သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကွယ်လွန်သူသမ္မတဟောင်းရဲ့ မိသားစုသီးသန့်ဈာပန

သမ္မတဟောင်း George W. Bush နှင့် ဇနီး Laura Bush
သမ္မတဟောင်း George W. Bush နှင့် ဇနီး Laura Bush

ကွယ်လွန်သူ ၄၁ ဆက်မြောက် အမေရိကန်သမ္မတ George H.W. Bush ကို သူနေထိုင်ရာ Texas ပြည်နယ်၊ Houston မြို့က သီးသန့် ဈာပနအခမ်းအနားမှာ မိသားစုက ဒီကနေ့ နောက်ဆုံးအဖြစ် နှုတ်ဆက်ဂါရဝပြုမှာ ဖြစ်ပါတယ်။

ဝါရှင်တန်ဒီစီကနေ လေယာဉ်နဲ့ ပြန်သယ်လာတဲ့ သမ္မတဟောင်းရဲ့ ရုပ်အလောင်းကတော့ မနေ့ညနေပိုင်းမှာပဲ Houston မြို့ကို ရောက်လာခဲ့ပြီး၊ St. Martin's Episcopal ဘုရားကျောင်းမှာ နိုင်ငံတော်အလံ လွှမ်းခြုံထားတဲ့ ရုပ်အလောင်းကို အများပြည်သူ နောက်ဆုံးဂါရဝပြုနိုင်အောင် ခင်းကျင်းထားခဲ့တာပါ။

ဒီကနေ့ မိသားစုရဲ့ သီးသန့်ဈာပနအခမ်းအနား အပြီးမှာတော့ သမ္မတဟောင်းကို Houston မြို့မြောက်ဖက် ကီလိုမီတာ ၁၂၀ လောက် အကွာမှာရှိတဲ့Texas A&M တက္ကသိုလ်ဝင်းထဲက သမ္မတစာကြည့်တိုက်အနီးမှာ မြှုပ်နှံမှာ ဖြစ်ပါတယ်။ သမ္မတရဲ့ ရုပ်အလောင်းကိုတော့ ဧပြီလထဲ အသက် ၇၃ နှစ်အရွယ်မှာ ကွယ်လွန်သွားတဲ့ ဇနီးဖြစ်သူ Barbara နဲ့ ၁၉၅၃ ခုနှစ်တုန်းက သွေးကင်ဆာရောဂါနဲ့ သေဆုံးသွားတဲ့ သမီးဖြစ်သူ Robin တို့နဲ့ အတူယှဉ်တွဲ မြှုပ်နှံမှာပါ။

အသက် ၉၄ နှစ်အရွယ်၊ ပြီးခဲ့တဲ့ သောကြာနေ့က ကွယ်လွန်သွားတဲ့ သမ္မတဟောင်း Bush ရဲ့ မနေ့တုန်းက ဝါရှင်တန်ဒီစီက နိုင်ငံတော်ဈာပန အခမ်းအနားမှာတော့ အမေရိကန်သမ္မတ ၅ ယောက် တက်ရောက်ခဲ့ကြပါတယ်။ ပြည်သူ့ဝန်ထမ်းဘဝဟာ မြင့်မြတ်ကြောင်း ဖခင်ဖြစ်သူက သင်ကြားခဲ့ကြောင်းလည်း သားဖြစ်သူ ၄၃ ဆက်မြောက် အမေရိကန်သမ္မတ George W.Bush က National Cathedral ဘုရားကျောင်းမှာ ကျင်းပခဲ့တဲ့ ဈာပနအခမ်းအနားမှာ ပြောကြားခဲ့တာပါ။ ကွယ်လွန်သူ သမ္မတဟောင်းရဲ့ ဆန္ဒအရ ဈာပနအခမ်းအနားမှာ လက်ရှိသမ္မတ Donald Trump က အစဉ်အလာ အမှတ်တရ စကားပြောတာမျိုးတော့ မရှိခဲ့ပါဘူး။

ဈာပနအခမ်းအနား မတိုင်ခင်မှာတော့ သမ္မတ Trump က Bush မိသားစုနဲ့ တွေ့ဆုံဖို့ မျှော်လင့်ထားပြီး၊ ဈာပန အခမ်းအနားဆိုတာမျိုးထက်၊ ဘဝတလျှောက် ထူးခြားပြောင်မြောက်အောင် စွမ်းဆောင်ခဲ့သူတဦးကို ဂုဏ်ပြုတဲ့ နေ့တနေ့ ဖြစ်ကြောင်းနဲ့ ကွယ်လွန်သူ သမ္မတဟောင်းကို အောက်မေ့ သတိရနေမှာ ဖြစ်ကြောင်းလည်း Twitter လူမှုကွန်ရက်ကနေ ပြောဆိုခဲ့တာပါ။ Bush မိသားစုနဲ့ အရင်က လူသိရှင်ကြား အချင်းများခဲ့ဖူးတဲ့ သမ္မတ Trump က သမ္မတဟောင်းကွယ်လွန်တဲ့အပေါ် ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် မနေ့တုန်းက အစိုးရရုံးတွေ၊ လုပ်ငန်းတွေကို အားလပ်ရက်အဖြစ် သတ်မှတ်ပေးခဲ့ပါတယ်။

ကွယ်လွန်သူသမ္မတဟောင်းရဲ့ မိသားစုသီးသန့်ဈာပန
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG