သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြားဖြတ် ရွေးကောက်ပွဲ မဲ မသမာမှု ကို တိုင်တန်း


(၂၀၁၀) ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ က ကျင်းပတဲ့ ရွေးကောက်ပွဲတွင် ပဲခူး မှ အမျိုးသမီး တစ်ဦးမဲထည့်နေစဉ်။
(၂၀၁၀) ခုနှစ် နိုဝင်ဘာလ (၇) ရက်နေ့ က ကျင်းပတဲ့ ရွေးကောက်ပွဲတွင် ပဲခူး မှ အမျိုးသမီး တစ်ဦးမဲထည့်နေစဉ်။

လာမယ့် ၁၀ ရက်ကျော်လောက်မှာ ကျင်းပတော့မယ့် ဧပြီလ ၁ ရက်နေ့ ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေမှာ ဥပဒေ ချိုးဖောက်မှုတွေ ရှိနေပြီး ရွေးကောက်ပွဲ ဆိုင်ရာ လုပ်ထုံးလုပ်နည်း တွေ ဟာလည်း တိကျ မှု မရှိတာတွေက ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်စေနိုင်တယ်လို့ ကြားဖြတ် ရွေးကောက်ပွဲ မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေး ပါတီတချို့က ပြောဆိုလိုက်ပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ကိုယ်စားလှယ် တဦးကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ထိခိုက် ပြောဆိုပြီး မဲဆွယ်တာဟာ ရွေးကောက်ပွဲ ဥပဒေကို ချိုးဖောက်တာဖြစ်တယ်လို့ အန်အယ်လ်ဒီက ပြောဆို လိုက်ပါတယ်။ မသိဂီ ၤထိုက်က တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် စမြင်း ကျေးရွာအုပ်စုက ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီက ကိုယ်စား လှယ် လောင်း ဒေါက်တာ ဆန်းဝင်းက အန်အယ်လ်ဒီ ပါတီရဲ့ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂိုလ်ရေးကို ပုတ်ခတ် ပြောဆိုပြီး စည်းရုံးခဲ့တယ်လို့ ပါတီရဲ့ ရွေးကောက်ပွဲ ဗဟိုအောင်နိုင်ရေး အဖွဲ့က ထုတ်ဖော် ပြောဆိုပါတယ်။ ရွေးကောက်ပွဲ လုပ်ထုံးလုပ်နည်း အရ မဲစာရင်းတွေ ထုတ်ပြန်တာမှာလည်း မတိကျ မှုတွေ ရှိနေတယ်လို့ အန်အယ်လ်ဒီက ပြောပါတယ်။ သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် တွေ က မဲစာရင်း အတိအကျ ထုတ်ပေးဖို့ နည်းမျိုးစုံနဲ့ ရှောင်ရှားနေတယ်လို့လည်း ပါတီပြောခွင့်ရ ဦးညဏ်ဝင်း က ပြောပါတယ်။

“ကျနော်တို့ မင်းကင်း မြို့နယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီက ပုဂ္ဂိုလ်က မဲဆွယ် စည်းရုံးရာမှာ အချက် နှစ်ချက် ကျနော် ပြောထားပါတယ်။ တစ်ချက်ကတော့ ကျနော် တို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒေါ်အောင်ဆန်း စုကြည်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဂ္ဂလိက ကိစ္စတွေကို ထည့်သွင်းပြောဆိုတယ်။ ထည့်သွင်း အပုတ်ချ တယ်ပေ့ါနော်။ ဒါဟာ ဥပဒေ နဲ့ မညီဘူးလို့ ပြောပါတယ်။ ကိုယ်ရေး ကိုယ်တာ ကိစ္စတွေကို ထည့်သွင်းပြောဆိုတာ ဥပဒေနဲ့ မညီပါဘူး။ တကယ်တမ်းကျတော့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနဲ့ မညီညွတ်ပါဘူး။ အဲဒါကို ပြောပါတယ်။”

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အန်အယ်လ်ဒီကလည်း တနလာၤနေ့မှာ ရွေးကောက်ပွဲ မသမာမှုတွေကို ကြေညာချက် ထုတ်ပါတယ်။ ဒီကြေညာချက်မှာ စစ်ကိုင်းတိုင်း၊ တနသာၤရီတိုင်း၊ မန္တလေးတိုင်း အတွင်းမှာ ရွေးကောက်ပွဲ မသမာမှုတွေကို တွေ့နေရတဲ့ အကြောင်းနဲ့ ကြိုတင်မဲတွေကို မတ်လကုန်မှ ကောက်ယူဖို့ ရွေးကောက်ပွဲ ကော်မရှင်က ညွှန်ကြားထားပေမယ့် တနသာၤရီ တိုင်း လောင်းလုံမြို့မှာ အခုကတည်းက ကြိုတင်မဲတွေ ကောက်ယူနေတာကိုလည်း ထောက်ပြထားပါတယ်။ ဒီလို ရွေးကောက်ပွဲ မသမာမှု တွေကြောင့် လာမယ့် ကြားဖြတ် ရွေးကောက်ပွဲဟာ တရားမျှတဖို့ အခက်အခဲတွေ ရှိနေတယ် ဆိုပြီး အန်အယ်လ်ဒီ ရဲ့ ရွေးကောက်ပွဲ ဗဟို အောင်နိုင်ရေး အဖွဲ့က ပြောပါတယ်။

“မဲ စာရင်းကတော့ အမှားအယွင်းတွေ အလွန်များပြားတာကို ကျနော်တို့ ပြောတယ်။ နောက် တစ်ခုက မဲစာရင်း တွေကို ကျနော်တို့ ကြေငြာချက် ထုတ်တဲ့ အချိန်ထိ မရသေးတဲ့ မြို့နယ် ကော်မရှင် အများကြီး ရှိပါတယ်။ မြို့နယ် အဖွဲ့ဝင်တွေက မရသေးကြောင်း ကျနော်တို့ကို report လုပ်တယ်။ ဥပမာ အားဖြင့်ဗျာ မဲစာရင်းကို ညနေ ခြောက်နာရီ ကနေပြီးတော့ ကိုး နာရီ လောက်မှာ ရေးကူးရမယ် လို့ ပြောတယ်။ တကယ်တမ်း သွားတဲ့ အခါကျတော့ လူမစုံလို့ မပေးဘူး။ အဲဒါနဲ့ နောက်တစ်နေ့ ရောက်သွားတယ်။ အဲဒီလို မဲ စာရင်းတွေကို အပြည့်အစုံ မရတဲ့ အတွက် ကျနော်တို့ ဘက်မှာလည်း စီစစ်ရခက်ပါတယ်။ ကျနော်တို့က ဘာအတွက် စီစစ်နေလဲ ဆိုတော့ ကျနော်တို့ ရွေးကောက်ပွဲ တရားမျှတရေး အတွက် အထောက်အကူပြုနိုင်အောင် ကျနော်တို့က မဲ စာရင်းတွေကို စီစစ်ပေးနေတာပါ။”

အလားတူဘဲ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ တနိုင်ငံလုံး (၁၃) နေရာက ဝင်ရောက်ယှဉ်ပြိုင်မယ့် အမျိုးသား ဒီမိုကရေစီ အင်အားစု အန်ဒီအက်ဖ် ပါတီကလည်း ရန်ကုန်တိုင်းအတွင်း မဲစာရင်း လွဲမှား နေတာ တွေကို ရန်ကုန်တိုင်း ဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်ကို တိုင်တန်းထားတယ်လို့ ဆိုပါတယ်။ ဒီအချက်တွေဟာ လာမယ့် ကြားဖြတ်ရွေးကောက်ပွဲ တရားမျှတမှုကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ဘက်ကတော့ ဒါတွေကို အခုချိန်ထိ အရေးယူ လုပ်ဆောင်တာ မရှိသေး ဘူးလို့ လည်း ပါတီခေါင်းဆောင် တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“မဲ မသမာမှု ဖြစ်နိုင်တဲ့ ကိစ္စတွေကို တော့ ကော်မရှင်ကို တင်ပြထားတယ် ဗျ။ တိုင်ကြားထားတဲ့ သဘော ပေ့ါဗျာ။ ဥပမာ ရန်ကုန်မှာ ဆိုရင်တော့ ဒီ ဒဂုံ ဆိပ်ကမ်း မြို့နယ်မှာ အဲဒီလိုဘဲ အိမ်ထောင်စု စာရင်းမှာ ရှိရဲ့ သား နဲ့ မဲ စာရင်းမှာ မပါတာတို့၊ မှတ်ပုံတင်၊ နိုင်ငံသား စီစစ်ရေးကဒ်ပြားရဲ့ နံပါတ်တွေ ကလည်း ဘဲ မှား နေတာ တို့ ဒါတွေလည်း တွေ့ပါတယ်။ ဒါ့အပြင် ဆိုးတာကတော့ ဒီ ဒဂုံဆိပ်ကမ်း မြို့သစ်မှာ မရှိတဲ့ တောင်ဥက္ကလာ ဘက်က မြို့နယ် ဘက်က လူတွေပါ စာရင်းဝင်နေတာတွေ သွား တွေ့တယ်လေ။ တွေ့တော့ အဲဒါကို ရန်ကုန်တိုင်း ကော်မရှင်ကို သွားအကြောင်းကြားပြီးတော့ တိုင်တန်းထားပြီးပါပြီ။”

လာမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတမှု ရှိဖို့ နိုင်ငံတကာက စောင့်ကြည့်နေတာ ဖြစ်ပြီး အနောက်အုပ်စုက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ရုပ်သိမ်း ပေးရေးဟာလည်း ဒီအချက်ပေါ်မှာ အများကြီး မူတည်နေတာလည်း ဖြစ်ပါတယ်။



XS
SM
MD
LG