သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယားတက္ကသိုလ်ပစ်ခတ်မှု ၂ ဦးသေဆုံး


အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ် Los Angeles မြို့က UCLA လို့ခေါ်တဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်မှာ ဇွန်လ ၁ ရက် ဗုဒ္ဓဟူးနေ့ မနက်ပိုင်းက သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး၊ လူ ၂ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၂ ဦးထဲက ၁ ဦးဟာ သေနတ်သမားဖြစ်ပြီး၊ သေနတ်သမားက ပစ်ခတ်ခဲ့ပြီးနောက် ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတယ်လို့ သတင်းတွေက ဆိုပါတယ်။ လောလောဆယ်မှာတော့ အခြေအနေတွေအားလုံးကို ထိန်းချုပ်လိုက်နိုင်ပြီလို့ ရဲတွေက ပြောဆိုခဲ့ပါတယ်။ အသေးစိတ်ကိုတော့ မနန္ဒာချမ်း က တင်ပြထားပါတယ်။

ဇွန်လ ၁ ရက်နေ့ ဒေသစံတော်ချိန် မနက် ၁၀ နာရီဝန်းကျင်မှာ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ကျောင်းပရဝုဏ် တောင်ဘက်ခြမ်းမှာ ရှိတဲ့ အင်ဂျင်နီယာ ဘာသာရပ်ဆိုင်ရာ သင်ကြားပို့ချဆောင်ရဲ့ ရုံးခန်းငယ်တခုမှာ သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။ အရေးပေါ် 911 ဖုန်းခေါ်ဆိုမှုကို အာဏာပိုင်တွေ လက်ခံရရှိပြီးနောက် ၂ နာရီလောက်အကြာမှာပဲ ကျောင်းပရဝုဏ်ဟာ လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ ရှိသွားပြီဖြစ်တဲ့အကြောင်း သတင်းစာ ရှင်းလင်းပွဲအတွင်း LA ရဲတပ်ဖွဲ့က ရဲချုပ် ချာလီ ဘခ် (Charlie Beck) က ကြေညာခဲ့တာပါ။

“မနက် ၁၀ နာရီလောက်က UCLA တက္ကသိုလ်ရဲ့ တောင်ဘက်ခြမ်းက အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာ ကျောင်းဆောင်မှာ လူသတ်မှု ဒါမှမဟုတ် ကိုယ့်ကိုယ်ကို အဆုံးစီရင်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့အခြေအနေကို အခု ထိန်းထားနိုင်လိုက်ပါပြီ။ သံသယဖြစ်စရာ လူမရှိတော့ဘူးလို့ ကျနော်တို့ ယုံကြည်ပါတယ်။ ပုံမှန်အခြေအနေမှာ နောက်ထပ် ခြိမ်းခြောက်မှုတွေ မရှိတော့ပါဘူး။”

အခြေနေအသေးစိတ်ကိုတော့ စုံစမ်းနေဆဲဖြစ်ပြီး၊ ပစ်ခတ်မှုဖြစ်တဲ့ နေရာအနီးဝန်းကျင်မှာ ကိုယ့်ကိုယ်ကို သတ်မသေခင် ရေးခဲ့တဲ့စာလို့ ယူဆရတဲ့ စာတစောင်နဲ့အတူ သေနတ်တလက်ကိုလည်း တွေ့ရှိထားပါတယ်။ သေဆုံးသူ ၂ ဦးစလုံးဟာ အရွယ်ရောက်ပြီးသား အမျိုးသားတွေဖြစ်ကြပြီး၊ ဘယ်သူ ဘယ်ဝါဆိုတာကို ရဲတွေက အခုအခါ ထုတ်ဖော်မပြောသေးပါဘူး။ ဒါပေမဲ့လည်း လူငယ် ၁ ဦးက သူ့ရဲ့ ပါမောက္ခကို မကျေနပ်တဲ့အတွက် သေနတ်နဲ့ ပစ်သတ်ပြီးနောက် သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တာဖြစ်တယ်လို့ ရဲအရာရှိတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး Las Angeles Times သတင်းမှာ ဖော်ပြထားပါတယ်။ အခင်းဖြစ်ပွားခါစမှာ လုံခြုံရေးအတွက် ကျောင်းပရဝုဏ်တခုလုံးကို အဝင်အထွက် ရဲတွေက ပိတ်ထားခဲ့တာကြောင့် - စာသင်ခန်း အတွင်း ပိတ်နေသူတွေထဲ - မြန်မာကျောင်းသူ မခိုင်ဇာသင်း လည်း ပါဝင်ပါတယ်။

“ကျောင်းသားတွေနဲ့ ဆရာတွေနဲ့ အပြန်အလှန် ဆွေးနွေးနေတဲ့အချိန်မှာ အဲဒီမှာ ကျောင်းသားတယောက်ကနေပြီးတော့ ဒီ campus မှာ active shooting ရှိတယ်ဆိုတဲ့ အီးမေးလ်ရတယ်ပြောတော့ ဆရာရော၊ ကျောင်းသားတွေရော ရုတ်တရက်ဆိုတော့ အရမ်းပဲ လန့်သွားကြတယ်။ ပြီးလဲပြီးရော အဲ့လောက်ထိ မကြီးဘူးထင်ပြီးတော့ ဒီအတိုင်းပဲ ဆရာက ဆက်ပြီးတော့ စာဆက်သင်တာပေါ့နော်။ နောက်မကြာဘူး ရဲကားသံတွေရော၊ ရဟတ်ယာဉ် သံတွေရော အများကြီး အတန်းထဲရှိနေတာတောင်မှ ကျယ်ကျယ်လောင်လောင် ကြားရတယ်။ ပြီးလဲပြီးရော ခဏကြာတော့ ဆရာကနေပြီးတော့ တံခါး ဂျက် ကျ - မကျ သေချာသွားစစ်တယ်ရှင့်။ ပြီးတော့ တယောက်မှ အပြင်မထွက်နဲ့လို့ ပြောတယ်လေ။ တံခါးလာခေါက်လို့ရှိရင်လည်း မဖွင့်ဘူးဆိုပြီး ဆရာကနေ ညွှန်ကြားတယ်လေ။ အရမ်းကြီးလည်းပဲ လန့်သွားကြတယ်။ အိမ်သာသွားချင်တာတောင်မှ အုပ်စုလိုက် ဟိုဘက်ကြည့် ဒီဘက်ကြည့် ရှင်းပြီဆိုတော့မှ မြန်မြန်ပြေးပြီးမှ သွားရတာ။ အဲတော့ တော်တော်လေး လန့်ဖို့ကောင်းပါတယ်။ တကယ်တမ်း သေနတ်ပစ်နေတာ ဘယ်လောက်ကြာ လဲတော့ မသိဘူး။ ဒါပေမဲ့ ကျောင်းသားတွေအကုန်လုံး အထဲမှာ ပိတ်မိသွားတာ ၁ နာရီကျော်လောက် ကြာသွားတယ်ရှင့်။”

မေး - အဲဒီဖြစ်တဲ့နေရာနဲ့ ညီမတို့ စာသင်နေတဲ့ အဆောင်နဲ့က ဘယ်လောက်လောက် ဝေးလဲ။

ဖြေ - “သိပ်တော့မဝေးဘူး။ ဒါပေမဲ့ လမ်းလျှောက်မယ်ဆိုရင်တော့ ၁၅ မိနစ်လောက်ဆိုရင် ရောက်ပြီ။”

မေး - အခုကျတော့ ညီမတို့က ပြန်ထွက်ခွင့်ရပြီလား။

ဖြေ - “ရဲတွေက ပထမဆုံး CBS သတင်းမှာ အကုန်လုံး ရှင်းသွားပြီလို့ပြောတယ်။ ပြီးလဲပြီးတော့ ညီမတို့ UCLA မှာ Alert System ဆိုတာ ရှိတယ်လေ။ အဲဒီကနေ ကျောင်းသားတွေဆီကို အီးမေးလ်ပို့တယ်။ Text Message ပို့တယ်။ အကုန်လုံး ရှင်းသွားပြီ။ နဂိုအတိုင်း လမ်းလျှောက်လို့ရပြီဆိုပြီးတော့ အဲဒါနဲ့ အကုန်လုံး ထွက်လာကြပါတယ်။ ဒါပေမဲ့ တချို့ ကျောင်းသားတွေကကျတော့ ပြန်ဖို့အတွက် တော်တော်လေး လမ်းလျှောက်ရတယ်လေ။ အဲဒါကြောင့် သူတို့အုပ်စုဖွဲ့ပြီးတော့ ရဲတယောက်ကနေ Escort လုပ်ပြီးတော့ သွားပါတယ်။ အခုချိန်ထိ ညီမ အပြင်မှာ ရပ်စောင့်နေတာပေါ့နော်။ အိမ်က လာကြိုမယ့်ကားကို စောင့်နေတာပါ။ ခေါင်းပေါ်မှာ ရဟတ်ယာဉ်တွေ၊ သတင်းထောက်တွေ အများကြီးပဲ။”

မေး - အခု ဖြစ်သွားတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ရော ညီမတို့ ကျောင်းသူကျောင်းသားတွေကို ဘာမှာကြားမှု ရှိသေးလဲ။

ဖြေ - “လောလောဆယ်တော့ ဘာမှတော့ အဲ့လိုမျိုး မပြောသေးဘူးပေါ့နော်။ ဒါပေမဲ့ ဒီနေ့ တနေ့လုံးမှာရှိတဲ့ class တွေအကုန်လုံးကို ဖျက်လိုက်တယ်။ တချို့အတန်းတွေကိုလည်း မနက်ဖြန်မှာ ဖျက်ကောင်းဖျက်လိမ့်မယ်လို့ ကြားတယ်။”

တခါ UCLA မှာ အလုပ်လုပ်ကိုင်နေတဲ့ မအေးမွန်ထွဋ် ကလည်း သူ့ရဲ့ အတွေ့အကြုံကို အခုလို ပြောပါတယ်။

“မနက်တုန်းက အလုပ်သွားတော့ လမ်းမှာတင်ပဲ ကားမောင်းနေတုန်း Message တွေ ဝင်လာတယ်။ ကားပါကင်ထဲရောက်သွားတော့မှ ဖုန်းကိုကြည့် လိုက်တော့ Message တွေ တွေ့တဲ့အခါကျတော့ ကျောင်းထဲမဝင်တော့ဘဲနဲ့ ကားပါကင်ကနေပဲ ပြန်လှည့်လာတာ။ ကားထဲကနေတော့ ထွက်လိုက် သေးတယ်။ ဒါပေမဲ့ ရုံးထဲ ကျောင်းခန်းထဲထိ မဝင်လိုက်ဘူး။ ကားရပ်တဲ့ မြေအောက်ကနေပဲ ပြန်လှည့်လာလိုက်တာ။ ကားပါကင်နဲ့ ဖြစ်တဲ့နေရာနဲ့က အဆောက်အဦး ၅ ခုလောက် ကွာမှာပေ့ါနော်။ အိမ်ရောက်တော့ သတင်းတွေ သွားကြည့်ပြီးတော့ ဖုန်းထဲမှာလည်း ကျောင်းက ထပ်ပို့တဲ့ Message တွေကို ကြည့်နေတော့ လွန်ခဲ့တဲ့ ၁ နာရီခွဲလောက်ကပဲ All Clear ဆိုတဲ့ Message တွေ့ရတယ်ပေါ့နော်။”

မေး - မနက်ဖြန်ဆိုရင်ကော ကျောင်းတွေက ပုံမှန်ပြန်လည်ပတ်ဖို့ အစီအစဉ်ရှိလား။

“လည်ပတ်မယ့်အစီအစဉ်တွေတော့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒီနေ့တောင်မှ အိမ်ပြန်ရောက်ပြီးတဲ့သူတွေတော့ အိမ်ကနေ လှမ်းပြီး အလုပ်လုပ်ကြ တာပေါ့နော်။ ပိတ်တယ်တို့ မလာနဲ့တို့ ဘာသတင်းမှ မကြားဘူးဆိုတော့ မနက်ဖြန် မိုးလင်းလို့မှ မလာနဲ့တို့ ဘာတို့ ထပ်မကြားဘူးဆိုရင်တော့ ပုံမှန်အတိုင်းပဲ ပြန်ဖြစ်မှာပေါ့။”

၄၁၉ ဧက ကျယ်ဝန်းတဲ့ UCLA တက္ကသိုလ်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသူကျောင်းသားပေါင်း ၄ သောင်းခွဲနီးပါးရှိပြီး၊ ပစ်ခတ်မှုဟာ ဖိုင်နယ် စာမေးပွဲတွေမတိုင်ခင် တပတ်အလိုမှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်ရှင်။

ဗွီဒီယိုကို ဒီလင့်မှာကြည့်ရှုနိုင်ပါသည်။

တိုက်ရိုက် လင့်ခ်
ကယ်လီဖိုးနီးယားတက္ကသိုလ်ပစ်ခတ်မှု ၂ ဦးသေဆုံး
please wait

No media source currently available

0:00 0:00:43 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG