သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား တောမီး မငြိမ်းသတ်နိုင်သေး


ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်းနဲ့ မြောက်ပိုင်းဒေသတွေမှာ တပြိုင်ထဲလောင်နေတဲ့ တောမီးတွေကို ထောင်ပေါင်းများစွာသော မီးသတ်သမားတွေ ငြိမ်းသတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒီတောမီးတွေကြောင့် အနည်းဆုံး လူ ၄၄ ဦး သေဆုံးပြီး ၂၂၈ ဦးလောက်လဲ ပျောက်ဆုံးနေဆဲ ဖြစ်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

Camp Fire လို့ အမည်ပေးထားတဲ့ ပြည်နယ်မြောက်ပိုင်းက လူဦးရေ ၃ သောင်းနီးပါးရှိတဲ့ Paradise မြို့ အနီးဝန်းကျင် ဒေသတွေမှာ လောင်ကျွမ်းနေတဲ့ တောမီးကြောင့် အနည်းဆုံး လူ ၄၂ ဦး သေဆုံးပြီး တမြို့လုံးနီးပါး မီးလောင်ပြင် ဖြစ်သွားခဲ့ပါတယ်။

ဒီတောမီးဟာ တခါမှ မကြုံဘူးတဲ့ အတိုင်းအတာနဲ့ လောင်ကျွမ်းနေတာဖြစ်ကြောင်း၊ မီးလောင်တဲ့ဒေသတွေကို လူကိုယ်တိုင် သွားကြည့်လိုက်ရင် ဘယ်လောက်အထိ ဆိုးရွားတယ်အခြေအနေနဲ့ သူတို့ ရင်ဆိုင်နေရတယ်ဆိုတာကို သိရှိနိုင်မှာဖြစ်ကြောင်း၊ သူ့အနေနဲ့ လူ့အသက်တွေကို တတ်နိုင်သလောက်၊ အမြန်ဆုံး ကယ်တင်၊ ကာကွယ်ပေးလိုကြောင်း၊ ဘာကြောင့်လည်းဆိုတော့ ကျန်ရစ်သူ မိသားစုဝင်တွေဟာ သူတို့ ချစ်ခင် နှစ်သက်သူတွေ ဘာဖြစ်နေသလဲဆိုပြီး ခံစားနေကြရတဲ့ အခြေအနေကို သူ့အနေနဲ့ ကိုယ်ချင်းစာနာမိကြောင်း Butte ခရိုင် ရဲတပ်ဖွဲ့အကြီးအကဲ Kory Honea က သတင်းထောက်တွေကို ပြောပါတယ်။

မီးလောင်ပြီးတဲ့နေရာတွေက ရှာဖွေ တွေ့ရှိတဲ့အလောင်းတွေကို အမြန်ဆုံး စစ်ဆေးနိုင်ရေးအတွက် မီးလောင်နေတဲ့နေရာနဲ့ အနီးဆုံးနေရာကို DNA စစ်ဆေးတဲ့ စက်တွေ၊ လူသေအလောင်းရှာတဲ့ ခွေးတွေ၊ ရွေ့ပြောင်းလို့ရနိုင်တဲ့ ရင်ခွဲရုံတွေကို အာဏာပိုင်တွေကို သယ်ဆောင်ထားပြီး ဖြစ်ပါတယ်။

ပစိဖိတ်ကမ်းခြေတလျှောက် မီးလောင်နေတဲ့ မိုင် ၆၂၀ ကျော် ပတ်လည်မှာရှိနေတဲ့ ဒေသခံ ၂ သိန်းခွဲလောက်ကို ဘေးကင်းရာကို အာဏာပိုင်တွေက ရွေ့ပြောင်းခိုင်းထားပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်း၊ Los Angeles မြို့အနီးက ဟောလိဝုဒ် မင်းသား၊ မင်းသမီးတွေ၊ အဆိုတော်နေတွဲ့ လူကုန်တန်တွေ နေတဲ့ အရပ်ဒေသမှာ လောင်နေတဲ့ တောမီးကြောင့် နာမည်ကြီး တော်တော်များများရဲ့အိမ်တွေလည်း မီးထဲ ပါကုန်တယ်လို့ ဆိုပါတယ်။ ဒါဟာ ကယ်လီဖိုးနီးယားပြည်နယ်သမိုင်းမှာ အဆိုးဆုံးလောင်ကျွမ်းတဲ့ တောမီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG