သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံတွေ့ဆုံပွဲ မြန်မာ လူငယ် သပိတ်မှောက်


အာဆီယံလူငယ်တွေ့ဆုံပွဲ မြန်မာလူငယ်တွေ သပိတ်မှောက် သတင်းဓာတ်ပုံ- ဦးစိုးအောင်
အာဆီယံလူငယ်တွေ့ဆုံပွဲ မြန်မာလူငယ်တွေ သပိတ်မှောက် သတင်းဓာတ်ပုံ- ဦးစိုးအောင်

အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့ အာဆီယံလူငယ်ခေါင်းဆောင်တွေရဲ့ ဒီကနေ့ တွေ့ဆုံပွဲ ကို မြန်မာ လူငယ်ခေါင်းဆောင်တွေ မတက်ရောက်ပဲ သပိတ်မှောက်ခဲ့ပါတယ်။ ဖမ်းဆီးခံမြန်မာကျောင်းသားတွေပြန် လွှတ်ပေးရေး၊ မြန်မာနိုင်ငံ ပညာရေး ဥပဒေပြင်ဆင်ရေး အပါအဝင် အာဆီယံ လူငယ်ထုရဲ့ နစ်နာချက်တွေကို တွေ့ဆုံပွဲမှာ တင်ပြခွင့် မရတာကြောင့်ဖြစ် တယ်လို့ မြန်မာလူငယ် ကိုယ်စားလှယ်အဖွဲ့က ပြောပါတယ်။ မအင်ကြင်းနိုင် က အကြောင်းစုံပြောပြမှာပါ။

အာဆီယံလူငယ်တွေ့ဆုံပွဲ မြန်မာသပိတ်မှောက်- သတင်းဓာတ်ပုံ ဦးစိုးအောင်
အာဆီယံလူငယ်တွေ့ဆုံပွဲ မြန်မာသပိတ်မှောက်- သတင်းဓာတ်ပုံ ဦးစိုးအောင်

မလေးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီး အစည်းအဝေးပွဲကို တက်ရောက် လာတဲ့ အာဆီယံခေါင်းဆောင်တွေနဲ့ ဒေသတွင်း (၁၀)နိုင်ငံကို ကိုယ်စားပြုတဲ့ လူငယ်ကိုယ်စားလှယ်တွေဟာ တနင်္လာနေ့ နေ့လည်ပိုင်းက မိနစ် (၃၀)ကြာ တွေ့ဆုံခဲ့ကြတာပါ။ ဒီတွေ့ဆုံပွဲကိုမြန်မာ လူငယ်ခေါင်းဆောင်တွေ ဘက်က မတက်ရောက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို မြန်မာလူငယ် ကိုယ်စားလှယ် မဖွေးယုမွန်က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

" အကြောင်းချက် နှစ်ချက်ရှိတယ်ပေါ့။ တချက်ကတော့ ကျောင်းသားတယောက်ကို သူတို့ပယ်ချတဲ့ အတွက်ကြောင့်ရယ် ကိုယ်စားလှယ်အနေနဲ့။ ပြီးတော့ သူတို့ အစိုးရဘက်က မြန်မာ အစိုးရဘက်က လူငယ်ကိုယ်စားလှယ်တယောက် ထည့်တာ အတွက်ကြောင့်ရယ်။ နောက်တချက်က ညှိလို့မရတဲ့အတွက် ညှိလို့မရဘူး ဆိုတာ မြန်မာဘက်က တင်ချင်တဲ့အကြောင်းအရာတွေ ။ တင်ချင်တဲ့ အကြောင်းအရာတွေမှာလည်း မြန်မာပြည်က လူငယ်တွေအတွက်ပဲ မဟုတ်ဘူး။ ဒီဆယ်နိုင်ငံလုံးက လူငယ်တွေကြုံရနေတဲ့အခက်အခဲတွေကို တင်တဲ့ဟာကို တင်လို့မရတဲ့အတွက်ကြောင့်ရယ်"

မေး။ ။ အဲ့တော့ မြန်မာနိုင်ငံက ကိုယ်စားလှယ်တွေက အာဆီယံခေါင်းဆောင်တွေ နဲ့ တွေ့ဖို့ ညှိကြတဲ့အခါမှာ ညှိလို့မရတဲ့အချက်တွေ ဘာကြောင့်ဖြစ်ရတယ် ဆိုတာ ပြောပြပါဦးရှင့်။

" ၂၅ရက်နေ့က ကျျမတို့ အကြိုအစည်းအဝေး လေး လုပ်တယ်။ လူငယ်တွေကြား ထဲမှာ။ ဘာရလဲ ဆိုတော့ ငါးမိနစ်စာ ရတယ် ဒီဘက်က လူငယ်တွေက တင်ပြဖို့၊ နာရီဝက် အတွင်းမှာ၊ အဲ့ဒီ့မှာ မလေးရှား တယောက်ကပဲ ပြောခွင့်ရ မယ်ပေါ့နော်။ အဲ့ဒီ့အပေါ်မှာပဲ ကျမတို့က ဆွေးနွေးကြတယ်။ ဘယ်အချက်တွေ လုပ်မယ် ဆိုတာ။ အဲ့ဒီ့အပေါ်မှာ မလေးရှားက သူပြင်လာတဲ့အပိုင်းရှိတယ်။ စာမျက်နှာ နှစ်မျက်နှာစာ၊ ဆိုတော့ အကြိုအစည်းအဝေးမှာကတည်းက ကျမတို့ ညှိလို့မရတာတွေရှိတယ်။ မလေးရှားက အိမ်ရှင်ဖြစ်နေတဲ့အခါပေါ်မှာ ကျမတို့ တောင်းဆိုချင်တဲ့ အရာ၊ ပြောချင်တဲ့ အရာတွေက နိုင်ငံရေးဆန်နေတယ်။ ကျောင်းသားကိစ္စလိုမျိုး သူတို့တွေက ပယ်ချတယ်။ ဘာဆို ဘာမှ ပြောလို့မရဘူး။

နောက်တချက်က ကျောင်းသားဘက်က လူငယ်ကိုယ်စားလှယ်ကို သူတို့ ပယ်ချထားတဲ့ အတွက်ကြောင့်မို့ ကျမတို့ မြန်မာနိုင်ငံက လူငယ် ကိုယ်စားလှယ် အနေနဲ့ မတက်ရောက်တဲ့ဘက်မှာ ကျမတို့ Withdraw လုပ်လိုက်တယ်။ ကျမတို့လည်း MOFA ကိုလည်း အကြောင်းကြားတယ်။ ဒီမှာ ဘယ်လိုမှ ဆက်တက်လို့မရတော့ဘူး ကိစ္စ။ ဒါဟာ ဘယ်လိုမှ ဒီမိုကရေစီနည်းလမ်းကျတဲ့ Process ကြီး တခု မဟုတ်နေဘူးဆိုပြီး ကျမတို့ Withdraw လုပ်လိုက်တယ်။အစိုးရဘက်က လူငယ်တယောက်ကို တင်သွင်းထားတာရှိတယ်။ အဲ့လူငယ် တယောက်ကတော့ တက်တယ်ပေါ့နော်။ "

အာဆီယံဒေသတွင်း လူငယ်တွေရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အာဆီယံ အစိုးရတွေနဲ့တွေ့ဆုံဆွေးနွေးတဲ့အစီစဉ်ကို မနှစ်က မြန်မာမှာကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ ပထမဆုံးအကြိမ် စတင်ခဲ့တာပါ။ ဒါပေမယ့် ဒီနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံလူငယ်တွေရဲ့အစည်းအဝေးမှာ အစိုးရတွေဘက်က ချုပ်ကိုင်မှုတွေရှိနေခဲ့တယ်လို့ မဖွေးယုမွန်ကဆိုပါတယ်။

"ဒီနှစ်က ဘာဖြစ်လဲဆိုတော့ အစိုးရဘက်က သူတို့ရဲ့ လူတွေကိုချည်းပဲ အကုန်ထည့်ထားတယ်ပေါ့နော်။ မလေးရှား၊ ကမ္ဘောဒီယား၊ လာအို နို်င်ငံတွေ အကုန်လုံးက သူတို့အစိုးရရဲ့ လူငယ်တွေပဲ ဖြစ်နေတယ်။ နောက်တခုက အိမ်ရှင် မလေးရှားက လူငယ်ကိုယ်တိုင်က လူငယ်တွေရဲ့ ကိစ္စထဲမှာ ထဲထဲဝင်ဝင် ပါမနေတာရယ်၊ လတ်တလော လူငယ်တွေ ကြုံုနေရတဲ့ အခက်အခဲကို သူတို့ အလေးမထားဘူး။ အစိုးရတွေကို ကြောက်တယ်ပေါ့နော်။ သူတို့အစိုးရကို သူတို့ ဘယ်လို ကာကွယ်ရမလဲဆိုတာပဲ သူတို့ စဉ်းစားတယ်။ အဲ့ဒီ့အချိန်မှာ ကျမတို့ ဘယ်လိုမှ ညှိလို့မရဘူး။ ကျမတို့ပြောချင်တာက အထူးသဖြင့် မြန်မာနိုင်ငံမှာတော့ လူငယ်တွေ ပညာရေးကိစ္စ အထူးသဖြင့် အခြေခံကျဆုံး အခွင့်အရေးဖြစ်တယ်။ အဲ့ဒီ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတယ်။ ကျောင်းသားတွေ ထောင် ထဲ ရောက်နေ တယ်။ နောက် တချက်က ရွှေ့ပြောင်းလုပ်သမားတွေ ကိစ္စတွေ အဲ့တာမျိုးတွေ အများကြီးရှိနေတယ်။ အဲ့တာတွေကို ကျမတို့ လုံးဝကို ပြောလို့မရဘူး။ သူတို့လည်း ပြောခွင့်မရအောင် ပိတ်ထားတယ်။ ညှိတာ ဘာဆို ဘာမှကို ပြောလို့မရပါဘူး။ အဲ့ဒီ့အတွက် မြန်မာဘက်က လူငယ်ကိုယ်စားလှယ်ကတော့ မတက်ပါဘူး။

မေး။ ။ အခု အာဆီယံခေါင်းဆောင်တွေက အာဆီယံ လူထု အသိုင်းဝိုင်းကြီးပေါ်ပေါက်အောင် ဆွေးနွေးနေကြတယ်ဆိုတာမျိုး လက်ရှိ အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်ပြီး ညီမရဲ့ သဘောထားအမြင် ဘယ်လိုရှိလဲရှင့်။

"အာဆီယံထိပ်သီးဆွေးနွေးပွဲတွေက အထူးသဖြင့် ဘာကိုပဲ အဓိက ထားပြီး ဆွေးနွေးလဲ ဆိုရင် စီးပွားရေးရင်းနှီးမြုပ်နှံမှု Cooperation တွေကိုပဲ အဓိက ထားပြီး ဆွေးနွေးတယ်ပေါ့။ လူထုဗဟိုပြုသော အာဆီယံ ကွန်မြူနတီတို့ ဘာတို့ ပြောနေပေမဲ့ တကယ်တမ်း လူထုရဲ့အသံကို နားထောင်နေတဲ့ အကြောင်းအရာ တခုမှ ပါမလာဘူး။ အဲ့တာတွေကို ကျမတို့က ဘယ်မှာတွေ ပြန်ကြည့်နိုင်လဲ ဆိုတော့ အာဆီယံ လူထုဖိုရမ်က ကိုယ်စားလှယ်တွေ နဲ့ တွေ့ဆုံတဲ့ပွဲတို့ လူငယ်တွေနဲ့ တွေ့ဆုံတဲ့ပွဲတွေမှာဆိုရင် ကျမတို့ အများကြီးသိနိုင်တယ်ပေါ့။

အာဆီယံလူငယ် နဲ့ လူထု အစည်းဝေးပွဲတွေကို ဧပြီလ (၂၁)ရက်နေ့ကနေ (၂၄)ရက်နေ့ ထိ ကွာလာလမ်ပူမြို့တော်မှာကျင်းပခဲ့တာပါ။ အာဆီယံလူငယ်ဖိုရမ် အစည်းအဝေးကို မြန်မာနိုင်ငံ ကိုယ်စားပြုပြီး တက်ရောက်ခဲ့ကြသူတွေကတော့ Sprit in Education Movement က မဖွေးယုမွန်၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ က ကိုမော်စီခေါ် ကိုဘုန်းပြည့်ကြွယ်၊ တက္ကသိုလ်ကျောင်းသားများ တကသ သမဂ္ဂ ကိုယ်စားလှယ် ကိုဇေယျာလွင် နဲ့ အမျိုးသား လူငယ်ကွန်ကရက်က မသက်စုရည်နဲ့ ကိုလွန်ဇောင်းတို့ ဖြစ်ပါတယ်။

XS
SM
MD
LG