက မြန်မာတွေ အနေများတဲ့ မြို့တော် တိုကျိုတဝိုက်မှာ ဒီကနေ့ မနက်ပိုင်းအထိ ငလျင်လှုပ်ခတ်မှုတွေ ရှိနေပါသေးတယ်။ တိုကျိုတဝိုက်မှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ ဒီကနေ့ စတင်လို့ သွားရေးလာရေး ပိုပြီး ခက်ခဲနေပါတယ်။ ပိုဆိုးတာက အစားအစာတွေ ဝယ်လို့မရသလောက် ဖြစ်နေတာပါပဲ။ နောက်ဆုံးအခြေအနေတွေကို သိနိုင်အောင် တိုကျိုမြို့တဝိုက်က မြန်မာတချို့ကို ကိုကျော်အောင်လွင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

တိုကျိုမြို့တော်မှာ ဒီကနေ့မနက်ပိုင်း ငလျင်တချက် ခပ်ပြင်းပြင်း ထပ်လှုပ်ခဲ့လို့ မြို့သူမြို့သားတွေ အထိတ်တလန့် ဖြစ်ခဲ့ရတဲ့အကြောင်း တိုကျိုရောက် မြန်မာအိမ်ရှင်မတဦးက ပြောပါတယ်။

“မနေ့ကညအထိ ငလျင်က လှုပ်တုန်းပေါ့။ လှုပ်တာမှ ဒီနေ့မနက် ဘယ်နှစ်နာရီလဲတော့ ကျမ အချိန်မမှတ်မိဘူး၊ တော်တော် ပြင်းပြင်းထန်ထန်ကြီးကို လှုပ်သွားတယ်။ သောကြာနေ့ကလောက်တော့ အချိန်မကြာဘူး။ ၅ မိနစ်လောက် မကြာဘူး။ စက္ကန့်ပိုင်းလောက် ပြင်းပြင်း လှုပ်သွားတယ်၊ ဒီနေ့မနက်ကိုပဲ။ အဲတော့ ငလျင်က မပြီးသေးဘူး၊ အသေးစားမျိုးကလည်း တနာရီတခါ၊ နှစ်နာရီတခါ၊ အဲလိုမျိုး ကျဲကျဲလာတယ်။ မနေ့ညက စပြီးတော့ ထပ်လာသေးတယ်၊ ဒီနေ့မနက်မှာ အကြီးစားတခါ။”

အခု နျူကလီးယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ဖြစ်နိုင်တယ်လို့ ပြောနေတဲ့ နေရာနဲ့ မြန်မာတွေ အနေများတဲ့ တိုကျိုမြို့နဲ့က မိုင် ၁၅၀ ကျော်လောက် ဝေးပါတယ်။ နျူကလီးယား ဓာတ်ရောင်ခြည် သင့်မှာကို စိုးရိမ်ရလို့ အာဏာပိုင်တွေ ထုတ်ပြန် သတိပေးချက်တွေအတိုင်း လိုက်နာဖို့ ပြင်ဆင်ထားရတယ်လို့ တိုကျိုမြို့နေ ဦးညွန့်ရွှေက ပြောပါတယ်။

“ဖြစ်နေတဲ့ နေရာက လူတွေကိုတော့ အိမ်ထဲကနေ တတ်နိုင်သလောက် အိမ်ပြင်ကို မထွက်ဘဲနဲ့ တံခါးတွေ အကုန်ပိတ်ထားပါ၊ အပြင်ကို ထွက်ချင်ရင်လည်း လုံလုံခြုံခြုံ ဝတ်ပေါ့၊ မျက်မှန်တွေ ဘာတွေ တပ်ပြီးတော့ ထွက်ပါပေါ့၊ ပြန်လာရင် ခါပါ၊ ပြုပါ၊ အထူးသဖြင့် ခေါင်းလျှော်ပါ။”

ကိုဝင်းမြင့်ဆိုတဲ့ တိုကျိုမြို့က ပုဂ္ဂိုလ်ကတော့ စားသောက်ဆိုင်တခုမှာ အလုပ်လုပ်တာပါ။ အခုကာလမှာ အလုပ်တွေ ပုံမှန်မဖွင့်တော့လို့ ရတဲ့အချိန်မှာ အလုပ်သွားလုပ်နေရတယ်လို့ ဆိုပါတယ်။

“တိုကျိုနဲ့ နျူကလီးယား ပေါက်တဲ့နေရာ တော်တော်ဝေးပေမဲ့ နည်းနည်း စိုးရိမ်မှုတော့ ရှိတာပေါ့ဗျာ။ ငလျင်လှုပ်ပြီး နောက်ပိုင်းမှာ တိုကျိုမှာရှိတဲ့ လူတွေရဲ့ စားဝတ်နေရေးကတော့ နည်းနည်း ကသီလင်တ ဖြစ်ပါတယ်။ များသောအားဖြင့် တိုကျိုမှာ ရောက်နေတဲ့ မြန်မာတွေက စားသောက်ဆိုင်မှာပဲ အလုပ်လုပ်ကြတော့ အလုပ်သွားနေတဲ့ အချိန်က ပြဿနာ မရှိပေမဲ့ အိမ်မှာနေတဲ့ လူတွေအတွက် ပြဿနာ အများကြီး ဖြစ်ပါတယ်။ စားရေး သောက်ရေးပေါ့၊ အစားအစာတွေ ဝယ်ရတာ ခက်ခဲသွားတယ်။ သောက်စရာလည်း မရှိတော့ဘူး၊ နွားနို့တို့၊ ဒိန်ချဉ်တို့ကအစ အကုန် ဘာမှ မရှိတော့ဘူး။ ဓာတ်ဆီတွေလည်း ဝယ်ဖို့အတွက် တန်းဆီနေကြရတယ်။”

မြန်မာအိမ်ရှင်မလေးကလည်း တိုကျိုမြို့မှာ အစားအစာ စုဆောင်းဖို့ ခက်နေတဲ့အကြောင်း သူ့အတွေ့အကြုံကို ရှင်းပြပါတယ်။

“တအားကို စိုးရိမ်ပြီး အခု အစားအသောက် ကိစ္စကို စိုးရိမ်လာတာပေါ့။ ဆန်တွေဆိုလည်း သွားဝယ်တာ ဘယ်လိုမှ မရှိဘူး။ စူပါမားကက် မပြောနဲ့၊ အသေးစား ကုမ္ပဏီတွေကအစ၊ ကျမ မနေ့က မနက်ဆို စောစောသွားတာပေါ့၊ ပေါင်မုန့်တွေ ဘာတွေကအစ အရန်အနေနဲ့ ထားဖို့ပေါ့၊ ရေတောင်မှ တဘူးပဲ ကျန်တယ်၊ ကျမ နောက်ဆုံးအနေနဲ့ ရလိုက်တာ။ အဲဒါတောင် မနက်အစောကြီး သွားဝယ်ရတာ။ ဂျပန်လူမျိုးတွေကအစ စိုးရိမ်နေပြီး ပစ္စည်းတွေ အကုန်လုံးကို သိုလှောင်ထားတာပေါ့။”

တိုကျိုမြို့သူမြို့သားတွေ ကြုံနေရတဲ့ နောက်ထပ် အခက်အခဲ တခုကတော့ သွားရေးလာရေးပါပဲ။

“လျှပ်စစ်မီးကို အချိန်နဲ့ ပိုင်းပြီးတော့ ရပ်ကွက်ကို ဖြတ်တယ်။ ဖြတ်တော့ ရထားတွေ ဘာတွေဆိုတာက ပုံမှန်ပြေးတဲ့ စင်းရေထက် အဆတွေ လျှော့ပြီး ပြေးကြတော့ ကသီလင်တ ဖြစ်တာပေါ့။ မတရားကို တန်းစီယူရတယ်။”

“ရထားတွေက ကျနော်တို့ဘက် မနေ့ကစပြီး ပိတ်နေတာ။ နာရီပိုင်းပဲ သူတို့က ဖွင့်ပေးလိုက်တယ်။ ဖွင့်ပေးလိုက်တော့ ကျနော် မနေ့က မြို့ထဲသွားတော့ လူ ၅၀၀ လောက်နောက်မှာ ဝင်တန်းစီရတယ်၊ ဘူတာအတွင်းထဲ ဝင်ဖို့ကို။”

“ရထားတွေ ၃ နာရီမှတခါ လာတာတို့၊ လာတဲ့အချိန်ကျတော့လည်း လူတွေက တအားများတယ်။ ကျမအနေနဲ့လည်း အလုပ်သွားဖို့ အရမ်း အခက်အခဲ ဖြစ်ပြီးတော့ ခွင့်ယူထားရတယ်။”

တိုကျိုမြို့တော်တဝိုက်မှာ နေထိုင်ကြတဲ့ မြန်မာပြည်သူပြည်သား တချို့က သူတို့ကြုံနေရတဲ့ အခြေအနေတွေကို ရှင်းပြခဲ့တာပါ။ အခုကြုံနေရတဲ့ ပြဿနာက ဘယ်လောက်အထိ ဆက်ပြီး ကြီးလာနိုင်သလဲ၊ အချိန်ဘယ်လောက် ကြာနေဦးမလဲဆိုတာ မသိနိုင်သေးလို့ စိုးရိမ်မှုတွေက ဆက်ပြီး ရှိနေကြတုန်းပါ။ အန္တရာယ်ကြုံလာရင် မြန်မာပြည်ပြန်ဖို့လည်း တချို့က စဉ်းစားနေကြတယ်လို့ ဆိုပါတယ်။

တိုကျိုမြို့က မြန်မာသံရုံးကတော့ ဒီနေ့နဲ့ မနက်ဖြန် ပိတ်တယ်လို့ ကြေညာချက် ထုတ်ထားပါတယ်။ ဘာပဲဖြစ်ဖြစ် မြန်မာတွေကတော့ ကိုယ့်ရဲ့ နိုင်ငံသားဆိုင်ရာ အထောက်အထား စာရွက်စာတမ်းတွေကို အဆင်သင့် ပြင်ထားကြတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG