သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားရွေးကောက်ပွဲ မဲရလဒ် စတင်ရေတွက်


Cambodian Prime Minister Hun Sen of the Cambodian People's Party (CPP) drops a ballot into a box for voting at a polling station at Takhmua in Kandal province, southeast Phnom Penh, Cambodia
Cambodian Prime Minister Hun Sen of the Cambodian People's Party (CPP) drops a ballot into a box for voting at a polling station at Takhmua in Kandal province, southeast Phnom Penh, Cambodia

ကမ္ဘောဒီးယားနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲကို ဒီနေ့မှာ ကျင်းပခဲ့ပြီးတော့ ၊ အခုအခါမှာ မဲရလဒ်တွေကို စတင်ရေတွက်နေပြီ ဖြစ်ပါတယ်။ မဲရုံတွေကို ညနေ ၃ နာရီမှာ ပိတ်ခဲ့ပြီးတော့ ဒီရွေးကောက်ပွဲမှာ မဲပေးသူအရေအတွက် ၇.၆ သန်းရှိပြီး မဲပေးနိုင်သူဦးရေရဲ့ ၇၈.၃ % ရှိတယ်လို့ အမျိုးသားရွေးကောက်ပွဲကော်မတီက ကြေညာပါတယ်။

ဒီရွေးကောက်ပွဲမှာ အဓိကအတိုက်အခံပါတီတွေကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားမြစ်ခဲ့ပြီး၊ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ လက်ရှိအာဏာရ ကမ္ဘောဒီးယား ပြည်သူပါတီနဲ့ တခြားပါတီ အငယ်လေးတွေ ၁၇ ခုကိုပဲ ဝင်ပြိုင်ကြတာကြောင့် CPP ပါတီ ကပဲ မဲဆန္ဒနယ်အားလုံးကို အနိုင်ရပြီး အာဏာကို ဆက်ထိန်းသွားဖို့ရှိနေပါတယ်။

CPP ပါတီအနေနဲ့ အောက်လွှတ်တော်မဲဆန္ဒနယ် ၁၂၅ ခုစလုံးကို အနိုင်ရဖို့ မျှော်လင့်နေပါတယ်။ အသက် ၇၀ ရှိပြီဖြစ်တဲ့ ဟွန်ဆန်ဟာ ကမ္ဘောဒီးယားနိုင်ငံကို ၃၈ နှစ်ကြာ အုပ်ချုပ်ခဲ့တာဖြစ်ပြီး၊ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ဆုံး ဝန်ကြီးချုပ်တွေထဲကတဦးလည်း ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟွန်ဆန်အနေနဲ့ ရွေးကောက်ပွဲ အနိုင်ရပြီးတဲ့နောက် သူရဲ့ အကြီးဆုံးသားဖြစ်သူ Hun Manet ကို အာဏာလွှဲပြောင်းပေးသွားဖို့ ပြင်ဆင်နေပါတယ်။

ဒီနေ့ ကျင်းပတဲ့ ရွေးကောက်ပွဲကို ဝန်ကြီးဟွန်ဆန်ကိုယ်တိုင် မဲရုံတွေကိုလာပြီး မဲပေးခဲ့သလို၊ သူရဲ့ သားဖြစ်သူလည်း လာရောက်မဲပေးခဲ့ကြပါတယ်။

ဒီရွေးကောက်ပွဲမှာ နိုင်ငံတကာရွေးကောက်ပွဲ လေ့လာစောင့်ကြည့်သူတွေ မရှိပေမယ့် ကမ္ဘောဒီးယား ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌရဲ့ ဖိတ်ကြားချက်အရ၊ ဒီရွေးကောက်ပွဲကို လေ့လာဖို့အတွက် မြန်မာစစ်ကောင်စီရဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနဲ့ အဖွဲ့ဝင် ဦးစိုးဦးတို့ကတော့ ကမ္ဘောဒီးယားနိုင်ငံကို ပြီးခဲ့တဲ့ သောကြာနေ့က သွားရောက်ခဲ့တယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG