သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားမိုးကြောင့် တောမီး ငြိမ်းသလောက်ဖြစ်


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားမြောက်ပိုင်းမှာ မိုးရွာသွန်းတာကြောင့် ရက်အတော်ကြာ လောင်ကျွမ်းတဲ့ တောမီးငြိမ်းသတ်ဖို့ အထောက်အကူဖြစ်ခဲ့ပါတယ်။

ဒါပေမယ့်လည်း ပျောက်ဆုံးနေသူတွေကို ရှာဖွေဖို့ကတော့ အခက်အခဲတွေ ရှိနေဆဲပါ။ သောကြာနေ့က ရွာသွန်းခဲ့တဲ့မိုးကြောင့် Paradise မြို့မှာပျံ့ကြဲနေတဲ့ ပြာတွေဟာ စိုထိုင်းပြီး ရွှံ့နွံပြာမြေတွေဖြစ်သွားတာကြောင့် ရှာဖွေရေးအတွက် အခက်အဲဖြစ်စေခဲ့တာပါ။ တောမီးကြောင့် လူပေါင်း ၈၄ ဦးထက်မနည်း သေဆုံးခဲ့ပြီး ၅၆၃ ယောက် ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။

အာဏာပိုင်တွေကတော့ ပျောက်ဆုံးနေသူတွေထဲက ဘယ်လောက်ထိ သေဆုံးသွားခဲ့ပြီလဲဆိုတာကို ခန့်မှန်းပြောဆိုတာမျိုးမရှိပေမယ့် မီးဘေးရှောင်တွေကတော့ သေဆုံးသူ အရေအတွက် ထပ်များ လာနိုင်ကြောင့် ပြောဆိုကြပါတယ်။

မနေ့တုန်းကပဲ ဥတုရာသီဖေါက်ပြန်ပြောင်းလဲမှုတွေရဲ့ဒဏ်ကြောင့် အမေရိကန်ပြည်ထောင်စု အတွင်း တောမီး လောင်တာတွေ၊ မိုးခေါင် ရေရှားမှုတွေနဲ့ အားပြင်းတဲ့မုန်တိုင်းတွေအပါအဝင် သဘာဝဘေး အန္တရာယ်တွေ ရင်ဆိုင်နေရတယ်လို့ အမေရိကန်အစိုးရ ကထုတ်ပြန်တဲ့ အစီရင်ခံစာ တစောင်မှာဖေါ်ပြထားပါတယ်။ အစိုးရဌာနတဒါဇင်ကျော်ရဲ့အကူအညီနဲ့ရေးသားထုတ်ပြန်တဲ့ အဲဒီအစီရင်ခံစာဟာ သမ္မတဒေါ်နလ်ထရမ့်ရဲ့ မူဝါဒတွေနဲ့တော့ ဆန့်ကျင်နေတာပါ။

လွှတ်တော်ရဲ့အမိန်နဲ့ရေးသား ထုတ်ပြန်ထားတဲ့ဒီအစီရင်ခံစာဟာ ကျေးဇူးတော်နေ့ အားလပ်ရပ်နေ့တွေမှာ တိတ်တိတ်ဆိတ်ဆိတ်နဲ့ ထွက်ခဲ့တာပါ။

အိမ်ဖြူတော်ကတော့ ဒီအစီရင်ခံစာအပေါ်တုံ့ပြန်ချက်မပေးသေးပါဘူး။ စာမျက်နှာပေါင်း တထောင်ကျော်ပါတဲ့ အမေရိကန် ရာသီဥတုပြောင်းလဲမှုဆိုင်ရာခန့်မှန်းချက် အစီရင်ခံစာမှာ သတိပေးထားတာက ကမ္ဘာကြီးပူနွေးလာ မှုကြောင့် ပိုပြင်းထန်ပြီး အချိန်ပိုကြာမယ့် သဘာဝဘေး အန္တရာယ်တွေကြုံရဦးမယ်ဆိုတာပါပဲ။

ဒီလိုဖြစ်လာနိုင်တဲ့အခြေအနေတွေအတွက် ထိရောက်တဲ့ဆောင်ရွက်မှုတွေမရှိရင်တော့ ပိုပြီး ဆိုးဝါးတဲ့အဖြစ်တွေ ကြုံ ရလိမ့်မယ်လို့လည်း အစီရင်ခံစာကသတိပေးထားပါတယ်။ ဒီလို အဖြစ်ဆိုးတွေကိုရှောင်ရှားနိုင်အောင် မူဝါဒချမှတ်ပြီး လုပ်ဆောင်ဖို့လိုတယ်လို့လည်း အစီရင်ခံစာက တိုက်တွန်းပါတယ်။ ဒီအစီရင်ခံစာထွက်ပေါ်လာရေးလုပ်ဆောင်ကြတဲ့ အစိုးရအဖွဲ့အစည်း ၁၃ ခုထဲမှာ စိုက်ပျိုးရေးဝန်ကြီးဌာနနဲ့ အာကာသစူးဆန်းလေ့လာရေးအဖွဲ့ NASA နဲ့ သုတေသီသုံးရာကျော်ပါဝင်ပြီး ပြုစုထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG