သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ်ရွေးကောက်ပွဲ ကချင်ပြည်နယ်မှာပါ ပြုလုပ်မည်


ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။
ရန်ကုန်မြို့ရှိ မဲရုံတရုံတွင် ရွေးကောက်ပွဲ ကော်မရှင်မှ တာဝန်ရှိသူများ မဲရေတွက်နေစဉ်။ နိုဝင်ဘာ ၇၊ ၂၀၁၀။
၂၀၁၄ခုနှစ်အတွင်းမှာ လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၃၀အတွက် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို့ အစီအစဉ်ရှိကြောင်းနဲ့ ကျင်းပဖြစ်တယ်ဆိုရင် ၃လကြိုတင် အသိပေး သတင်း ထုတ်ပြန်သွားမယ် လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲကာလက မကျင်းပဖြစ်တဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ်မြေတွေကိုလည်း ကျင်းပဖို့ ရည်ရွယ်ထားပြီး ရွေးကောက်ပွဲကာလမှာ နယ်မြေအခြေအနေကြည့် ဆုံးဖြတ်သွားမယ်လို့လည်း ဆိုပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ ကချင်ပြည်နယ်က မဲဆန္ဒနယ် ၃နယ် အပါအဝင် လစ်လပ်နေတဲ့ မဲဆန္ဒနယ် ၃၀အတွက် ဒုတိယအကြိမ် ကြားဖြတ်ရွေးကောက်ပွဲကို ဒီနှစ်အတွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ကြားရွေးကောက်ပွဲ ထပ်မံကျင်းပမယ်ဆိုရင် လာမယ့်ပွင့်လင်းရာသီလောက်မှာ ဖြစ်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်
ပွဲကော်မရှင်ရုံးက တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

"ကျနော်တို့ လွှတ်တော်မှာ ဒီနေ့ သွားဖြေပါတယ်။ ကျနော်တို့ ဖြေတဲ့ အဖြေကတော့ ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ်ရှိပါတယ်။ ကျင်းပမယ့် ကာလကိုလည်း ကျနော်တို့ သုံးလ ကြိုတင်ပြီးတော့ ကြေညာပါ့မယ်။ နောက် လစ်လပ်မဲဆန္ဒနယ်များအားလုံး စုစုပေါင်း သုံးဆယ်ရှိပါတယ်ပေါ့နော်။ အဲ့လို ကျနော်တို့ ဖြေထားပါတယ်။

နောက်တခါ ကျနော်တို့ နိုင်ငံရဲ့ ရာသီဥတုပေါ့နော်။ ရွေးကောက်ပွဲက သာမာန်အားဖြင့် မိုးထဲမှာ မလုပ်ကြဘူး။ အဲ့လိုဥစ္စာလေးတွေကျတော့ ပွင်လင်းဘက်ကို သွားပြီး ယူတာရှိတော့ အဲ့ဒီကာလလောက်တော့ ဖြစ်ဖို့များပါတယ်။"

ဒီနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပဖို့ အစီအစဉ်ရှိမရှိ ကို နိုင်ငံရေးပါတီတွေက လွှတ်တော် ကျင်းပစဉ်မေးမြန်းထား တာဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ဒီကနေ့ သွားရောက်ဖြေကြားခဲ့ပါတယ်။

လစ်လပ်မဲဆန္ဒနယ်တွေကတော့ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၁၃ နေရာ၊ အမျိုးသား လွှတ်တော်မဲဆန္ဒ နယ်ခြောက်နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ် လွှတ်တော် မဲဆန္ဒနယ် ၁၁ နေရာ စုစုပေါင်းလစ်လပ် မဲဆန္ဒ နယ် ၃ဝ ရှိပြီး ပြည်ပရောက်မဲဆန္ဒရှင်တွေရဲ့ စာရင်းကိုလည်း ကောက်ယူနေပြီဖြစ်ပါတယ်။

၂၀၁၂ခုနှစ်က ကျင်းပတဲ့ ပထမအကြိမ်ကြားဖြတ်ရွေးကောက်ပွဲကာလက ကချင်ပြည်နယ်အတွင်းက ဖားကန့်၊ မိုးကောင်းနဲ့ ဗန်းမော်မဲဆန္ဒနယ်တွေမှာ လုံခြုံရေးအခြေအနေအရ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့ပါဘူး။

ဒီတကြိမ်ကြားဖြတ်ရွေးကောက်ပွဲမှာတော့ ဒီနယ်၃နယ်ကို ကျင်းပနိုင်ဖို့ ရည်ရွယ်ထားပေမဲ့ ကျင်းပမယ့်ကာလ လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်မှာဖြစ်တယ်လို့ ဆက်ပြောပါတယ်။

"လစ်လပ်သုံးဆယ်ထဲမှာ အဲ့သုံးနေရာ ပါပါတယ်။ ကျင်းပတဲ့အခါမှ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ အခြေအနေ ရှိမရှိပေါ့နော်။ နော် ရှိတယ်ဆိုရင် ကျင်းပမှာပါ။ ဆိုလိုတာက လုံခြုံရေးအရတို့၊ ဘာအရတို့၊ ညာအရတို့ အများကြီးရှိပါတယ်။ အဲ့တာတွေ ရှိမရှိကတော့ ကော်မရှင်က သုံးသပ်ပါမယ်။ လုပ်ဖို့ကတော့ အဲ့သုံးနယ် ပါပါတယ်ခင်ဗျ။

ကချင်ပြည်နယ်မှာအခြေစိုက်တဲ့ တိုင်းလိုင်ခေါ် ရှမ်းနီအမျိုးသား ဖွံဖြိုးတိုးတက်ရေး ပါတီကတော့ ကြားဖြတ်ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ ပါတီ ဥက္ကဋ္ဌ ဦးစိုင်းဌေးအောင်က ပြောပါတယ်။

" သုံးနေရာဝင်ပြိုင်ရမှာလေ။ ကျနော်တို့က မဝင်ဘူးဆိုရင် ကျနော်တို့က ပါတီတည်ထောင်ခွင့်မရဘူး ဖြစ်သွားမှာလေ။ ကျနော်တို့ ပါတီတည်ထောင်ခြင်း နည်းဥပဒေထဲမှာလည်း ပါပြီးသားပဲ။ အခုလောလောဆယ်က သန်းခေါင်စာရင်းကိစ္စ လုပ်နေလို့လေ။ သန်းခေါင်စာရင်းပြီးတာနဲ့ ကျနော်တို့ပြင်ဆင်မှာပါ။ အဲ့ဒီကိစ္စ။"

ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါက်တာတူးဂျာကတော့ သူတို့ပါတီအနေနဲ့ အနည်းဆုံး ၃နေရာ ပါဝင်သွားဖို့ရှိကြောင်း အခုလို ပြောပါတယ်။

" ကျနော်တို့က မဲဆန္ဒနယ် သုံးခုမှာ ဝင်ပြိုင်ဖြစ်အောင် ဝင်ပြိုင်မှာပဲ။ ကျနော်တို့ ပါတီအနေနဲ့ပေါ့။ ပြီးလို့ရှိရင်တော့ တခြား ဘယ်မြို့နယ်၊ မြို့နယ် ဘယ်နှစ်ခုမှာ ဝင်ပြိုင်မလဲဆိုတာ ကျနော်တို့ အချိန်နီးကပ်လာတဲ့အခါ ဆုံးဖြတ်ပါမယ်။"

အခြားကချင်ပါတီတခုဖြစ်တဲ့ ကချင်ဒီမိုကရက်တစ်ပါတီ(KDP)ကလည်း ကြားဖြတ်ရွေးကောက်ပွဲကျင်းပမယ်ဆို ပါဝင်ယှဉ်ပြိုင်ဖို့ အသင့်ရှိနေတယ်လို့ ပါတီဥက္ကဋ္ဌ ဦးဂွမ်ဂရာအောင်ခမ်းကပြောပါတယ်။

" ကျနော်တို့က ဝင်ပြိုင်မှာပေါ့။ အဆင်သင့်ပါပဲ။ ကျနော်တို့ ပြိုင်ဖို့ကတော့။ အဆင်သင့်။ ကချင်ပြည်နယ်အတွင်းမှာ ရှိတဲ့ နေရာတွေ အကုန်လုံး ပြိုင်ဖို့ အဆင်သင့်ပါပဲ။ "

ကချင်ပြည်နယ်အတွင်းမှာ ၂၀၁၃ခုနှစ်မှာ ပါတီသစ် ၅ပါတီ ထပ်မံ ဖွဲ့စည်းခဲ့ပြီး ဒေသတွင်းအခြေစိုက် ပါတီ အနည်းဆုံး ၆ပါတီရှိနေတာဖြစ်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကာလကတော့ စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီ ပါတီ-ကချင်ပြည်နယ် (UDPKS)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီတို့ က အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နေရာတွေကို အနိုင်ရရှိထားပါတယ်။
XS
SM
MD
LG