သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖားကန့်ပစ်ခတ်မှုနဲ့ ဆက်နွယ်မှု မရှိကြောင်း KIA ငြင်းဆို


ဒီရက်ပိုင်းအတွင်းဖြစ်ပွားခဲ့တဲ့ ဖားကန့်မြို့နယ်အတွင်း ပစ်ခတ်မှုဟာ ကချင် လွတ်လပ်ရေးအဖွဲ့ KIA နဲ့ပတ်သက်မှုမရှိဘူးလို့ ဒီဒေသတွင်းမှာ အခြေစိုက်တဲ့ အရင် KIA တပ်ရင်း၆ တပ်ရင်းမှူးဟောင်းက ပြောပါတယ်။ စနေနေ့ မနက် အစောပိုင်းက ဖြစ်ပွားတဲ့ပစ်ခတ်မှုမှာ အစိုးရတပ်က အရာရှိတဦးအပါအဝင် ၆ ယောက် သေဆုံးပြီး ဒါဟာ အချင်းချင်း မှားယွင်းပစ်ခတ်တာလို့ ဒေသခံတွေက ပြောဆိုတာတွေရှိပေမယ့် အခုချိန်ထိတော့ ဘယ်သူလက်ချက်ဆိုတာ အတည် မပြုနိုင်သေးပါဘူး။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အစိုးရတပ်ဖက်က အရာရှိအပါအဝင် လူ (၆) ယောက် သေဆုံးခဲ့တဲ့ ဒီပစ်ခတ်မှုဟာ ဖားကန့်မြို့နယ်၊ ကားမိုင်းမြို့နယ်ခွဲအတွင်းက နန့်ယားရွာ ဘုန်းကြီးကျောင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဖားကန့်ဒေသမှာ အခြေစိုက် လှုပ်ရှားနေတဲ့ အရင် KIA တပ်ရင်း (၆) ရဲ့ တပ်ရင်းမှူးဟောင်း ဒုဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ဒီပစ်ခတ်မှုဟာ KIA တပ်ဖွဲ့နဲ့ မပတ်သက်ကြောင်း အခုလို ပြောဆိုပါတယ်။

“အဲဒါ ကျနော်တို့နဲ့ ဘာမှ ပတ်သက်မှုမရှိဘူးဆိုတာ သက်သေအထောက်အထား အားလုံးရှိတယ်။ ဒီပတ်ဝန်းကျင်မှာ ကျနော်တို့ရဲဘော် တစ်ယောက်မှ မရှိဘူး။ ကျနော်တို့က ဘာသာရေးနဲ့ပတ်သက်တဲ့ ဘုရားကျောင်းတို့၊ စေတီပုထိုးတို့၊ ဘုရားကျောင်းဝင်းတို့ကို ပစ်ဖို့၊ ခတ်ဖို့ ကျနော်တို့ဘက်က အမိန့်မရှိဘူး။ ပစ်တဲ့ ရဲဘော်တွေမှာတော့ အများကြီး အပစ်ဒဏ်ခံရမှာပေ့ါနော။ ဘာသာရေးနဲ့ ပတ်သက်ရင် ဘယ်ဘာသာမဆို ဘာသာရေးကျောင်းဝင်းထဲမှာ ပစ်ဖို့ ခတ်ဖို့ အထက်က အမိန့်ကတော့ လုံးဝမရှိဘူး။”

နှစ်ဖက်တပ်တွေအကြား ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲတွေမဖြစ်အောင်လည်း အထက်က ညွှန်ကြားချက် ပေးထားတယ်လို့ ဒုဗိုလ်မှူးကြီး အင်ခွန်ဇော်ဒွဲက ဆက်ပြောပါတယ်။

“အခုလောလောဆယ်ကတော့ ပြဿနာမဖြစ်အောင် တပ်ရင်းတပ်ဖွဲ့တွေအားလုံး ထိန်းသိမ်းဖို့ အထက်က ညွှန်ကြားထားတာ အမြဲတမ်းရှိပါတယ်။ စစ်သား စုဆောင်းတာတို့၊ လူမျိုးရေးဖြစ်ပွားနိုင်တဲ့အတိုင်းအတာမျိုး အားလုံး ရှောင်ကျဉ် ဖို့၊ ငြိမ်းချမ်းရေးကို ပျက်စီးနိုင်တဲ့ စကားမျိုး၊ ထိပ်တိုက် ရင်ဆိုင်မှု ပက်ပင်းတိုးမှ ဖြစ်တဲ့ဟာမျိုးလည်း မဖြစ်အောင်တော့ ကိုယ့်အပိုင်းကနေ ရှောင်ကျဉ်ဖို့တော့ အမြဲတမ်း ညွှန်ကြားချက်ပေးပါတယ်။”

ကချင်ပြည်နယ်က ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့က ဦးအင်ရှန်ဆန်အောင် ကတော့ စနေနေ့ မနက်အစောပိုင်းက ဖြစ်ပွားတဲ့ပစ်ခတ်မှုဟာ အချင်းချင်း မှားယွင်းပစ်ခတ်တာဖြစ်တယ်လို့ ပြောပါတယ်။

“နမ့်ယားမှာ တပ်က အချင်းချင်းတိုက်ကြတာ။ ကားမိုင်းမြို့နယ်ထဲမှာပါ။ ဘုန်းကြီးကျောင်းမှာ အချင်းချင်းပဲ ကင်းစောင့်တဲ့လူလဲရမယ့် အချိန်မှာ ချော်လဲတာလား၊ ဘာလား အဲဒါနဲ့ သေနတ်လွတ်သွားတယ်ထင်တယ်။ သေနတ် (ကျည်) ထွက်သွားတော့ ရန်သူအောက်မေ့ပြီး ပစ်ကြ ခတ်ကြရင်းနဲ့ အိပ်နေတဲ့သူတွေရော ထပြီးပစ်ကြတော့ အချင်းချင်းထိသွားတဲ့သဘောလို့ အဲဒီလိုပဲ သိရပါတယ်။--ကလည်း အဲဒါ စုံစမ်းပေးပါဆိုလို့ စုံစမ်းပီးတော့ ကျနော်တို့ အကြောင်းကြားပြီးပါပြီ။”

ဒေသခံတွေကတော့ အစိုးရရဲ့ တပ်မ (၁၀၁) လက်အောက်ခံ (၁၄၀) က အချင်းချင်း မှားယွင်းပစ်ခတ်တာ ဖြစ်ကြောင်းနဲ့ သေဆုံးသူတွေ ထဲမှာ ဗိုလ်ကြီး တဦးပါဝင်ကြောင်းနဲ့ ဒီကနေ့မှာတော့ အခြေအနေဟာ ပုံမှန်အတိုင်းရှိနေကြာင်း ပြောပါတယ်။

ဒီသတင်းကို အတည်ပြုနိုင်ဖို့ ကားမိုင်းရဲစခန်းကို စုံစမ်းမေးမြန်းရာမှာ တာဝန်ကျရဲအရာရှိက အခုလို ပြောပါတယ်။

“ကျနော်တို့လည်း မသိသေးဘူးဗျ။ တပ်ဖွဲ့တစ်ဖွဲ့တော့ သွားကြတာပဲ။ ဘယ်လိုလဲ မသိသေးဘူး လောလောဆယ်။”

မြန်မာပြည်က ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသမှာ အရင်နှစ် ဇန်နဝါရီလ အတွင်းက အစိုးရတပ်နဲ့ KIA တို့အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလဆန်းပိုင်းမှာ နှစ်ဖက်ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးပြီးနောက် တိုက်ပွဲတွေ ငြိမ်သက်နေခဲ့ပါတယ်။

ဒီလအတွင်းမှာတော့ KIA အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ အစိုးရရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီအဖွဲ့ဟာ ကရင်ပြည်နယ် ဖားအံမြို့မှာ တွေ့ဆုံပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးဖို့ ရှိနေပါတယ်။
XS
SM
MD
LG