သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ လူထုကိုဖိအားမပေးဖို့ လက်နက်ကိုင်တွေကို ကျားဖြူပါတီ တောင်းဆို


၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ

လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ ရှမ်းပြည်နယ်အတွင်းက လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေကို ဖိအားပေးတာမျိုးတွေ မလုပ်ဖို့ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက တောင်းဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတွေမှာ သူတို့ပါတီကို မဲမပေးဖို့အတွက် လက်နက်ကိုင်အဖွဲ့တစ်ခုက ခြိမ်းခြောက်ခဲ့တာကြောင့် နိုဝင်ဘာ ကြားဖြတ်ရွေးကောက်ပွဲ မတိုင်ခင် အခုလို သတိပေးတာဖြစ်တဲ့အကြောင်း ပါတီဥက္ကဌက ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လာမယ့် နိုဝင်ဘာမှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီတွေ စပြီး မဲဆွယ်စည်းရုံးနေချိန်မှာ ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ရှမ်းလက်နက်ကိုင်အဖွဲ့ ၂ဖွဲ့ ဖြစ်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ရှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ကို စာပေးပို့ တောင်းဆိုလိုက်တာဖြစ်ပါတယ်။

ကျားဖြူပါတီဥက္ကဌ ဦးစိုင်းအိုက်ပေါင်းက ဒီလိုတောင်းဆိုတာနဲ့ ပတ်သက်ပြီး အခုလိုပြောပါတယ်။

“ စာပို့ထားတယ်ဆိုတာ သူတို့ ရှင်းရှင်းပြောရင်ဗျာ ၂၀၁၅က တိုင်းရင်းသား လက်နက်ကိုင်တွေက ဘက်လိုက် တာပေါ့နော်။ သူတို့က စာထုတ်တာကိုး။ ကျားဖြူကို မဲမထည့်ရဘူးဆိုတဲ့စာ။ အရင်တုံးက ထုတ်ခဲ့ဖူးတယ်လေ ၂၀၁၅က။ အဲတော့ အခုက ကျနော်တို့က SSPPကော ၊ RCSS ကော စာပို့လိုက်တယ်ကျနော်။ အဲဒါ သူတို့ကနေ ပြီးတော့ ပြည်သူလူထုကနေပြီးတော့ လွတ်လွတ်လပ်လပ် မဲပေးပါ သူတို့မှာ ဘာမှ ဖိအားမရှိပါဘူးဆိုတဲ့စာ၊ အဲဒီစာ ကျနော်တို့က တောင်းထားတယ်။ သူတို့က ပေးမယ် လို့တော့ ပြောတယ်။ SSPP ကတော့ ပေးမယ်ပြောထားတယ်။ RCSS က ဦးယွတ်ဆစ်ကို ဆက်တာ။ ဆက်လို့ မရသေးဘူး။ သူတို့က NCA ထိုးထားတဲ့အဖွဲ့ ၁၀ဖွဲ့ အစည်းအဝေးလုပ်နေတာ။ ပြီးလို့ရှိရင် ထုတ်ပေးမယ်လို့တော့ ယူဆတာပေါ့။ ”

ကျားဖြူပါတီဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ နေရာ ၅၇ နေရာ အနိုင်ရခဲ့ပြီး ၂၀၁၅ ခုနှစ်မှာတော့ တစ်နေရာပဲ အနိုင်ရခဲ့ပါတယ်။

ဒီလိုတောင်းဆိုတာဟာ ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ရည်ရွယ် တာဖြစ်တယ်လို့ ဦးစိုင်းအိုက်ပေါင်းက ပြောပါတယ်။ ဘယ် လက်နက်ကိုင် အဖွဲ့ အစည်းက ရွေးကောက်ပွဲမှာ ဖိအားပေးခဲ့တယ်ဆိုတာကိုတော့ သူက တိုက်ရိုက် ထုတ်ဖော် မပြောပါဘူး။

“ ဒီ ၂၀၂၀ကတော့ ကျနော်တို့က ဒီလို မဖြစ်အောင်တော့ ကြိုးစားရမှာလေ။ ပြည်သူ လူထုက တချို့က ငိုပြီးတော့တောင် ကျနော်တို့ကို လာပြောနေတာ။ အဖွဲ့အစည်းက မပြောပါရစေနဲ့တော့၊ စာကျနော်တို့ လက်ထဲမှာ ရှိတယ်။ ကျနော်တို့လည်း သူတို့ကို တိုက်ရိုက် သွားတွေ့လိုက်တော့ ပြောပြလိုက်တယ်လေ။ သူတို့လည်း ဘာမှလည်း မငြင်းဘူးငြိမ်နေတာဆိုတော့ ကိုယ်ကလည်း ဆက်ပြီးတော့ ဖိပြီးတော့ ပြောလို့လည်း မကောင်းဘူးလေ။ ပြီးလည်း ပြီးခဲ့ပြီဗျာ။ ဟုတ်တယ်မဟုတ်လား။ ”

ဒီသတင်းနဲ့ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို မေးမြန်းဖို့ ဆက်သွယ်ရာမှာတော့ ဆက်သွယ်လို့ မရခဲ့ပါဘူး။

ရှမ်းပြည်နယ်ဟာ မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူမျိုးစုတွေ စုပေါင်းနေထိုင်တဲ့ ပြည်နယ် ဖြစ်သလို တိုင်းရင်းသား လူမျိုးစုတိုင်းနီးပါးကလည်း ပြည်သူ့စစ်၊ နယ်ခြားစောင့်တပ်အပြင် တော်လှန်ရေး လက်နက်ကိုင်အဖွဲ့ စသဖြင့် ဖွဲ့စည်းထားကြပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ တောင်ကြီးခရိုင်ဥက္ကဌဟောင်း၊ လက်ရှိ ရှမ်းပြည်နိုင်ငံရေး လှုပ်ရှားမှုအဖွဲ့ တာဝန်ခံ ဦးတင်မောင်တိုးက ရှမ်းပြည်နယ်ရဲ့ ရွေးကောက်ပွဲအပေါ် အခုလို သုံးသပ်ပါတယ်။

“ လက်နက်ကိုင်အဖွဲ့နဲ့ ပတ်သက်တာက ၂၀၁၅မှာ နည်းနည်းထင်ရှားတာပေါ့။ အဓိက ကတော့ လက်နက် ကိုင်အဖွဲ့ ကြီးစိုးတဲ့တယ်ပေါ့။ ကျောက်တစ်လုံးကြီးဘက်၊ ဆီဆိုင်၊ ဟိုပုံးဘက်ဆိုရင်လည်း ပြည်သူ့စစ်ကြီးစိုးတဲ့ နယ်မြေပေါ့။ NLD ပါတီတွေ မဲလာဆွယ်ရင် လက်မခံရဘူးဆို စာထုတ်တာတွေ ရှိခဲ့တယ်။ ရွာထဲ အ၀င်မခံရဘူး ဆိုတာတွေလေ။ နောက် ပင်လုံတို့၊ လင်းခေးတို့၊ ဟိုဘက်ဆိုရင်လည်း ကျနော်တို့ မိုင်းနောင်၊ မိုင်းရှုးတို့ပေါ့။ မိုင်းကိုင်တို့ အဲဒီမှာ NLD ရုံးဆိုင်းဘုတ်ကို ဖြုတ်ချခိုင်းတာတို့ပေါ့။ နောက် နမ့်ဆန်မှာ ဆိုရင်လည်း ရပ်ကျေးရုံး ၂၇ရုံးလောက်ကို ဆိုင်းဘုတ်တွေ ဖျက်ဆီးခံရတာတွေ ဖြစ်ခဲ့တယ်။ ဒီလက်နက်ကိုင်အဖွဲ့တွေ ရှိနေသ၍ကတော့ ရွေးကောက်ပွဲတစ်ခုအတွက် စစ်မှန်တဲ့ အဖြေရဖို့ကတော့ မလွယ်ဘူးလို့ ထင်ပါတယ်ဗျ။”

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ရှမ်းပြည်နယ်မှာ လဲချားမြို့နယ် တမြို့နယ် ထဲမှာပဲ ကျင်းပမှာဖြစ်ပြီး ကျားဖြူခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ကျားခေါင်းခေါ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်တို့ ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာလ ၃ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး မြန်မာနိုင်ငံ တနိုင်ငံလုံးအတွက်တော့ လွှတ်တော် အသီးသီးအတွက် စုစုပေါင်း လစ်လပ်မဲဆန္ဒနယ် ၁၃ နေရာမှာ ကျင်းပမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG