သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ နေရာအားလုံးနီးပါးနိုင်ဖို့ အာဏာရပါတီ မျှော်လင့်


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်
၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်

လာမယ့် ၂ ရက် အတွင်း ကျင်းပတော့မယ့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ လက်ရှိ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်မယ့် ၁၈ နေရာလုံး နိုင်မယ့်အလားအလာရှိတယ်လို့ ပါတီထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောဆိုလိုက်ပါတယ်။ ကြားဖြတ် ရွေးကောက်ပွဲကျင်းပမယ့် လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာထဲက တိုင်းရင်းသားနယ်မြေတချို့မှာ NLD ပါတီအနေနဲ့ နိုင်ဖို့အလားအလာ နည်းတယ်ဆိုတဲ့ သုံးသပ်ချက်တွေ ထွက်နေချိန်မှာ အခုလိုပြောလိုက်တာပါ။ အင်အားကြီးပါတီတွေနဲ့ ဒေသခံ တိုင်းရင်းသားပါတီတွေအပြင် အခြားနိုင်ငံရေးပါတီတွေ အားလုံး ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေကို အရှိန်အဟုန်နဲ့ ဆောင်ရွက်နေကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြပေးထားပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာ ၁၈ နေရာစလုံးလုံးမှာ နိုင်မယ့်အလားအလာရှိတယ်လို့ NLD ပါတီရဲ့ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ ၁၈ နေရာလုံး မရနိုင်ဘူးဆိုတဲ့အနေအထားကို ကျနော်တို့သိတယ်။ အဲဒါကြောင့် ၁၈ နေရာလုံးရဖို့ ကျနော်တို့ကြိုးစားနေတယ်။ ပထမအားနည်းတာတွေ ကျနော်တို့ရှိတယ်။ ကျနော်တို့ဘက်မှာ မိုင်းရှူး ဒီနေရာတွေအားနည်းတယ်။ နောက်ရခိုင်မှာ အားနည်းတယ်။ သို့သော် ကျနော်တို့ ကြိုးစားလာတဲ့အခြေအနေပေါ်မှာ မူတည်ပြီး ပြောရရင် ၁၈ နေရာလုံးကို မျှော်လင့်လို့ရတဲ့အခြေအနေ ရောက်လာနေပြီလို့ ကျနော်တို့ ယူဆတယ်။”

အစိုးရသစ်သက်တမ်း တနှစ်ပြည့်တဲ့အချိန်မှာကျင်းပတဲ့ ကြားဖြတ်ရွေးကောက်ပွဲဟာ အာဏာရ NLD ပါတီအပေါ် လူထုစစ်တမ်းကောက်ယူတဲ့ ရွေးကောက်ပွဲလိုမျိုး ရှုမြင်နိုင်သလို အစိုးရသစ်လက်ထက် ပထမဆုံးကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ တရားမျှတမှုရှိမယ်လို့လဲ ယုံကြည်ကြောင်း ဦးဉာဏ်ဝင်းက ဆိုပါတယ်။ ­

ဒီကြားဖြတ်ရွေးကောက်ပွဲအပေါ် လူစိတ်ဝင်စားမှု နည်းတယ်ဆိုပေမယ့် ရခိုင်ပြည်နယ်က အမ်း မဲဆန္ဒနယ်နဲ့ ရှမ်းပြည်နယ် မိုင်းရှူးနဲ့ ကျေးသီး မဲဆန္ဒနယ်တွေမှာတော့ နိုင်ငံရေးပါတီတွေအကြား အကျိတ်အနယ် ယှဉ်ပြိုင်ရဖွယ်ရှိနေပြီး တိုင်းရင်းသားဒေသတွေမှာတော့ အင်အားကြီးပါတီ နှစ်ခုဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပြည်ခိုင်ဖြိုးပါတီတို့ နိုင်မယ့်အလားအလာနည်းတယ်လို့ သုံးသပ်မှုတွေလဲရှိနေတာပါ။

မဲဆန္ဒနယ် ၇ ခုမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း မြေပြင်အခြေအနေအရ နိုင်ဖို့ အလားအလာ ရှိတယ်လို့ ပါတီရဲ့ အထွေထွေအတွင်းရေးမှူး ဦးစိုင်းညွန့်လွင်က ပြောပါတယ်။

“မနေ့က ၂၈ ရက်နေ့အထိဆိုရင်တော့ ၇ နေရာစလုံးအတွက်အခြေအနေကောင်းနေပါပြီလို့ပြောလို့ရပါတယ်။ ဒါက Focus လုပ်တယ်ဆိုတာကတော့ ခန့်မှန်းပြီးလုပ်လို့မရဘူး။ တကယ့်မြေပြင်သတင်းတွေ နောက်တကယ်ဖြစ်နိုင်တဲ့ အပေါ်မှာ မူတည်ပြီးတော့ တွက်တာပါ။”

ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာနိုင်ရုံနဲ့ လွှတ်တော်တွင်း ဘာတွေပြောင်းလဲမှု လုပ်နိုင်မလဲဆိုတာနဲ့ ပတ်သက်လို့ ဦးစိုင်းညွန့်လွင်က အခုလို ရှင်းပြပါတယ်။

“ပြည်နယ်လွှတ်တော်မှာကတော့ ၅ မဲပိုလာမယ်။ ပြီးတော့ ပြည်သူ့လွှတ်တော်မှာ ၂ မဲပိုလာမယ်။ သို့သော်လည်း ဒီမဲတွေက အဲဒီဆိုင်ရာလွှတ်တော်တွေကိုပြောင်းလဲအောင် မလုပ်နိုင်ပါဘူး။ ကျနော်တို့ စည်းရုံးရေးနယ်မြေတွေမှာတင် ရှုံးနေတယ်ဆိုရင်တော့ ကျနော်တို့ ပါတီရဲ့မူဝါဒတွေ လုပ်ပုံလုပ်နည်းတွေ စည်းရုံးရေးတွေကို သေချာပြန်သုံးသပ်ရမှာဖြစ်တယ်။”

လက်ရှိမှာတော့ အတိုက်အခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီအနေနဲ့လဲ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးတွေကို ပါတီဥက္ကဌ ဦးသန်းဌေး ကိုယ်တိုင် အင်တိုက်အားတိုက်လုပ်ဆောင်နေတာပါ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ကြားဖြတ်ရွေးကောက်ပွဲရလဒ်ကို ကျေကျေနပ်နပ်လက်ခံဖို့ရှိပေမယ့် သူ့စကားအရ လိမ်ညာ မဲဆွယ်စည်းရုံးမှုတွေကို သတိထားဖို့လိုတယ်ဆိုတာကို USDP ပါတီဥက္ကဌ ဦးသန်းဌေးက မတ်လ ၂၉ ရက်နေ့ကလုပ်တဲ့ ကော့မှူးမြို့နယ် မဲဆွယ်စည်းရုံးပွဲမှာ ပြောသွားပါတယ်။

“လာမယ့် ဧပြီ ၁ ရက်ပေးမယ့် ခင်ဗျားတို့ရဲ့မဲတွေကို ဘယ်သူမှ ဓါးပြတိုက်ယူလို့မရပါဘူး ။ အမိန့်ပေးလို့မရဘူး အကြပ်ကိုင်လို့မရဘူး။ ဒါပေမယ့် သတိပေးချင်တယ် လိမ်လို့ရတယ်။ အဲဒါကြောင့် လူလိမ်တွေကို သတိထားပါ။”

မကြာခင်ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီက ၁၉ နေရာလုံး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း လုံခြုံရေး စိုးရိမ်ချက်တွေကြောင့် ရှမ်းပြည်နယ် မိုင်းရှူးက ကျေးရွာကြီး ၃ ခုမှာ ရွေးကောက်ပွဲမကျင်းပဖို့ NLD ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေ ကန့်ကွက်ခဲ့တဲ့ အပေါ် ရွေးကောက်ပွဲကော်မရှင်ဘက်က မဲရုံတွေ ပြောင်းရွေ့ပေးဖို့ ဆုံးဖြတ်ပေးထားပါတယ်။ ဒီလို မဲရုံတွေ ပြောင်းရွေ့လိုက်တာကြောင့် မဲဆန္ဒရှင်တွေ မဲပေးချင်စိတ်ကုန်အောင် သွယ်ဝိုက် ကန့်သတ်တယ်လို့ ယူဆတာကြောင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ဘက်က မဲဆန္ဒရှင်တွေ မဲပေး ပိုင်ခွင့်မဆုံးရှူံးအောင် ကော်မရှင်အနေနဲ့ ဆောင်ရွက်ပေးဖို့ တင်ပြထားတာလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG