ထိုင်းနိုင်ငံက အလုပ်ရှင်တွေအနေနဲ့ ရွှေ့ပြောင်းလုပ်သားတွေကို ဥပဒေအတိုင်း ခန့်အပ်ဖို့ ထိုင်းပြည်ထဲရေးဌာနက ဖိအားပေးခဲ့ပြီးနောက် မဲဆောက်မြို့မှာ မြန်မာအလုပ်သမား ၃ ပုံ ၁ ပုံလောက် အလုပ်ဖြုတ်ခံခဲ့ရပါတယ်။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်နေကြတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို ဥပေဒေနဲ့အညီ တန်းတူ အခွင့်အရေးပေးဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခရီးစဉ်အတွင်း တောင်းဆိုခဲ့ပြီးနောက်မှာ လုပ်အားခ တန်းတူမပေးနိုင်တဲ့ ကုမ္ပဏီတွေက အလုပ်သမားတွေကို လျှော့ချခဲ့တာပါ။ ခုလို အလုပ်ကနေ အဖြုတ်ခံရတဲ့ အလုပ်သမားတွေအနေနဲ့ နောက်ဆက်တွဲ ခံစားခွင့်တွေ ရပါ့မလားလို့ စိုးရိမ်နေကြတဲ့ အခြေအနေကို ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက တင်ပြထားပါတယ်။
ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ထိုင်းဥပဒေအတိုင်း အခွင့်အရေးပေးဖို့အတွက် မြန်မာနိုင်ငံက အကြီးအကဲ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံကိုလာခဲ့တဲ့ ၃ ရက်တာ ခရီးစဉ်အတွင်း ထိုင်းအစိုးရကို တောင်းဆိုခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ ထိုင်းပြည်ထဲရေးဌာနဘက်ကနေ အလုပ်ရှင်တွေကို ဖိအားပေးမှုတွေ ရှိလာတာပါ။ ဒီရက်ပိုင်းအတွင်းမှာပဲ မဲဆောက်မြို့က ညစောင့်အလုပ်သမားတွေကို ငှားရမ်းတဲ့ကုမ္ပဏီတွေက မြန်မာအလုပ်သမား ၃ ပုံ ၁ ပုံ လောက်ကို လျှော့ချတာတွေ လုပ်လာခဲ့ပြီးတဲ့နောက် ညစောင့် အလုပ်သမား ၁၀၀ ကျာ်ဟာ အလုပ်ဖြုတ်ပစ်တာ အလုပ်ကနေ ရပ်နားထားတာကို ကြုံခဲ့ရပါတယ်။ ညစောင့်လုပ်သက် ၈ နှစ်ကျော်ရှိတဲ့ အလုပ်သမားတဦးကတော့ လက်ရှိမှာ လစာမပေးဘဲ ရပ်ဆိုင်းတာ ခံလိုက်ရတယ်လို့ ဆိုပါတယ်။
“ထိုင်းနိုင်ငံမှာ ညဘက် လုံခြုံရေးစောင့်တဲ့ လူက အလုပ်သမား တဖွဲ့တဖွဲ့ဆို လူ ၁၀၀ ကျော်လောက် ရှိတယ်ပေါ့နော်။ အဲဒီ ၁၀၀ ကျော်ရှိတဲ့အထဲမှာ ကုမ္ပဏီတွေကနေ ခေါ်ထားတဲ့လူတွေ ရှိတယ်။ အဲဒီရှိတဲ့လူတွေက တကုမ္ပဏီကို အနည်းဆုံး ကုမ္ပဏီ ၃ ခု ရှိတယ်ပေါ့။ ၃၀၊ ၄၀ ကျော် ပြုတ်တယ်။ ဒေါ်စုပြန်သွားပြီးတဲ့အခါကျ ကျနော်တို့ ဒီ မြန်မာလုံခြုံရေးအစောင့်တွေကို ဖယ်လိုက်တယ်။ သူတို့ ထိုင်းတွေကိုပဲ တနေ့ ၃၀၀ ပေးမယ်ပေါ့နော်။”
