သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ကလေးသူငယ်တွေ အခွင့်အရေးဆုံးရှုံး


ကမ္ဘောဒီးယား ကလေးငယ်များ ကျောင်းမှ အိမ်သို့ လမ်းလျှောက်ပြန်နေကြစဉ် (မတ်၊ ၁၈၊ ၂၀၁၃)

ကမ္ဘောဒီးယားနိုင်ငံမှာ ကလေးသူငယ် အခွင့်အရေးကဏ္ဍ တိုးတက်အောင်မြင်မှုတွေ တော်တော်များများ ရှိနေပေမဲ့လည်း ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရရှိမှု အဆင့်အတန်းကတော့ ဆိုးရွားနိမ့်ကျနေဆဲ ဖြစ်တယ်လို့ ကလေးသူငယ်ဆိုင်ရာ အစီရင်ခံစာတစောင်က ဆိုပါတယ်။ ဒီ အကြောင်း ဗွီအိုအေ သတင်းထောက် Leonie Kijewski ပေးပိုထားတဲ့ သတင်းကို ကိုရဲမင်းထွန်းက တင်ပြပေးပါမယ်။

ဇွန်လ ၁ ရက်နေ့ကို နိုင်ငံတကာ ကလေးသူငယ်များနေ့အဖြစ် ကမ္ဘောဒီးယားနိုင်ငံက ကျင်းပလေ့ ရှိပါတယ်။ ဒီ ကလေးသူငယ်များနေ့ မတိုင်ခင်လေးမှာပဲ The KidsRights Index ကလေးသူငယ်ဆိုင်ရာ ညွှန်းကိန်းအဖွဲ့ရဲ့ အစီရင်ခံစာက ကမ္ဘောဒီးယားနိုင်ငံရဲ့ ကလေးသူငယ်တွေရဲ့ အခွင့်အရေး ရရှိမှု အဆင့်အတန်းဟာ ကမ္ဘာ့နိုင်ငံ ၁၈၁ နိုင်ငံအနက် ၁၂၈ နေရာမှာ ရှိနေပါတယ်လို့ အစီရင်ခံထားပါတယ်။ ဒီ အစီရင်ခံစာဟာ ကမ္ဘောဒီးယား ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာ အချက်အလက်တွေကို အခြေပြု ရေးသားထားပြီး ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေး တိုးတက်မှုဟာ ကလေးသူငယ်တွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေကို ပိုပြီး ကောင်းမလာစေဘူးလို့လည်း ထောက်ပြ ထားပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ အဆင့်ဟာ အိမ်နီးချင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံကလွဲလို့ အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။ ထိုင်းနိုင်ငံက အဆင့် ၁၄၊ ဗီယက်နမ်က အဆင့် ၅၇နဲ့ လာအို နိုငငံက အဆင့် ၁၁၂ မှာ ရှိပါတယ်။ မြန်မာနိုင်ငံက အဆင့် ၁၃၃ မှာ ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ Save the Children အဖွဲ့ရဲ့ မူဝါဒရေးရာ အကြီးတန်း အကြံပေး ပုဂ္ဂိုလ် Huy Khy က ကမ္ဘောဒီးယားနိုင်ငံရဲ့ ကလေးသူငယ်အခွင့်အရေး ကာကွယ်စောင့်ရှောက်မှု ဥပဒေတွေ ပို ကောင်းမွန်လာပေမဲ့လို့ အကောင်အထည်ဖော်ရေး အပိုင်းမှာတော့ အားနည်းနေသေးတယ်လို့ ဆိုပြီး အခုလို ပြောပါတယ်။

"ဥပဒေပိုင်းဆိုင်ရာမှာ တိုးတက်မှုတွေ သိသိသာသာ ရှိလာပေမဲ့ ကမ္ဘောဒီးယား ကလေးငယ်တွေဟာ ပညာရေး၊ ကျန်းမာရေးနဲ့ လူမှု အသိုင်းအဝန်းမှာ ပါဝင်ခွင့်ရဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရပါသေးတယ်။ ဥပမာ မသန်စွမ်းတဲ့ ကလေးငယ် ၄ ရာခိုင်နှုန်းပဲ အောက်ခြေ အလယ်တန်းအဆင့် ပညာရေး ပြီးမြောက်ပါတယ်။ ဒီ အဆင့်ကို ပြီးမြောက်တဲ့ သူတို့နဲ့ ရွယ်တူ သန်စွမ်းတဲ့ ကလေးတွေ ၄၁ ရာခိုင်နှုန်း ရှိပါတယ်။ ကိုယ်ထိလက်ရောက် အကြမ်းဖက်တဲ့ ဒဏ်ကို ကမ္ဘောဒီးယား ကလေးငယ် ၅၀ ရာခိုင်နှုန်း ခံစားကြရပြီး၊ ၂၅ ရာခိုင်နှုန်းက စိတ်ပိုင်းဆိုင်ရာ ညှင်းဆဲမှုတွေနဲ့ ၅ ရာခိုင်နှုန်းက လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ခံစားခဲ့ရပါတယ်။ "

ပြီးခဲ့တဲ့ နှစ်တွေမှာ ကမ္ဘောဒီးယားနိုင်ငံမှာ ကလေးငယ်တွေ ကျောင်းအပ်နှုန်း တိုးတက်လာပေမဲ့လို့ ကလေးငယ်တွေနဲ့ မိဘတွေက ကျောင်းအစား အလုပ်ကို ရွေးကြလို့ အလယ်တန်းကျောင်းပြီးတဲ့ ရာခိုင်နှုန်းက နည်းနည်းပဲ ရှိတယ်လို့လည်း ယူနီဆက်ဖ် အဖွဲ့ကြီးက ပြောပါတယ်။ The KidsRights Index က အစီရင်ခံစာမှာ ဖော်ပြထားတဲ့ ဇယားအောက်ခြေရောက်နေတဲ့ အဆင့်ဟာ နိုင်ငံတော် ဘတ်ဂျက် ခွဲဝေချထားမှုနဲ့ရော အစိုးရရဲ့ လုံလ စိုက်ထုတ်နဲ့ပါ ရောင်ပြန်ဟပ်နေတယ်ဆိုပြီး Save the Children မူဝါဒ အကြံပေး Khy က အခုလို ထောက်ပြပါတယ်။

"ကမ္ဘောဒီးယား ကလေးသူငယ်တွေ သူတို့ရဲ့ အခွင့်အရေးတွေ ပြည့်ပြည့်ဝဝ ရရှိဖို့ဆိုရင် နိုင်ငံတော်က လုံလောက်တဲ့ ဘတ်ဂျက် ခွဲဝေချထားပေးဖို့ လိုပါတယ်။ ဥပမာ ၂၀၁၉ ခုနှစ်ဆိုရင် ဘတ်ဂျက်ရဲ့ ၁၃.၇ ရာခိုင်နှုန်းကိုပဲ ပညာရေးအတွက် ချထားပေးပါတယ်။ ကမ္ဘာ့ စံနှုန်းသတ်မှတ်ချက်က နိုင်ငံတော် ဘတ်ဂျက်ရဲ့ ၂၀ ရာခိုင်နှုန်း ဖြစ်ပါတယ်။ လူမှု ဖူလုံရေး အသုံးစရိတ်အတွက်လည်း ဒေသဆိုင်ရာ ဘတ်ဂျက်ရဲ့ ၂ ရာခိုင်နှုန်း ကနေ ၄ ရာခိုင်နှုန်းပဲ သုံးပါတယ်။"

ကမ္ဘောဒီးယား လူမှုဝန်ထမ်းဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Yeap Malina ကတော့ မအားလပ်လို့ ဝေဖန်ချက်မပေးပါဘူး။ လူမှုဝန်ထမ်း အရာရှိ တစ်ယောက်က သှူ့ဆီကို ဖုန်းလွှဲပေးပေမဲ့ VOA သတင်းထောက် သူနဲ့ စကားမပြောနိုင်ခင်မှာပဲ ဖုန်းချသွားခဲ့ပါတယ်။ ကလေးသူငယ် အခွင့်အရေး တိုးတက် ရရှိစေဖို့အတွက် ကမ္ဘောဒီးယား အစိုးရရဲ့ အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေအကြောင်းကိုတော့ ကမ္ဘောဒီးယားက UNICEF အဖွဲ့ သတင်းဆက်သွယ်ရေး အရာရှိ Bunly Meas က အခုလို ပြောပါတယ်။

"လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကမ္ဘောဒီးယား အစိုးရက ကလေးသူငယ်အခွင့်အရေးတိုးတက်ဖို့ အရေးကြီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။ ဥပဒေ အမျိုးမျိုးကို ထုတ်ပြန်သလို ကလေးတွေကို ကာကွယ် စောင့်ရှောက်ဖို့ လုပ်ငန်း စီမံချက်တွေ၊ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနဲ့ ပညာရေးစနစ် ကောင်းမွန်ရေးကိစ္စတွေ ဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ ကွာဟချက်တွေကတော့ ရှိနေပါသေးတယ်။ အောင်မြင်မှုတွေ ရနေတဲ့ တစ်ချိန်တည်းမှာပဲ တစ်ချို့ ကဏ္ဍတွေမှာ ကွာဟချက်တွေ လျှော့ချဖို့ အများကြီး လိုနေပါသေးတယ်။"

ကမ္ဘောဒီးယား အစိုးရအနေနဲ့ ကလေးသူငယ် အခွင့်အရေးဆိုင်ရာ လုပ်ဆောင်ချက်ရှိနေပေမဲ့လည်း လောလောဆယ်မှာ ကမ္ဘောဒီးယား ကလေးငယ် ၃၂ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးကြီးထွားမှုနှုန်း ရပ်တံ့နေပြီး အသက် ၅ နှစ်အောက် ကလေးငယ် သေဆုံးမှုနှုန်းက အယောက် ၁၀၀၀ မှာ ၃၁ ယောက် ရှိကြောင်း အခက်အခဲ ပြဿနာတွေ အားလုံး တစ်ခုနဲ့တစ်ခု ဆက်စပ်နေတာဖြစ်လို့ အားလုံးကို တစ်ပြိုင်တည်း ဖြေရှင်းရမှာဖြစ်ကြောင်းလည်း ယူနီဆက်အဖွဲ့ ပညာရှင် Bunly Meas က ထောက်ပြပြောဆိုခဲ့ပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG