သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင် စစ်ပြေးဒုက္ခသည်တွေ ဝမ်းလျှောရောဂါဖြစ်


တရုတ်-မြန်မာနယ်စပ်အနီးက ကချင်ဒုက္ခသည်စခန်းတစ်ခု။
တရုတ်-မြန်မာနယ်စပ်အနီးက ကချင်ဒုက္ခသည်စခန်းတစ်ခု။
ကချင်ပြည်နယ်အတွင်း သင်္ကြန်ရက်မတိုင်မီက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အနည်းဆုံး ဒုက္ခသည် ၅၀၀၀ကျော်ဟာ တရုတ်နိုင်ငံနဲ့ မြန်မာပြည်အတွင်းက စစ်ရှောင်စခန်းတွေမှာ ထွက်ပြေးခိုလှုံနေရပါတယ်။ ဒီစစ်ရှောင် စခန်းတွေ ကို ရောက်နေသူတွေကို ပြင်ပက ထောက်ပံ့တာတွေ ရှိပေမဲ့ သောက်သုံးရေ နဲ့ နေရာထိုင်ခင်းအတွက် အခက်အခဲတွေ ရှိနေပြီး တချို့တွေဟာ ဝမ်းပျက်ဝမ်းလျှော တာတွေဖြစ်နေတယ်လို့ ကူညီ ကယ်ဆယ်ရေးဆောင်ရွက်နေ သူတွေက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ကချင်ပြည်နယ် မန်စီနဲ့ မိုးမောက်မြို့ နယ်တွေမှာ ဒီလ ၁၀ရက်နေ့ကနေစတင်ပြီး တပတ်ကျော်ကြာဖြစ်ပွားနေတဲ့ တိုက်ပွဲကြောင့် ဒေသခံတွေနဲ့ လဂတ်ယန် စစ်ရှောင်စခန်းက ဒုက္ခသည်တွေဟာ စစ်ဘေးလွတ်ရာကို ထွက်ပြေးနေကြ ရတာဖြစ်ပါတယ်။ လောလောဆည် တရုတ်ပြည်နောင်တောင်း ဖက် ကို တိမ်းရှောင်နေသူဟာ ၂ထောင်လောက်နဲ့ မန်စီမြို့နယ် မန်ဝိန်းကြီးနဲ့ ရှမ်းပြည်နယ် နမ့်ခမ်းဖက်ကို ၃ထောင် လောက် ရောက်နေတယ်လို့ ဝမ်ပေါင်နိမ်းထွဲခေါ် တရုတ်မြန်မာနယ်စပ်ဒေသက ဒုက္ခသည်အရေး ကူညီပေးနေတဲ့အဖွဲ့က ပြောခွင့်ရသူ ဒေါ်မေရီတွမ်က ပြောပါတယ်။

"တရုတ်ပြည်နယ်ဘက်မှာ နေနေရတော့ ငါးနေရာမှာနေနေတယ်။ အစုလိုက်၊ အစုလိုက် နေရတယ်။ အဲ့ဒီ့တော့ ဒီငါးနေရာက စုစုပေါင်း ခြောက် ရာကျော်ပေါ့နော်။ ခြောက်ရာကျော်က အများပြည်သူနေတဲ့နေရာ (Public Space) မှာ အဲ့လောက်ရှိတယ်။ နောက်ပြီး ဆွေမျိုးတွေအိမ်မှာ နေနေတဲ့သူတွေ၊ ကျမတို့မှန်းတာ တစ်ထောင်ပတ်ဝန်းကျင်ရှိတယ်။ တရုတ်ဘက်ခြမ်း ထွက်ပြေးတာက နှစ်ထောင်လောက်ရှိမယ်။ ခန့်မှန်းခြေပေါ့နော်။ ဗမာပြည်ဘက်ခြမ်းကိုကျတော့ မန်ဝိန်းကြီးနဲ့ နမ့်ခမ်းမှာက နဂိုကတည်းက ဧပြီ ၁၀ရက် စစ်မဖြစ်ခင်ကတည်းကကို ဒုက္ခသည် သုံးထောင်လောက်ရှိနေပြီးသား ရှိတယ်ပေါ့နော်။ အဲ့ထဲမှာမှ ဧပြီ ၁၀ရက်မှာ ထပ်တိုးသွားတာက သုံးထောင်ကျော်ကျော်ရှိတယ်။"

မန်ဝိန်းကြီးက ဒုက္ခသည်အရေး ကူညီနေသူတဦးကတော့ မန်ဝိန်းကြီးနဲ့ နမ့်ခမ်းဖက်ကို အသစ်ရောက်ရှိလာသူ ၃၀၀၀လောက်ရှိနိုင်ကြောင်း အခုလို ပြောပါတယ်။

"အဲ့လောက်တော့ရှိတယ်။ ကျနော်တို့ဆီမှာကျတော့ အဲ့လောက်မဝင်လာဘူး။ သူတို့ ကျနော်တို့ ဒီမှာက နေရာက မဆန့်တော့ နမ့်ခမ်း ဒုက္ခသည်စခန်းမှာ ခွဲထည့်တာတွေရှိတယ်။ ပြီးလို့ရှိရင် ရွာထဲမှာပဲပေါ့နော်။ သူတို့ ခင်ရာခင်ကြောင်း မင်ရာမင်ကြောင်း၊ အသိမိတ်ဆွေတွေဆီမှာ ခွဲပြီးနေနေတဲ့သူတွေလည်းရှိတော့ အဲ့လောက်တော့ရှိတယ်ခင်ဗျ။"

မန်ဝိန်းကြီးက နှစ်ချင်းနဲ့ ကက်သလစ်ခရစ်ယာန်ဘုရားကျောင်းက စခန်းတွေမှာတော့ လူ ၆၀၀လောက် အသစ် ဝင်ရောက်လာတယ် လို့ ပြောပါတယ်။ နမ့်ခမ်းဖက်မှာတော့ ၁၂ရက်နေ့လောက်တည်းက တိုက်ပွဲတွေ ငြိမ်သွားတာကြောင့် ရှမ်းဒုက္ခသည်တွေဟာ နေရပ်ရင်းပြန်သွားခဲ့ကြပြီး ကချင်ဒုက္ခသည် ၇၀၀ကျော်ဟာ နမ့်ခမ်းမြို့ အထက ၂ကျောင်းဝင်းအတွင်းမှာ ပဲ နေထိုင်နေဆဲဖြစ်ပါတယ်။

မန်ဝိန်းကြီး ဒုက္ခသည်စခန်းမှာတော့ ရေအခက်အခဲဖြစ်တာကြောင့် ဒုက္ခသည် တချို့ ဝမ်းပျက်ဝမ်းလျှော ဖြစ်နေတယ်လို့ သူက ဆက် ပြောပါတယ်။

" ဒုက္ခသည်က ရုတ်တရက်ထောင်နဲ့ချီ ဝင်လာတော့ ရေက တော်တော်လေး အခက်အခဲရောက်တဲ့အထဲမှာ ပါတယ်။ ရေအခက်အခဲဖြစ်တော့ ရောဂါ၊ ဝမ်းရောဂါက နောက်ဆက်တွဲပြဿ နာ ပြန်ဖြစ်လာတာပေါ့။ ပြီးလို့ရှိရင် တချို့က တစ်ခါမှ ဒီ့လောက် ကြီးကြီးကျယ်ကျယ် မကြုံဖူးတော့ တချို့ Heart Attack တွေ ဖြစ်လာတာပေါ့။ ဖောက်လာတာတော့ရှိတယ်ဗျ။"

တရုတ်မြန်မာနယ်စပ်နဲ့ မြန်မာပြည်အတွင်းက ဒုက္ခသည်တွေကိုတော့ လူမှုကူညီရေးအသင်းတွေ၊ ကုလသမဂ္ဂအဖွဲ့အစည်းတွေက စားနပ်ရိက္ခာ၊ စောင်၊ အဝတ်အစားနဲ့ လူသုံးပစ္စည်းတွေ ကူညီထောက်ပံ့သလို မြောက်ပိုင်း တိုင်းစစ်ဌာနချုပ်ကလည်း ဆန်နဲ့ ခေါက်ဆွဲခြောက် ကျပ်ငွေ သိန်း ၃၀ ဖိုး ကူညီထောက်ပံခဲ့ပါတယ်။

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၁ခုနှစ် ဇွန်လက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် ကချင်ဒုကသည် တစ်သိန်းခွဲကျော်ဟာ တရုတ်မြန်မာနယ်စပ်ဒေသက ကချင်လွတ်လပ်ရေး အဖွဲ့ ထိန်းချုပ်ရာဒေသတွေနဲ့ ကချင်ပြည်နယ်အတွင်း ကမြို့ကြီးတွေမှာ တိမ်းရှောင်နေကြရပါတယ်။

ဒီလဆန်းပိုင်းကတော့ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအကြား တပြည်လုံးအပစ်အခတ် ရပ်စဲရေးအတွက် စာချုပ် မူကြမ်းတစောင်ရေးဆွဲ ခဲ့ကြပေမဲ့ ကချင်ပြည်နယ်အတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ရှိပြီး ဒုက္ခသည်တွေ ဟာ နေရပ်မပြန်နိုင်သေးသလို ဒုက္ခသည်အသစ်တွေလည်း ထပ်မံတိုးပွားလာနေတာဖြစ်ပါတယ်။
XS
SM
MD
LG