သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ရှေးဟောင်းမြို့ ရှာပုံတော်


ကမ္ဘောဒီးယားနိုင်ငံမှာ နှစ်ပေါင်းများစွာ ပျောက်ကွယ်နေတဲ့ ရှေးဟောင်းမြို့ကြီးတစ်ခုကို သုတေသနပညာရှင်တွေ စတင် တွေ့ရှိခဲ့ပါပြီ။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁,၂၀၀ ကျော်လောက်ကတည်းက တည်ရှိခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရတဲ့ ဒီမြို့ဟောင်းဟာ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ကနေ ကမ္ဘာ့ရှေးဟောင်း အမွေအနှစ်အဖြစ် သတ်မှတ်ထားတဲ့ အန်းကောဝပ် ဘုရားကျောင်းတော်ထက်ကို ခေတ်စောနိုင်တယ်လို့ ပညာရှင်တွေက ယုံကြည်ထားကြတာပါ။ ဒီမြို့ကြီးကို ရှေးဟောင်း သုတေသန ပညာရှင်တွေ ဘယ်လို ရှာဖွေ တွေ့ရှိခဲ့ကြသလဲ ဆိုတာကိုတော့ မနန္ဒာချမ်းက တင်ပြထားပါတယ်။

နှစ်ပေါင်းများစွာ ပျောက်ကွယ်နေခဲ့တဲ့ မဟန်ဒရာ ပါဗာတာ (Mahendraparvata) မြို့ဟောင်းကို ခေတ်ပေါ် လေဆာရောင်ခြည် အသုံးပြုပြီး မြေပုံရေးဆွဲတဲ့ နည်းပညာသစ်တွေရဲ့ အကူအညီနဲ့ ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့မှာ တွေ့ရှိခဲ့ပြီ ဖြစ်တဲ့အကြောင်း ရှေးဟောင်း သုတေသနပညာရှင်တွေကနေ ပြီးခဲ့တဲ့လလယ်က ကြေညာခဲ့ပါတယ်။

၁၂ ရာစုလောက်မှာ တည်ဆောက်ခဲ့တဲ့ အန်ကော ဝပ် (Angkor Wat) ဘုရားကျောင်းတော်မတိုင်ခင် နှစ်ပေါင်း ၃၅၀ လောက်မှာကတည်းက ဒီ မဟန်ဒရာ ပါဗာတာ မြို့ဟောင်းဟာ အရင်တည်ရှိခဲ့တာ ဖြစ်နိုင်တယ်လို့ ယူဆရပြီး၊ အခုအချိန်မှာတော့ ဒီမြို့ဟောင်းကြီးဟာ ကမ္ဘောဒီးယားနိုင်ငံ ရဲ့ ပြည်တွင်းစစ်အတွင်းက မြှုပ်ခဲ့တဲ့ မြေမြှုပ်မိုင်းတွေနဲ့ သစ်ပင်ခြုံနွယ်တွေ ထူထပ်တဲ့ တောနက်ကြီးအောက်မှာ လူမသိ သူမသိ တည်ရှိနေတာ လည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဒီလို တောကြီးမျက်မည်းအောက်မှာ ရှိနေတဲ့ မြေနေရာကို အတိအကျ ကောက်ကြောင်းရေးဆွဲနိုင်အောင်လို့ ရှေးဟောင်းသုတေသန ပညာရှင်တွေက Lidar အမည်ရှိ ဒီ လေဆာအသုံးပြုပြီး မြေပုံရေးဆွဲတဲ့ နည်းပညာသစ်ကို အသုံးပြုခဲ့ကြတာ ဖြစ်ပါတယ်။ မောင့်ခူလန် (Mount Kulen) တောင်နဲ့ပတ်သက်တဲ့ နောက်ထပ်အချက်အလက်တွေကို နှစ်ပေါင်းများစွာ သုတေသနလုပ်ပြီး မြေပုံဆွဲသူလည်းဖြစ်၊ တခါ မြေပုံကိုကြည့်ပြီးတော့ ဒီပျောက်ဆုံးနေတဲ့ မဟန်ဒရာ ပါဗာတာ မြို့ဟောင်းကြီးကို တွေ့အောင် ပထမဆုံး ရှာနိုင်ခဲ့သူလည်းဖြစ်တဲ့ Stephane De Greef က -

“တကယ့်ကို အကြီးကြီးပဲ။ ဒါဟာ တကယ့်အပြောင်းအလဲတစ်ခုပါပဲ။ ရာစုနှစ် ၁ စု ဒါမှမဟုတ် ဒီထက်မကတဲ့ အချိန်အတွင်းမှာ အကြီးမားဆုံး ရှာတွေ့ခဲ့တဲ့ ရှေးဟောင်းမြို့တော်လို့ပဲ ကျနော် ပြောချင်ပါတယ်။”

အရင်တုန်းကတော့ ဒီ မောင့်ခူလန်တောင်တဝိုက်က ပျောက်ဆုံးနေတဲ့ မြို့တမြို့နဲ့ ပတ်သက်တဲ့ သီအိုရီတွေ၊ Stephane ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီမှာ ရှိခဲ့ပေမဲ့ ပတ်ဝန်းကျင် မြေအနေအထားအရ တိုင်းထွာဖို့ ခက်ခဲတာကြောင့် အထောက်အထား နည်းနည်းပဲ ရခဲ့တာဖြစ်ပါတယ်။ အခု နောက်ဆုံးမှာတော့ Stephane ရော၊ သူ့လုပ်ဖော်ကိုင်ဖက်တွေပါ ဒီမြို့ဟောင်းကြီးရဲ့ အရွယ်အစားကိုလည်း ခန့်မှန်းလို့ ရနေပါပြီ။

မောင့်ခူလန် တောင်ခြေမှာရှိတဲ့ နေရာတွေနဲ့ အနားတဝိုက်က အခြား ဘုရားကျောင်းတွေကို ကြည့်ခြင်းအားဖြင့် ဒီမြို့ကြီးရဲ့ ကြီးကျယ်ခမ်းနားမှု ကို မြင်တွေ့နိုင်သလို၊ အန်းကောခေတ်မှာ ထွန်းကားခဲ့တဲ့ လူ့ယဉ်ကျေးမှု သမိုင်းဟာလည်း ထင်ဟပ် ပေါ်လွင်နေပေမဲ့ တော်တော်များများကတော့ ဒီတောနက်ကြီးထဲမှာ ပျောက်ကွယ်နေတုန်းပါ။

အခု ရှာဖွေတွေ့ရှိခဲ့တဲ့ မဟန်ဒရာ ပါဗာတာမြို့ဟောင်းကြီးဟာ ဂျဗာနိစ့် (Javanese) တွေရဲ့ လက်ထဲကနေ တိုင်းပြည် လွတ်မြောက်အောင်နဲ့ နိုင်ငံတွင်း စစ်ခင်းနေတဲ့ ပြည်နယ်တွေကို ပြန်လည်ပေါင်းစည်းစေနိုင်ခဲ့တဲ့ ဒုတိယမြောက် ဂျယာဗာမန် (Jayavarman) ဘုရင်မင်းမြတ်နဲ့ ပတ်သက်နေနိုင်တယ်လို့ ကမ္ဘောဒီးယား သုတေသနပညာရှင်တွေက ယုံကြည်ခဲ့ကြပါတယ်။

ရှေးဟောင်းသုတေသနနဲ့ ဖွံ့ဖြိုးမှုဖောင်ဒေးရှင်းက သုတေသနပညာရှင် Sakada Sakhoeun ကလည်း -

“အနာဂတ်မှာ ကျနော်တို့အတွက် အကူအညီတွေ ပိုရလာမယ်ဆိုရင် ဒီ ခူလန်တောင်က ယဉ်ကျေးမှုနဲ့ပတ်သက်တဲ့ သုံးသပ်ချက်တစ်ခု ချမှတ်နိုင်မယ်လို့ ကျနော် ယူဆပါတယ်။”

Stephane နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေအတွက်ကတော့ ဒီမြေပုံဟာ သဲလွန်စတစ်ခုပါပဲ။ အရင်တုန်းကတော့ အဲ့ဒီနေရာမှာ မြို့တမြို့ ရှိခဲ့တယ်ဆိုတာကို သူတို့တွေ သိခဲ့ကြပေမဲ့ အဲ့ဒီမြို့နဲ့ပတ်သက်တဲ့ တခြားအချက်အလက်တွေ ကိုတော့ ဘာတခုမှ မသိခဲ့ကြဘူးလို့ သူတို့က ဆိုပါတယ်။ ဒါကြောင့် ဘုရင်တပါးရဲ့ ကြီးမားတဲ့ လျှို့ဝှက်ဆန်းကြယ်မှု တစ်ခုကို ဖွင့်ပြဖို့အတွက် သူတို့ကို စောင့်နေခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ကြပါတယ်။
XS
SM
MD
LG