သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာထပ်ဆင့် အသံလွှင့်မှု ကမ္ဘောဒီးယားပိတ်ပင်


ကမ္ဘောဒီးယားနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပမယ့် ဇူလိုင်လ မတိုင်ခင် ပြည်တွင်း ရေဒီယိုအသံလွှင့်ဌာနတွေကနေ နိုင်ငံခြားမီဒီယာတွေရဲ့ အသံလွှင့်ချက်တွေကို တဆင့်ပြန်လွှင့်ပေးမှုကို အစိုးရက တားမြစ်လိုက်တဲ့ အပေါ် အမေရိကန်အစိုးရက ဝေဖန်လိုက်ပါတယ်။ ဇူလိုင်လ ၂၈ ရက်နေ့ မတိုင်ခင် ၃၁ ရက်အတွင်း နိုင်ငံခြားမီဒီယာတွေရဲ့ အသံလွှင့်အစီအစဉ်တွေကို တဆင့်ပြန် ထုတ်လွှင့်မှုတွေ တားမြစ်တယ်လို့ ကမ္ဘောဒီးယား ပြန်ကြားရေး ဝန်ကြီးဌာနက ညွှန်ကြားချက်ထုတ် ပိတ်ပင်ထားပါတယ်။

ညွှန်ကြားချက်ထဲမှာ ရွေးကောက်ပွဲ မဲဆွယ်မှုတွေမှာ နိုင်ငံခြားသားတွေ ဘယ်လိုအခန်းကဏ္ဍကမဆို ပါဝင်နေတာနဲ့ပတ်သက်တဲ့ သတင်းတွေကိုလည်း မထုတ်ပြန်ရဘူးလို့ တားမြစ်ထားပါတယ်။ ဒီလိုညွှန်ကြားချက် ထုတ်ပြန် တားမြစ်တာဟာ သတင်းလွတ်လပ်ခွင့်ကို အကြီးအကျယ် ချိုးဖောက်တာပဲလို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ Patrick Ventrell ကပြောပြီး ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု ရှိပါ့မလားလို့ မေးခွန်းထုတ်ခဲ့ ပါတယ်။

ခုလို တားမြစ်လိုက်တဲ့အတွက် ဗွီအိုအေ နဲ့ အာအက်ဖ်အေ အသံလွှင့်ချက်တွေကိုလည်း ကမ္ဘောဒီးယား ပြည်တွင်းသတင်းဌာနတွေက တဆင့် ပြန်လည်ထုတ်လွှင့်မှု ပိတ်ပင်ခံရပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်မှာ မှန်ကန် မျှတတဲ့ သတင်းနဲ့ အချက်အလက်တွေကို လူအများသိရှိနိုင်ဖို့ အရေးကြီးတယ်လို့ ဗွီအိုအေရဲ့ အမှုဆောင်အယ်ဒီတာချုပ် Steve Raddish က သောကြာနေ့က ကြေညာချက် ထုတ်ပြန်ပါတယ်။ မီဒီယာကို နှုတ်ပိတ်ဖို့ ကြိုးစားမှု မှန်သမျှကို ကြေညာချက်ထဲမှာ ဝေဖန် ပြစ်တင်ထားပါတယ်။

ကမ္ဘောဒီးယား ပြန်ကြားရေးဌာနကတော့ နိုင်ငံခြားအသံလွှင့်ဌာနတွေကို ပိတ်ပင်တာ မဟုတ်ဘူးလို့ ငြင်းဆန်ပါတယ်။ နိုင်ငံတကာ ရေဒီယို အသံလွှင့်မှုတွေဟာ လှိုင်းတို လှိုင်းလတ်တွေကတဆင့် အသံလွှင့်နေတာဖြစ်ပြီး အဲဒီအသံလှိုင်းတွေကို ကန့်သတ်ပိတ်ပင်ခြင်း မရှိဘူးလို့ ပြောပါတယ်။
XS
SM
MD
LG