သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှု BWU ထုတ်ပြန်


ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အမျိုးသမီးများ (မတ် ၅၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | မန္တလေးမြို့မှာ စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြနေတဲ့ အမျိုးသမီးများ (မတ် ၅၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အမျိုးသမီးတွေ သတ်ဖြတ်ခံရတာ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ သိသိသာသာ တိုးလာတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အစီရင်ခံစာသစ်က ဖော်ပြပါတယ်။ ၃နှစ်နီးပါး အတွင်းမှာ စစ်ကောင်စီ လက်ချက်ကြောင့် သေဆုံးသူ အမျိုးသမီး ၇၀၀ နီးပါး ရှိတယ်လို့လည်း ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီး မအိသန့်စင် တင်ပြထားပါတယ်။

ဒီစစ်တမ်းတွေဟာ ၂၀၂၁ ဖေဖော်ဝါရီလကနေ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလအတွင်း ဖြစ်ပျက် ခဲ့တဲ့ ဖြစ်ရပ် တွေကနေ ကောက်ယူထားတဲ့ စစ်တမ်းဖြစ်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ကပြောပါ တယ်။ ၃နှစ်နီးပါး ကာလမှာလက်နက်ကြီး ပေါက်ကွဲမှု၊ လေကြောင်း တိုက်ခိုက်မှု၊ ပစ်သတ်ခံရမှု၊ ရိုက် နှက်မှု၊ အရှင်လတ်လတ် မီးရှို့မှု၊ ဖမ်းဆီးသတ်ဖြတ်မှု၊ မတရားအဓမ္မ ကျင့်ခံရမှု တွေမှုတွေဟာ တိုးပွားလာနေတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) တွဲဖက်အထွေထွေအတွင်းရေးမှူး ၂ မဝေက ဗွီအို အေကို ပြောပါတယ်။

"၂၀၂၁ ခုနှစ် အကြမ်းဖက်စစ်တပ်ရဲ့ အာဏာသိမ်းရန်ကြိုးပမ်းမှုမှတ်တမ်းမှာ ပိုမိုဆိုးရွားလာခဲ့ပြီး မုဒိန်း ကျင့်သတ်ဖြတ်တာ စစ်ကြောရေးတွေမှာ ရိုက်နှက်နှိပ်စက် ညှင်းပန်းမှုတွေပြုလုပ်ပြီးစစ်ဆေးတာတွေ အပြင် မုဒိန်းကျင့်ပြီးတော့မှအကြမ်းဖက်ညှင်းပန်းနှိပ်စက်တာ။ တပ်ချင်တဲ့ပုဒ်မတပ်ပြစ်ဒဏ်ချမှတ်တာ ကျေးရွာတွေမှာအဓမ္မစစ်ကြောင်းထိုးပြီး အရပ်သားပြည်သူတွေကိုအထူးသဖြင့် ငယ်ရွယ်တဲ့မိန်းက လေးငယ်တွေကိုပစ်မှတ်ထားပြီးတော့ ဖမ်းဆီးခေါ်ဆောင်မုဒိန်းကျင့် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာ၊ သေနတ်နဲ့ပစ်သတ်တာ၊ စတဲ့ရက်စက်ဆိုးရွားလူမဆန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ခံစားရတာ အခုအချိန်ကအဆိုးဆုံးအချိန်လို့ပြောလို့ရပါတယ်။"

နိုဝင်ဘာလအတွင်းမှာတင် အမျိုးသမီး ၃၆ ဦး သေဆုံးခဲ့တယ်လို့လည်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ သတင်းထုတ်ပြန်ချက် မှာဖော်ပြထားပါတယ်။ လတ်တလော တိုက်ပွဲတွေပြင်းထန်နေတဲ့ နေရာတွေအပြင် တိုက်ပွဲတွေ မဖြစ်ပွားတဲ့ ဒေသတွေမှာပါ အမျိုးသမီးတွေဟာ မလုံခြုံမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုတွေနဲ့ရင်ဆိုင်နေရတယ်လို့ သူကဆက်ပြောပါတယ်။

"လက်ရှိမြန်မာနိုင်ငံက အမျိုးသမီးတွေဘေးကင်းလုံခြုံရေးကဘယ်လောက်အထိဆိုးဝါးသလဲဆိုတာက တော့ ကြုံတွေ့ဖြစ်ပျက်နေတဲ့ အခြေအနေနဲ့ကိုက်ညီတဲ့ စကားလုံးတွေတောင်သုံးဖို့ရှာလို့မတွေ့ဘူး။ အရမ်းကိုဆိုးဝါးလွန်းနေတာပါ။ တိုက်ပွဲတွေမဖြစ်ပွားတဲ့နေရာတွေမှာဆိုရင်လဲအမျိုးသမီးတွေဟာ အကြမ်းဖက်စစ်တပ်ရဲ့အကြောင်းမဲ့စွပ်စွဲချက်တွေနဲ့ အချိန်မရွေးဖမ်းဆီးထိန်းသိမ်းခံရတာ။ သူတို့ကိုင် တဲ့ဖုန်းတွေကိုအချိန်မရွေးနေရာမရွေးစစ်ဆေးရန်ဆိုတဲ့အကြောင်းပြချက်နဲ့သိမ်းယူတာ။ ငွေညစ်ပြီး ရဲစခန်းမှာလာရွေးပါဆိုတာမျိုး။ ညဘက်အိမ်တွေမှာဧည့်စာရင်းစစ်မယ်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ နေ အိမ်အိပ်ခန်းတွေအထိ ဝင်ရောက်ရှာဖွေမှုတွေကြောင့် ညအိပ်တဲ့အချိန်မှာတောင်လွတ်လပ်ပေါ့ပါးစွာ အိပ်စက်ခွင့်ဆုံးရှုံးပြီးတော့ ရင်တထိပ်ထိပ်နဲ့စိုးရိမ်ကြောင့်ကြမှုတွေခံစားနေရတာဖြစ်ပါတယ်။"

ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်ဒုက္ခသည်အမျိုးသမီးများ
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ်မြောက်ပိုင်းမှ စစ်ဘေးရှောင်ဒုက္ခသည်အမျိုးသမီးများ


နိုဝင်ဘာလအတွင်း လက်နက်ကိုင် တော်လှန်မှုနဲ့ ဖမ်းဆီးသတ်ဖြတ်မှု အများဆုံးက ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပါတယ်။ သူ့နောက်မှာ ချင်း၊ စစ်ကိုင်း၊ ရခိုင်၊ ပဲခူးတိုင်းဒေသကြီးတွေ ပါဝင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အမျိုးသမီးများအဖွဲ့ချုပ် (WLB) တွဲဖက်အထွေထွေအတွင်းရေးမှုး မနန်းမို့မို့ကတော့ ဒီကာလအတွင်းမှာ အမျိုးသမီးတွေအတွက် ကိုယ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေပါကြုံတွေ့ခံစားနေရမှုဟာ သမိုင်းတလျှောက်ဆိုးဝါးဆုံး ကြုံတွေ့နေရတဲ့ အခြေအနေဖြစ် နေတယ်လို့သူကပြောပါတယ်။

"မလုံခြုံမှုတွေကတော့အများကြီးဘဲ။ အကြမ်းဖက်ခံရမှုတွေလည်းအများကြီးဘဲ။ အဲဒါတွေကိုပုံစံ မျိုးစုံနဲ့ကြုံနေရတယ်။ လုံခြုံမှုနဲ့ပတ်သတ်ပြီးတော့ခြိမ်းခြောက်မှုအဖြစ်စေဆုံးကတော့ အကြမ်းဖက် စစ်တပ်ဖြစ်တယ်။ ဒီနောက်ပိုင်းမှာက ပိုအဖြစ်များတာက အသက်မပြည့်သေးတဲ့အမျိုးသမီးအပါအဝင် ကို အုပ်စုလိုက်မုဒိန်းကျင့်သတ်ဖြတ်တာတွေ အရှင်လတ်လတ်မီးရှို့သတ်ဖြတ်တာတွေ ခေါင်းကိုတည့် တည့်ပစ်သတ်တာမျိုးတွေကအစ ခန္ဓာကိုယ်တွေကို အစိတ်စိတ်အပိုင်းပိုင်း ခုတ်သတ်တာမျိုးတွေကို အကြမ်းဖက်စစ်တပ်အနေနဲ့ ကျယ်ကျယ်ပြန့်ပြန့်ကျူးလွန်နေတာကိုတွေ့ရတယ်။ ပြည်မမှာဘဲနေနေ တိုင်းရင်းသားဒေသတွေမှာဘဲ နေနေ တကယ့်ကိုပုံစံမျိုးစုံနဲ့ကြုံတွေ့နေရတာကိုကျမတို့တွေ့မြင်နေရ ပါတယ်။"

BWU ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်ကနေ နိုဝင်ဘာ ၂၆ရက်နေ့အထိ အမျိုးသမီး အယောက် ၃၀၀၀ နီးပါး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရ တာဖြစ်ပြီး ဒီလို အဖမ်းဆီး ခံခဲ့ရချိန်မှာလည်း အမျိုးသမီးတွေကို မတရား ဖိနှိပ်တာ၊ လိင်ပိုင်းဆိုင်ရာ ဖိနှပ်စော်ကားခံရတာတွေ ကြုံခဲ့ရတာမျိုး ရှိတယ်လို့ ဖမ်းဆီးခံရပြီးပြန်လည် လွတ်မြောက်လာ သူတွေကပြောပါတယ်။

စစ်တပ်ကိုဂုဏ်သိက္ခာညှိုးနွမ်းအောင်ရေးသားပြောဆိုတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ သတင်းသမားတဦးဖြစ်တဲ့ မအလှလေးသူဇာကတော့ အမျိုးသမီးတွေကြုံရတဲ့ ထောင်တွင်းဖိနှိပ်မှုတွေ နဲ့ပတ်သက်လို့ အခုလိုရင်ဖွင့်လာတာပါ။

"အဓိကက သူတို့တွေက အကျဉ်းသူတွေကို criminal (ရာဇဝတ်သား) အကျဉ်းသူတွေလိုဆက်ဆံတာ။ ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမယ်။ သူတို့ပြောတဲ့ပုံစံထဲနေရတယ်။မောက်မောက်မာမာဆက်ဆံတာပေါ့နော်။ သခင်နဲ့ကျွန်လို ဆက်ဆံတယ်လို့အမတို့ခံစားရတယ်။ သူတို့ပြောသလိုနေရမယ် သူတို့ခိုင်းတာလုပ်ရမယ်ဆိုပြီးဖိနှိပ်တာ တကယ့်ကို သခင်နဲ့ကျွန်ဆက်ဆံသလိုမျိုးထောင်မှာကျင့်သုံးတာ။ ငါတို့ပြောသလို နေရမယ်အချိန်မရွေး တိုက်ပိတ်လို့ရတယ်။ အဲလိုပုံစံမျိုးတွေ အမြဲသုံးနှုန်းတယ်။ အထဲထဲမှာသူ တို့မျက်နှာကြည့်နေ၊ မျက်နှာကြည့်စားဆိုတဲ့ပုံစံမျိုး ချိုးခံရတယ်။"

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းဆီ ဗွီအိုအေဘက်က အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းပေမယ့် ဖုန်းလက်ခံ ဖြေဆိုခြင်းမရှိပါဘူး။ BWU ထုတ်ပြန်တဲ့ သေဆုံး၊ ဖမ်းဆီးခံရသူ အမျိုးသမီး စာရင်းဟာ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်တွေနဲ့ သတင်းမီဒီယာ တွေက ရရှိတဲ့ အချက် အလက်တွေကို အခြေခံ ပြုစုထားတာဖြစ်ပြီး လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့ မြန်မာ့အမျိုး သမီးသမဂ္ဂ (BWU) ဘက်ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG