သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားပွဲတော် လူအုပ်ပိသေသူ ၃၀၀ ကျော်


လူပြိုကျမှုအတွင်း ဒဏ်ရာရသွားသူတဦးအား ကယ်ထုတ်လာစဉ်။ နိုဝင်ဘာ ၂၂၊ ၂၀၁၀။
လူပြိုကျမှုအတွင်း ဒဏ်ရာရသွားသူတဦးအား ကယ်ထုတ်လာစဉ်။ နိုဝင်ဘာ ၂၂၊ ၂၀၁၀။

မနေ့က ကမ္ဘောဒီးယားနိုင်ငံရဲ့ အဓိက ပွဲတော်တခုဖြစ်တဲ့ မြို့တော် ဖနွမ်းပင် ဘုရင့်နန်းတော်အနီး ကျွန်းငယ်လေးတခုပေါ်က ရေကစားပွဲတော် အချိန်အတွင်းမှာ လူတွေ များလွန်းတဲ့အတွက် လူအုပ်ကြီး လဲပြိုပိကျပြီး သေဆုံးခဲ့ရသူပေါင်း ၃၃၉ ယောက် ရှိသွားခဲ့တယ်လို့ ကမ္ဘောဒီးယား ပြန်ကြားရေးဝန်ကြီး ခီယူ ခန်ဟာရစ်သ် (Khieu Kanharith) နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) တို့က ကြေညာ ပြောဆိုခဲ့ပါတယ်။

လူ ရာပေါင်းများစွာလည်း ဒဏ်ရာတွေ ရသွားခဲ့ကြပါတယ်။ ဒီလဲပြိုမှုဟာ ညပိုင်း ၁၀ နာရီလောက်က ကျွန်းပေါ်က တံတားတခုပေါ်မှာ ဖြစ်ခဲ့တာပါ။

လူပေါင်း ၄,၀၀၀,၀၀၀ လောက် လာကြတဲ့ ဒီပွဲတော်မှာ Tonale Sap ဆိုတဲ့ မြစ်ကူးတံတားပေါ်က လူအုပ်တွေကို ရဲတပ်ဖွဲ့က မီးသတ်ပိုက်နဲ့ ရေဖျန်းပြီး လူစုခွဲခဲ့တာမှာ ကြောက်လန့်တကြားနဲ့ လူတွေ ပြေးလွှားကြရာက လူအုပ်တွေ လဲပြိုပိကျကုန်တာလို့ ဖနွမ်းပင် ပို့စ် (Phnom Penh Post) သတင်းထောက်က ပြောပါတယ်။

တချို့လူတွေကလည်း လူလူချင်း အနင်းခံရမှာစိုးလို့ မြစ်ထဲကို ခုန်ချကြရာက ရေနစ်သေဆုံးကုန်ကြတယ်လို့ ဆိုပါတယ်။

တံတားမှာ အလှတပ်ဆင် ထွန်းညှိထားတဲ့ လျှပ်စစ်မီးလုံးပေါင်း များစွာကနေ ရေစိုနေတဲ့ လူအုပ်တွေ ဓာတ်လိုက်ကုန်ကြတာတွေလည်း ရှိခဲ့တယ်လို့ ပွဲတော်ထဲမှာ ရောက်ရှိနေတဲ့ ဖနွမ်းပင် ပို့စ် သတင်းထောက် စတီဖင် ဖင့်ချ် (Steve Finch) က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ကမ္ဘောဒီးယား အစိုးရကတော့ လျှပ်စစ်ဓာတ်ကြောင့် သေဆုံး ဒဏ်ရာရမှုတွေ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

အခုဖြစ်ရပ်ဟာ ၁၉၇၀ ခုနှစ်တွေအတွင်း ခမာနီတွေရဲ့ ရက်စက်စွာ အုပ်ချုပ်မှုကာလက အဖြစ်အပျက်တွေပြီးရင် နောက်ထပ် ဝမ်းနည်းစရာ အကောင်းဆုံး မတော်တဆ ဖြစ်ပွားရမှုကြီး ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဟွန်ဆန်က ပြောဆိုလိုက်ပြီးတော့ လာမယ့် ကြာသပတေးနေ့ကို ကွယ်လွန်သူတွေအတွက် အောက်မေ့ သတိရသောအားဖြင့် နိုင်ငံရဲ့ ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အဖြစ် သတ်မှတ်မယ်လို့လည်း ကြေညာသွားခဲ့ပါတယ်။

XS
SM
MD
LG