သူတို့လိုမျိုး လုပ်သက်ကြာနေတဲ့ အလုပ်သမားတွေက ဝင်ငွေ ၄ ထောင်ကျော်သာ ရရှိကြပါတယ်။ လုပ်သက်မကြာသေးတဲ့ အလုပ်သမားတွေကိုတော့ နစ်နာကြေး ဘာမှမပေးဘဲ ထုတ်ပစ်ခဲ့တာပါ။ အဲဒီအတွက် ဘာခံစားခွင့်မှ မရမှာကို စိုးရိမ်နေကြပါတယ်။
“အခု ကျနော်တို့ အလုပ်လုပ်လာတာက ၈ နှစ် ၉ နှစ်ထဲမှာ ရောက်နေပြီ။ အခု ဗြုန်းကနဲဆို နားခိုင်းလိုက်တဲ့အခါကျတော့ ကျနော်တို့ကို လစာပေးမလား၊ ဘယ်လိုမျိုး ခံစားခွင့်ပေးမလဲဆိုတာ လာမယ့် ၁၀ ရက်နေ့ကျမှ သိရမယ်။ ဒါပေမဲ့ အခု တခြားအလုပ်ကို လုပ်ဖို့ကျတော့လည်း ကျနော်တို့မှာ မလွယ်ဘူးလေ။”
ရွှေ့ပြောင်းအလုပ်သမား ၂ သိန်းကျော်လောက်ရှိတဲ့ မဲဆောက်မြို့မှာတော့ နယ်စပ်ဖြစ်တာကြောင့် တရားမဝင် အလုပ်သမားတွေလည်း အများအပြား ရှိနေတာပါ။ စက်ရုံ အလုပ်ရုံတွေမှာဆိုရင်လည်း အလုပ်သမားတဦးကို ဥပဒေပါ လုပ်အားခမျိုး ပေးတာမဟုတ်ဘဲ တနေ့အနည်းဆုံးဘတ်ငွေ ၇၀ ကနေ အများဆုံး ၁၈၀ လောက်ထိပဲ လုပ်အားခကို ပေးကြပါတယ်။ ၂၀၁၆ ခုနှစ်ပိုင်းမှာတော့ ဥပဒေတွေက တင်းကြပ်လာတဲ့အတွက် အလုပ်ရှင်တွေဘက်က တနေ့ ဘတ်ငွေ ၃၀၀ ရကြောင်း လက်မှတ်ထိုးခိုင်တာတွေ ရှိလာပါတယ်။
“စက်ရုံမှာလုပ်တဲ့ဥစ္စာက ၁၀၀၊ ၁၂၀ ပေါ့ လက်မှတ်ကတော့ ၃၀၀ ထိုးခိုင်းတာပေါ့။”
ထိုင်းနိုင်ငံမှာ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃ သန်းထက်မနည်း အလုပ်လုပ်ကိုင်နေပြီး ရေလုပ်ငန်း၊ စက်ရုံလုပ်ငန်းတွေနဲ့ အလုပ်အမျိုးအစား ၂၀ ကျော်ကိုသာ လုပ်ဖို့အတွက် ထိုင်းအစိုးရက သတ်မှတ်ထားထားပါ။ ဒါပေမဲ့ အလုပ်ရှင်တွေကတော့ နားလည်မှုတွေနဲ့ ဈေးပေါပေါရတဲ့ မြန်မာအလုပ်သမားတွေကို ခန့်ထားကြပါတယ်။ ထိုင်းနိုင်ငံရဲ့ မြို့ကြီးအတော်များများက ဈေးတွေ၊ ကုန်တိုက်၊ ဓာတ်ဆီဆိုင်၊ ကုမ္ပဏီ စတဲ့နေရာတွေမှာ အရောင်းဝန်ထမ်းတွေ အများစုဟာ နိုင်ငံခြားသား အလုပ်းသမား အများစုကို ခန့်အပ်ထားတာပါ။ ဒီထဲမှာ မြန်မာနိုင်ငံသားတွေကတော့ အများစု ဖြစ်ပါတယ်။
တကယ်တော့ ထိုင်းနိုင်ငံထဲမှာ တရားဝင် အလုပ်လုပ်ခွင့်ရတဲ့ အလုပ်တွေထဲမှာ ဒီလို အလုပ်တွေ မပါပါဘူး။ ဒါပေမဲ့လည်း နိုင်ငံခြားသား အလုပ်သမားတွေကို ဆက်ပြီး ငှားရမ်းထားတာ ဖြစ်ပါတယ်။ ထိုင်းအစိုးရက လုပ်ခွင့်မရှိတဲ့ အလုပ်တွေမှာ လုပ်ကိုင်နေတာကိုတွေ့ရင် သတင်းပေးကြဖို့နဲ့ တွေ့ရှိရင် ပုဒ်မ (၅၄) အရ ထောင် ၅ နှစ်နဲ့ ဒဏ်ငွေ ထိုင်းဘတ်၂၀,၀၀၀ ကနေ ဘတ် ၁၀၀,၀၀၀ အထိ ဒဏ်ဆောင်ရမှာဖြစ်ပြီး အလုပ်ခန့်ထားတဲ့ အလုပ်ရှင်လည်း အရေးယူခံရမှာ ဖြစ်တယ်လို့ ထိုင်းပြည်ထဲရေးဌာနက မကြာခင်ကပဲ သတင်းထုတ်ပြန်ထားပါတယ်။