သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာစစ်တပ်နဲ့ စီးပွါးဘက်ကုမ္ပဏီတွေ ဖိအားပေးခံရဖွယ်ရှိ


Marzuki Darusman
Marzuki Darusman

မြန်မာဗိုလ်ချုပ်တွေကို ဘဏ္ဍာရေးအရ အထီးကျန်စေဖို့ ကုလသမဂ္ဂက ကြိုးပမ်းနေချိန်မှာ မြန်မာစစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ ဖက်စပ် အလုပ်လုပ်နေတဲ့ နိုင်ငံခြား ကုမ္ပဏီတွေအနေနဲ့ စစ်တပ်နဲ့ ဆက်ဆံရေး ရပ်ဆိုင်းဖို့ နိုင်ငံတကာရဲ့ ဖိအားပေးမှုကို ခံရပါတော့မယ်။ ဒီ အကြောင်း ဗွီအိုအေ သတင်းထောက် Joshua Carroll ပေးပို့ထားတဲ့ သတင်းလွှာကို ကိုရဲမင်းထွန်းက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ထိပ်တန်း ဗိုလ်ချုပ်ကြီးတွေကို လူမျိုးတုန်းသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အရေးယူဖို့ ကြိုးစားနေပေမဲ့ မြန်မာနိုင်ငံက စစ်တပ်ပိုင် ကုမ္ပဏီတွေနဲ့ လုပ်ငန်းလုပ်နေတဲ့ နိုင်ငံတကာ ကုမ္ပဏီကြီးတွေကို စစ်တပ်နဲ့ ဆက်ဆံရေး ရပ်ဆိုင်းဖို့ တောင်းဆိုနေတာ ဘာမှ မထူးခြားခဲ့ပါဘူး။ အခုတော့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေက မြန်မာစစ်တပ်ကို အကြွင်းမဲ့ အထီးကျန်ထားရှိဖို့နဲ့ စစ်တပ်ရဲ့ ငွေဝင်ရာ လမ်းကြောင်းတွေကို စူးစမ်းရှာဖွေဖို့ အရှိန်မြှင့်တင် ဖိအားပေး လာနေကြပါပြီ။ ၂၀၁၇ ခုနှစ် အကြမ်းဖက်တွေမှုနဲ့ပတ်သက်ပြီး ဖွဲ့စည်းခဲ့တဲ့ ကုလသမဂ္ဂရဲ့ အချက်အလက် ရှာဖွေရေးကော်မရှင် ဥက္ကဋ္ဌ Marzuki Darusman က တိုင်းပြည်အနှံ့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအပေါ် ခေါင်းဆောင်ပိုင်းက လုံလောက်တဲ့ အရေးယူမှုတွေ မလုပ်တာကြောင့် စစ်တပ်ကို အထီးကျန် အောင် လုပ်ဖို့ လိုအပ်နေပြီလို့ ပြောပါတယ်။ စစ်တပ်ခေါင်းဆောင်တွေရဲ့ ငွေရပေါက်တွေကို နိုင်ငံတကာက ပိတ်ဆို့နိုင်အောင် ကုလ အချက်အလက် ရှာဖွေရေး ကော်မရှင်က အခုအခါ စစ်တပ်ရဲ့လုပ်ငန်းတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက် တွေ ရှာဖွေနေပြီ ဖြစ်ပါတယ်။ ကော်မရှင် အဖွဲ့ဝင်တဦးဖြစ်သူ Chris Sidoti က VOA ကို အခုလို ပြောပါတယ်။

“နှစ်ကုန်ပိုင်းလောက်မှာ စစ်တပ်နဲ့ စစ်တပ်ခေါင်းဆောင်တွေရဲ့ ဝင်ငွေရရာ ပင်မ လမ်းကြောင်းတွေကို ကျနော်တို့ အစီရင်ခံပါမယ်။ ဒီ အစီရင်ခံစာက နိုင်ငံတွေအနေနဲ့ စစ်တပ်နဲ့ ခေါင်းဆောင်ပိုင်းကို ပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတွေ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဖို့ အထောက်အကူ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

မနှစ်ကတော့ Burma Campaign UK က မြန်မာ့ စစ်တပ်နဲ့ စီးပွားရေးလုပ်ကိုင်နေတဲ့ နိုင်ငံခြား ကုမ္ပဏီ အဖွဲ့အစည်း ၄၉ ခု စာရင်းကို ထုတ်ပြန်ခဲ့ ပါတယ်။ မြန်မာစစ်တပ် အနေနဲ့MEC လို့ခေါ်တဲ့မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနဲ့ ဦးပိုင်လို့ လူသိများတဲ့ မြန်မာ့ စီးပွားရေးဦးပိုင် လိမိတက် တို့ကနေ စာရင်းမဲ့ ဝင်ငွေ အများအပြား ရနေပါတယ်။ ယူကေ အခြေစိုက် Burma Human Rights Network က အမှုဆောင် ဒါရိုက်တာ ဦးကြည်ဝင်း က ဗွီအိုအေကို အခုလို ပြောပါတယ်။

“ဒီ အဖွဲ့အစည်း၂ ခုကြောင့် စစ်တပ်က ဒီနေ့ အခုလို ရပ်တည်နေနိုင်တာပါ။ ကျနော်တို့ အနေနဲ့ မြန်မာ ဗိုလ်ချုပ်တွေကို တခြား အာဏာရှင် တွေရဲ့ စံထားထိုက်တဲ့ ပုဂ္ဂိုလ်တွေ အဖြစ် မခံနိုင်ပါဘူး။ သူတို့ရဲ့စီးပွားရေးလုပ်ငန်းတွေအပေါ် ဇောင်းပေး ကြည့်ရှုဖို့ လိုပါတယ်။”

Western Union က ဦးပိုင်ရဲ့ လက်အောက်က ဒေသခံ ဘဏ်တစ်ခုကို အသုံးပြုပြီး ငွေလွှဲပြောင်းပေးပို့တဲ့ လုပ်ငန်း လုပ်နေပါတယ်။ ၂၀၁၆ ခုနှစ်မှာ သမ္မတ အိုဘားမားက စီပွားရေး ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးပြီးတဲ့နောက်မှာ ဒီလို ဖက်စပ် လုပ်တာမျိုးကို လူအများ ကန့်ကွက်တာ မရှိပေမဲ့ ၂၀၁၇ ခုနှစ် သတ်ဖြတ်မှုတွေ ဖြစ်ပြီးတဲ့ နောက်ပိုင်း မှာတော့ Western Union ဟာ လူမျိုးတုန်းလုပ်နေတာကို ငွေထောက်ပံ့ပေး နေတယ်လို့ စွပ်စွဲခံရပါတယ်။ ဝေဖန်ချက်ပေးဖို့ တောင်းဆိုတာကို မတုန့်ပြန်ပေမဲ့ ကုမ္ပဏီအနေနဲ့ ပိတ်ဆို့ အရေးယူမှုကို မချိုးဖောက်ဘဲ စည်းမျဉ်းစည်းကမ်း တွေနဲ့ အညီ မြန်မာနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတာလို့ အရင်က ပြောထားဖူးပါတယ်။ စစ်တပ်ကို ပံ့ပိုးနေတဲ့ ဒီ ကုမ္ပဏီတွေ ဟာ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်ပေမဲ့ စားသုံးသူတွေ သပိတ် မှောက်တာတို့၊ ရှယ်ယာရှင်တွေရဲ့ ဖိအားတို့၊ ဥပဒေဆိုင်ရာ စိန်ခေါ် မှုတွေ ကိုတော့ ရင်ဆိုင်ရဖို့ ရှိလိမ့်မယ်လို့ Mr. Sidoti က ပြောပါတယ်။

အချက်အလက် ရှာဖွေရေး ကော်မရှင်အနေနဲ့ လည်း တခြား တက်ကြွ လှုုပ်ရှားသူတွေလို မဟုတ်ဘဲ အထွေထွေ အရေးယူ ပိတ်ဆို့မှု အယူအဆကို မထောက်ခံဘူးလို့ Mr. Sidoti က ပြောပါ တယ်။ အစဉ်အလာအရ တရုတ်နဲ့ ရုရှားတို့ မြန်မာနိင်ငံအပေါ် ထောက်ခံတာနဲ့ ပတ်သက်ပြီး တော့လည်း တရုတ်နိုင်ငံရဲ့ အနေအထား ပြောင်းလဲနိုင်တာကို အခုလို ပြောပါတယ်။

“လွန်ခဲ့တဲ့ ၁၉၉၀ နဲ့ ၂၀၀၀ ပြည့်နှစ်တွေတုန်းက အတွေ့အကြုံအရ အလုံးစုံ အရေးယူ ပိတ်ဆို့မှုဟာ သာမန် ပြည်သူတွေကိုသာ နစ်နာစေ ခဲ့ပြီး စစ်တပ် ခေါင်းဆောင်ပိုင်းကို မထိခိုက်ခဲ့ပါဘူး။ ပြီးတော့ ဒီ တBကိမ်မှာ တရုတ်နိုင်ငံက နိုင်ငံတကာနဲ့ ပူးပေါင်း ဆောင်ရွက် နိုင်ခြေရှိတဲ့ အချက်ကိုလည်း ကျနော်တို့ လစ်လျှူ ရှု မထားပါဘူး။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့အလုပ်က နိုင်ငံတနိုင်ငံချင်းရဲ့ တုံ့ပြန်မှုပေါ်မှာ အခြေမခံဘဲ မှန်ကန်တဲ့ အထောက်အထားတွေပေါ်မှာသာ အခြေခံတဲ့ ကောက်ချက်ဆွဲသွားမှာ ဖြစ်ပါတယ်။”

မြန်မာ စစ်တပ်ကို ဘဏ္ဍရေးအရ အထီးကျန်စေမှုဟာ Mr. Sidoti နဲ့ တက်ကြွလှုပ်ရှားသူ ဦးကျော်ဝင်းတို့အတွက်တော့ မဟာဗျူဟာတစ်ခုရဲ့ အစိတ်အပိုင်း တခုမျှသာ ဖြစ်ပါတယ်။ သူတို့ရဲ့ နောက်ဆုံးပန်းတိုင်က သတ်ဖြတ်မှုတွေမှာ တာဝန်ရှိတဲ့သူတွေကို အရေးယူ အပြစ်ပေးဖို့ပဲ ဖြစ်ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG