သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်ပွဲ ကယ်လီဖိုးနီးယားမှာ မြန်မာတွေ မဲပေးဖို့ပြင်ဆင်


ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်းများ ဖြစ်သော ဟီလာရီ ကလင်တန်နှင့် ဘာနီ ဆန်းဒါး။ (AP Photo/Seth Wenig)
ဒီမိုကရက်ပါတီ သမ္မတ ကိုယ်စားလှယ်လောင်းများ ဖြစ်သော ဟီလာရီ ကလင်တန်နှင့် ဘာနီ ဆန်းဒါး။ (AP Photo/Seth Wenig)

အမေရိကန်သမ္မတ ကိုယ်စားလှယ်လောင်း ရွေးချယ်မှု တွေထဲက နောက်ဆုံး ပြည်နယ်တွေအဖြစ်နဲ့ ကယ်လီဖိုးနီးယား ပြည်နယ် အပါအဝင် ပြည်နယ် (၆) ခုနှစ်မှာ ဒီကနေ့ ကျင်းပမှာ ဖြစ်ပါတယ်။ ကာလီဖိုးနီးယား ပြည်နယ်ဟာ အမေရိကန် ရွေးကောက်ပွဲတွေမှာ လူဦးရေအများဆုံးနဲ့ ကိုယ်စားလှယ် အရေအတွက် အများဆုံး ရနိုင်တဲ့ပြည်နယ်ဖြစ်တဲ့ သမ္မတလောင်းတွေအတွက် အရေးပါတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။

ဒီကနေ့ကျင်းပမယ့် ကာလီဖိုးနီးယားပြည်နယ်က ပါတီတွင်း ရွေးချယ်မှုတွေမှာ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေက ဘယ်သူတွေကို မဲပေးကြမယ်ဆိုတာကိုတော့ ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

California ၊ New Jersey ၊ Montana ၊ New Mexico ၊ North Dakota နဲ့ South Dakota ပြည်နယ်တို့မှာ ဒီကနေ့ ပါတီတွင်း ပဏာမ ရွေးချယ်မှုတွေကို ကျင်းပကြမှာ ဖြစ်ပါတယ်။

ရီပတ်ဘလီကန်ပါတီဖက်မှာ ဘီလီယံနာသူဌေးကြီး Donald Trump က ပါတီကို ကိုယ်စားပြုပြီး သမ္မတရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ရမယ့် ကိုယ်စားလှယ် လောင်း ဖြစ်ဖို့ သေချာသလောက် ရှိသွားပြီ ဖြစ်တဲ့အတွက် ဒီကနေ့ ပြည်နယ် (၆) ခုမှာ ကျင်းပတဲ့ ပါတီတွင်း ရွေးချယ်မှုတွေဟာ ဒီမိုကရက်ပါတီ အတွက်သာ အရေးပါမှာ ဖြစ်ပါတယ်။

ကာလီဖိုးနီးယားပြည်နယ်မှာ ကျင်းပမယ့် ဒီမိုကရက်တစ်ပါတီတွင်း သမ္မတ ကိုယ်စားလှယ်လောင်း ပဏာမ ရွေးချယ်မှု တွေမှာ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့ Vermont ပြည်နယ် အထက်လွှတ်တော်အမတ် Bernie Sanders တို့ ပြိုင်ဖက် ၂ ဦးအကြား အကြိတ်အနယ် ယှဉ်ပြိုင်ကြရမယ့် အလားအလာ ရှိနေပါတယ်။

အစောပိုင်းက ကာလီဖိုးနီးယားပြည်နယ်မှာ Hillary Clinton က အပြတ်အသတ် အနိုင်ရလိမ့်မယ်လို့ ခန့်မှန်း ပြောဆိုခဲ့ကြပေမယ့် အခု နောက်ဆုံး ကောက်ယူခဲ့တဲ့ လူထုစစ်တမ်းတွေအရ Hillary Clinton ဟာ Bernie Sanders ထက် ၂% ပဲ သာတော့တယ်လို့ ဖော်ပြနေကြတဲ့အတွက် နိုင်ငံရေးအကဲခတ်တွေအကြား အံ့အားသင့်စရာ ဖြစ်ခဲ့ရတာပါ။

ကာလီဖိုးနီးယားပြည်နယ်အတွင်းမှာ ရှိနေကြတဲ့ မြန်မာနွယ်ဖွား အမေရိကန် နိုင်ငံသားတွေကလည်း သူတို့ ကြိုက်နှစ်သက်ရာ သမ္မတ ကိုယ်စားလှယ်လောင်း အသီးသီးကို မဲပေးကြဖို့ ရည်ရွယ်ထားကြတာပါ။

Los Angeles မြို့က ကိုကျော်ကျော်ဝင်းကတော့ အတွေ့အကြုံလည်း ရင့်ကျက်ပြီး မြန်မာနိုင်ငံအတွက် ပိုပြီးသင့်တော်မယ့် ကိုယ်စားလှယ်လောင်းဖြစ်တဲ့ Hillary Clinton ကို မဲပေးမယ်လို့ ပြောပါတယ်။

“ကျနော် Hillary Clinton ကို မဲပေးပါမယ်။ သူ့အတွေ့အကြုံကြောင့်ပေါ့၊ သူ့လုပ်သက်ရယ်၊ နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်ခဲ့တဲ့ သက်တမ်းရယ်၊ သူ့ရဲ့ Experience ကြောင့်ပေါ့။ နောက် မြန်မာပြည်မှာ ရှိနေတဲ့ နိုင်ငံရေးနဲ့ လက်ရှိ ဖြစ်နေတဲ့ နိုင်ငံရေးနဲ့ သူနဲ့ ပိုပြီး ရင်းနှီးကျွမ်းဝင်တယ်လို့ ယူဆ လို့ပါ။ နောက်ပြီးတော့ Bernie Sanders ကျတော့ သူက ကောလိပ်နဲ့ ပတ်သက်ပြီးတော့ ကျူရှင် (Fee) ကြေးတွေ ဘာတွေ ပေးစရာ မလိုဘူးလို့ သူပြောတယ်။ သူပြောတာတွေကတော့ ကောင်းပါတယ်။ ဒါပေမယ့် လက်တွေ့ကျကျမှာ ဖြစ်နိုင်ဖို့က ခဲယဉ်း တယ် လေ။ ဖြစ်နိုင်ရင်တော့ ကောင်းတာပေါ့ဗျာ။ ဒါပေမယ့် လက်ရှိဖြစ်နေတဲ့ အခြေအနေအရ ဒီနိုင်ငံရဲ့ အခြေအနေအရ ဖြစ်နိုင်တဲ့အခြေအနေ မရှိဘူးလို့ ကျနော် ယူဆလို့ပါ။”

Los Angeles မြို့ခံ နောက်တဦးဖြစ်တဲ့ ကိုမိုးကျော်ကလည်း Hillary Clinton ရဲ့ အတွေ့အကြုံ အရည်အချင်းတွေကို သဘောကျတဲ့အတွက် သူမကိုပဲ မဲပေးမယ်လို့ ပြောပါတယ်။

“Hillary Clinton ၊ ဒီမိုကရက်တစ်ပါတီကပါပဲ။ အဓိကက မိခင်နဲ့ ကလေးတွေအတွက် အထူးတလည် လုပ်ဆောင်ခဲ့တာတွေ အများကြီးပဲဗျ။ ဟို Minority တွေအတွက်ရော၊ နောက် Women Rights တို့ ဘာတို့၊ ဆိုတဲ့အတွက် အဲဒီအချက်တွေက I truly believe in it (ကျနော်တကယ်ယုံကြည်တဲ့အချက်တွေ) ဆိုတော့ ၊ အဲဒါတွေကြောင့် ကျနော် သူ့ကို ပေးဖို့ ဆုံးဖြတ်တာ ဗျ။ နောက်ဆုံးတခုကတော့ သူက Bernie Sanders နဲ့ ရွေးရမယ် ဆိုရင်၊ နှစ်ယောက်စလုံးကို ကျနော် ကြိုက်တယ်ဗျ။ နောက်ဆုံးတော့ ပြောရရင်တော့ (အထွေထွေ) ရွေးကောက်ပွဲကို သူနိုင်နိုင်တယ်ပေါ့ဗျာ။ အဲဒါကြောင့်မို့လို့ သူ့ကို ရွေးတာခင်ဗျ။ ကျနော်ထင်တယ်၊ မနက်ဖြန်ကျရင်တော့ - ကျနော် လုံးဝယုံကြည်တယ်၊ Hillary Clinton နိုင်မယ်လို့ပဲ ကျနော် မြင်တယ်ခင်ဗျ။ နောက် General election (အထွေထွေရွေးကောက်ပွဲ) မှာလည်း ရီပတ်ဘလီကန် သမ္မတလောင်း Donald Trump ကို သူ လုံး၀ မဲအပြတ်အသတ်နဲ့ နိုင်မယ်ဆိုတာ ကျနော်တို့က - အဲဒီလို ယုံကြည်တဲ့အတွက် ကျနော်က မဲပေးတာဗျ။”

ကိုဘိုစောကောင်းကတော့ Bernie Sanders ရဲ့ မူဝါဒတွေကို သဘောကျတဲ့အတွက် သူ့ကို မဲပေးမယ်လို့ ပြောပါတယ်။

“ကျနော် စိတ်ကူးထားတာကတော့ Bernie Sanders ပါခင်ဗျား။ သူက အခြေခံလူတန်းစားတွေကို ကိုယ်စားပြု တယ် ပေါ့နော်။ ကျောင်းသားတွေ အတွက်တွေ၊ အလုပ်သမား လူတန်းစားတွေ၊ သူတို့ကို ကိုယ်စားပြုတဲ့အတွက် ကျနော် အားလုံးထက် ကောင်းမယ်ထင်လို့ပေါ့ဗျာ။ Bernie Sanders ကိုယ်တိုင် ကလည်း သူက နောက်ဆုံး ထွက်သက်အထိ မလျော့တမ်း ချသွားမယ်ဆိုတဲ့ လူတယောက်ဆိုတော့ ကျနော် သူ့ အဲဒီဥစ္စာကိုလည်း သဘောကျတယ်ဗျ။ နောက် အဲဒီလို မလျော့တမ်းဇွဲနဲ့ တိုက်သွားတဲ့ လူတယောက်မို့လို့ ကျနော်ကလည်း ဆက်ပြီးတော့ အဲဒါ အားပေးတယ်ပေါ့နော့်။ ကျိန်းသေတာကတော့ Donald Trump ကို မဲမပေးဖို့ကတော့ ကျိန်းသေပါတယ်ခင်ဗျ။ ဒီဘက်က ဒီမိုကရက်တစ်ပါတီက ဘယ်သူပဲနိုင်နိုင်၊ အဲဒီ နိုင်တဲ့သူတယောက်ကိုတော့ ဆက်ပြီးတော့ ထောက်ခံသွားဖို့ အစီအစဉ် ရှိပါတယ်။”

ကာလီဖိုးနီးယားပြည်နယ်၊ Torrance မြို့မှာနေတဲ့ မမိုးမိုးကတော့ ရီပတ်ဘလီကန် ပါတီက သမ္မတကိုယ်စားလှယ်လောင်း Donald Trump ကို မဲပေးမယ် လို့ ပြောပါတယ်။

“ရီပတ်ဘလီကန်ပါတီက Donald Trump ကို မဲပေးမှာပါ။ နံပတ်တစ်က သူက အရင်ကလို Politician (နိုင်ငံရေးသမား) မဟုတ်တာကတကြောင်း၊ သူက စီးပွားရေးမှာ အရမ်းအောင်မြင်နေတဲ့ စီးပွားရေးသမားကြီးပါ။ နောက်တခုက ကျမက Legal immigration (အမေရိကန်ထဲ တရားဝင် လာရောက်နေထိုင်သူ) ကို အားပေးပါတယ်။ Illegal immigrant (တရားမဝင် လာရောက်နေထိုင်သူ) ကို အားမပေးပါဘူး။ ဒါကြောင့်မို့လို့ သူ့ကို အကြိုက်ဆုံးအချက်က ဒါပါပဲ။”

ဒေသစံတော်ချိန် အင်္ဂါနေ့ညအထိတော့ ဒီမိုကရက်ပါတီက သမ္မတ ကိုယ်စားလှယ် လောင်းတွေဖြစ်ကြတဲ့ Hillary Clinton နဲ့ Bernie Sanders တို့ ၂ ဦးဟာ အကြိတ်အနယ် မဲဆွယ် စည်းရုံးနေကြပါတယ်။

Puerto Rico ကျွန်းမှာ ဇွန်လ ၅ ရက်နေ့က ကျင်းပခဲ့တဲ့ ပါတီတွင်း ရွေးချယ်မှုမှာ Hillary Clinton က အနိုင်ရလိုက်တဲ့အတွက် သူမအနေနဲ့ သတ်မှတ်ထားတဲ့ ကိုယ်စားလှယ် အရေအတွက် ၂,၃၈၃ ဦး ပြည့်ဖို့ ကိုယ်စားလှယ် ၂၆ ဦးသာ လိုပါတော့တယ်။

ဒီကနေ့ ကျင်းပမယ့် New Jersey ပြည်နယ်က ပါတီတွင်း ရွေးချယ်မှုမှာ Hillary Clinton က အပြတ်အသတ် အနိုင်ရမယ်လို့ လူထု စစ်တမ်းတွေမှာ ဖော်ပြထားတဲ့အတွက် ကာလီဖိုးနီးယားပြည်နယ်ထက် မဲရုံတွေ စောပြီးပိတ်မယ့် New Jersey ပြည်နယ် ရွေးချယ်မှုပြီးရင် သူမဟာ ဒီမိုကရက်ပါတီရဲ့ ကိုယ်စားလှယ်လောင်း ဖြစ်ဖို့ သေချာသလောက် ရှိသွားပြီ ဖြစ်ပါတယ်။

Bernie Sanders အနေနဲ့ကတော့ ဒီကနေ့ ကျင်းပတဲ့ ပြည်နယ် (၆) ခုစလုံးမှာ အနိုင်ရရင်တောင် ပါတီကို ကိုယ်စားပြုနိုင်မယ့် လုံလောက်တဲ့ ကိုယ်စားလှယ် အရေအတွက် ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ်စားလှယ် ၅၄၆ ဦးရနိုင်မယ့် ကာလီဖိုးနီးယားပြည်နယ်မှာ အနိုင်ရလိုက်ရင်တော့ သူ့အနေနဲ့ ဇူလိုင်လအတွင်း ကျင်းပမယ့် ဒီမိုကရက် ပါတီညီလာခံအထိ သူ့ရဲ့ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုတွေကို ဆက်လက် လုပ်ဆောင်သွားနိုင်မယ်လို့ ခန့်မှန်း ပြောဆို နေကြ ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG