သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ SSA-N တိုက်ပွဲဆက်လက်ဖြစ်ပွား


ရှမ်းပြည်နယ်မြေပုံ (Google)
ရှမ်းပြည်နယ်မြေပုံ (Google)

NCA အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့တဲ့မြောက်ပိုင်းရှမ်းပြည်တပ်မတော်ရဲ့ တာဆန်ဖူးတပ်စခမ်းနဲ့ ဝမ်ဟိုင်းဗဟိုဌာန ချုပ်ဘက်ကို မြန်မာအစိုးရစစ်တပ်ဘက်ကနေ ရက်ဆက်တိုက် ထိုးစစ်ဆင်နေခဲ့တာကြောင့် ဒေသခံ ကျေးရွာသား အများအပြားဟာလည်း စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။ ဒီအခြေအနေကိုတော့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

မြန်မာအစိုးရစစ်တပ်ဘက်ကနေ တာဆန်းဖူးတပ်စခန်းကို ထိုးစစ်ဆင်ခဲ့တဲ့အပြင် ကျေးသီးမြို့နယ်ထဲက ဝမ်းဟိုင်းဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလက အခုလိုပြောပါတယ်။

“တိုက်ပွဲအခြေအနေကတော့ ၁၁ ရက်နေ့မှာ နောက်ထပ်တကြိမ်တိုက်တာပါ။ တိုက်တာကတော့ အဲဒီ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချူပ်နဲ့ အောက်ခံတပ်ဖြစ်တဲ့ ခမရ ၅၂ဝ ရယ်၊ ခမရ ၅၇၇ ရယ်၊ ၂၉၆ ရယ် သုံးရင်းပါ။ ဝမ်းဟိုင်းဌာနနဲ့ နှစ်မိုင်၊ သုံးမိုင်လောက်ပေါ့၊ အဲဒီ ခြေကုပ် ယူထားတဲ့ တပ်စခန်းကနေပြီးတော့ ၁၂၀ လောင်ချာနဲ့ ကျနော်တို့ဝမ်ဟိုင်းဌာနချုပ်ကို ရှစ်လုံးလောက်ပေါ့ ပစ်ခတ်ခဲ့တယ်လေ။”

ဒီလိုပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် တာဆန်ဖူးဒေသမှာ နေထိုင်နေတဲ့ဒေသခံအများအပြားဟာ စစ်ဘေးလွတ်ရာ မိုင်းရှူးမြို့နဲ့ ဝမ်ဟိုင်း ဌာနချုပ်အနီး ဟိုင်းပါရွာဘက်မှာ စစ်ဘေးတိမ်းရှောင်နေရတယ်လို့လည်း ကျေးသီးမြို့နယ် ဒေသခံတဦးဖြစ်သူ စိုင်းရွှေသိန်းက အခုလို ပြောပါတယ်။

“တာဆန်ဖူးဘေးနားက ရွာပေါ့ဗျာ။ နားစီ၊ နောင်ခေတ်…ဆိုတဲ့ ကျေးရွာမှာ အဲဒီ ရွာတစ်ရွာတွေကတော့ တိမ်းရှောင်ထားတယ်ခင်ဗျ။ တချို့လည်း မှူးထက်ရွာ၊ တချို့လည်း မိုင်းနောင်ဘက် ရောက်လာတယ်။ တချို့လည်း သူရဘက်မှာ ရောက်လာတယ်ခင်ဗျ။ ရွာလုံးကျွတ်ဆိုတော့ အဓိကက ကလေးငယ်ရယ်၊ အဖိုးကြီး၊ အဖွားကြီးတွေ နောက်ပြီး အမျိုးသမီးတွေ များတယ်ခင်ဗျာ။ ထွက်ပြေးတယ်ဆိုတော့ ဘာမှတော့ မရခဲ့ဘူးဗျာ။ တချို့လည်း အဝတ်တစ်ထည် ကိုယ်တခုနဲ့ပေါ့၊ တချို့တော့ တန်ဖိုးကြီးတဲ့ပစ္စည်းတော့ သယ်လာတယ်။ မိုင်းနောင်မှာက ၆၇ ဦးရောက်နေတယ်။ တချို့လည်း ဘုန်းကြီးကျောင်းမှာ။ တချို့တော့ ကိုယ့်ဆွေမျိုး၊ သူ့ဆွေမျိုးပေါ့ဗျာ။ အိမ်မှာ လာပြီးတော့နေကြတယ်။”

အခုလို စိုက်ပျိုးရေးရာသီမှာ စစ်ဘေးတိမ်းရှောင်နေရတဲ့အတွက် သူတို့ရဲ့လုပ်ငန်းအတွက်ထိခိုက်မှု ရှိနေတယ်လို့ စိုင်းရွှေသိန်းက ပြောပါတယ်။

“ဒီအချိန်က ပြောင်းခြွေတဲ့အချိန်ကျတော့ လုပ်ဖို့အချိန်မရတော့ဘူးပေါ့ဗျာ- ဒီ လယ်ရယ်၊ ယာရယ်လည်း ဆုံးရှုံးမှုလည်းဖြစ်နိုင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ပိုင်ရှင်မရှိတော့ ကျွဲနွားတွေ ဝင်စားမယ်ဆိုရင်လည်း ပျက်စီးတယ်။”

မိုင်းရှူးမြို့နယ်၊ တာဆမ်ပူးဒေသက နားလေ နောင်ခေတ်အစရှိတဲ့ရွာသား (၄ဝဝ) ကျော်ကနေ စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရ တာလည်း ဖြစ်ပါတယ်။ ဒီစစ်ပြေးဒုက္ခသည်တွေအတွက် ရှမ်းနိုင်ငံရေးပါတီတွေကနေ စားသောက်ရေးနဲ့ပက်သက်ပြီး အကူညီပေးဆောင်ဖို့ စီစဉ်နေတယ်လို့လည်း စိုင်းရွှေသိန်းကပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ(၆) ရက်နေ့ကစပြီး မြန်မာ့တပ်မတော်ကနေ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSA တပ်စခမ်းချရာ မိုင်းရှူးမြို့နယ်ထဲက တာဆမ်ပူးတပ်စခမ်းကို စတင်ထိုးစစ်ဆင်တိုက်ခိုက်လာပြီး တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးလာခဲ့တာပါ။

မြန်မာ့တပ်မတော်အနေနဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSA တပ်စခမ်းကို ဝင်ရောက်တိုက်ခိုက်တာဟာ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး NCA လက်မှတ်မရေးထိုးတဲ့ အကြောင်းအရင်းကြောင့်လို့ SSPP ပြောခွင့်ရ ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။

“NCA ကိစ္စနဲ့ ကျနော်တို့ လက်မှတ်မထိုးဖြစ်သေးတဲ့အခြေအနေမှာပဲ သူတို့က အဲဒီလို ဖိအားပေးသလားလို့ ကျနော်တို့က ယူဆရတာပေါ့ နော်။ ၆ ရက် နေ့မှာ ကျနော်တို့ ချောင်းကူးပြီးတော့ အဲဒီ တာဆမ်ပူးဒီဖက်ကမ်းမှာရှိတဲ့ ကျနော်တို့ ဝမ့်ဟိုင်းဌာနချုပ်၊ လုံခြုံရေးယူနေတဲ့ ကျနော်တို့တပ်တွေကို ဝင်တိုက်တယ်။”

ပြီးခဲ့တဲ့ အောက်တိုဘာလ (၈) ရက်နေ့မှာလည်းရှမ်းပြည်တောင်ပိုင်း ကျေးသီးမြို့နယ်နဲ့ မိုင်းရှူးမြို့နယ်ထဲက တာဆမ်ပူးဒေသမှာ အခြေပြု လှုပ်ရှားနေတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော် SSPP/ SSA တပ်ဖွဲ့တွေ တပ်ဆုတ်ပေးဖို့ မြန်မာစစ်တပ် အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ ညွှန်ကြားချက်ပေး လာခဲ့တာပါ။

မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကိုထိုးစစ်ဆင်ရတာဟာ NCA အပစ်ရပ်လက်မှတ်ရေးထိုးရေးကိစ္စ ရပ်ကြောင့်မဟုတ်ဘဲ နယ်မြေရှင်းလင်းရေး ကိစ္စရပ် အတွက်လုပ်ဆောင်နေတာဖြစ်ကြောင်း အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်ဘက် အရာရှိတွေကနေပြောဆိုခဲ့ကြောင်းကိုလည်း ဗိုလ်မှူးကြီး စိုင်းလက ပြောပါတယ်။

လက်ရှိမြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင်နေတာကိုရပ်တန့်ပေးဖို့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကနေ UPWC က ပြည်ထောင်စုဝန်ကြီး ဦးစိုးသိမ်းကို တင်ပြထားပေမဲ့ တစုံတရာ အကြောင်းပြန်ကြားတာမရှိသေးဘူးလို့လည်း ဗိုလ်မှူးကြီးစိုင်းလက ပြောပါတယ်။ မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တို့အကြား အပစ်အခတ်ရပ်စဲရေးအတွက် တွေ့ဆုံဆွေးနွေးနေကြ ပေမဲ့လည်း တိုက်ပွဲတွေ ဖြစ်ပွားနေ သေးတဲ့ ဖြစ်စဉ်အပေါ် မြန်မာငြိမ်းချမ်းရေး စင်တာက တာဝန်ရှိသူတဦးဖြစ်သူ ဦးညိုအုန်းမြင့်က အခုလိုပြောပါတယ်။

“အပစ်အခတ်ရပ်စဲရေးလုပ်ထားတဲ့အတွက်ကြောင့်မို့လို့ တဘက်နဲ့တဘက်ကြား နားလည်မှုမရှိသေးပါရင် အပစ်အခတ် ဖြစ်နေသေးရင် ကျနော်တို့ နှစ်ဦး၊ နှစ်ဖက်ယုံကြည်မှုနည်းသေးတယ်လို့ ကျနော်ထင်ပါတယ်။ အဲတော့ ကျတော်တို့ ကြိုးစားနေတာက တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အတိုင်းအတာနဲ့ ပေါ့နော်၊ အပစ်အခတ်တွေ ရပ်စဲပြီးတဲ့အခါမှပဲ အနည်းဆုံးဖြစ်အောင်လို့ ကြိုးစားမှာဖြစ်ပါတယ်။”

မြောက်ပိုင်းရှမ်းပြည်တပ်မတော်နဲ့ မြန်မာငြိမ်းချမ်းရေးဖေါ်ဆောင်ရေးကော်မီတီတို့ဟာ ၂ဝ၁၂ခုနှစ် ဇန်နဝါရီလကုန်ပိုင်းမှာ အချက် (၇) ချက်ပါတဲ့ နှစ်ဘက်သဘောတူညီအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါပေမဲ့လက်မှတ်ရေးထိုးပြီးနောက်ပိုင်းမှာ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်ရဲ့ တာဆမ်ပူးကူးတို့ဆိပ် တပ်စခန်းကို နောက်ဆုတ်ဖယ်ရှားပေးဖို့ အောက်တိုဘာလမှာ မြန်မာအစိုးရက ညွှန်ကြားချက် ပေးလာခဲ့ပြီး တိုက်ပွဲတွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။

လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့အစည်းတွေရဲ့ စက်တင်ဘာလအကုန်အစည်းအဝေးကနေ KNU ကရင်အမျိုး သားအစည်းအရုံး၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် DKBA ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) အစရှိတဲ့အဖွဲ့ (၇) ဖွဲ့ အနေနဲ့ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့ကြသလို KIO ကချင်လွတ်လပ်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ မြောက်ပိုင်း ရှမ်းပြည်တပ်မတော်၊ TNLA တအာင်းပလောင် တပ်ဖွဲ့ အစရှိတဲ့အဖွဲ့ (၁ဝ) ဖွဲ့ကတော့ အားလုံးစုံမပါဝင်တဲ့အတွက် လက်မှတ်ရေးထိုးဖို့ ငြင်းဆန်ခဲ့ပါတယ်။

NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့ မြောက်ပိုင်းရှမ်းပြည်တပ်မတော်ကိုမြန်မာ့တပ်မတော်ကနေ ထိုးစစ်ဆင် တိုက်ခိုက်နေတဲ့လုပ်ရပ်နဲ့ ပက်သက်လို့ ရှမ်းပြည်တောင်ပိုင်းတပ်မတော် RCSS/ SSA နဲ့ကျားခေါင်းပါတီ SNLD ခေါ် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်တို့ကနေ အပြင်းအထန်ရှုတ်ချ ကန့်ကွက်ကြောင်း အောက်တိုဘာ ၈ ရက် နေ့စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

XS
SM
MD
LG