ကမ္ဘောဒီးယားနိုင်ငံက ရေဘေးဒဏ်ခံနေရသူတွေအတွက် စားနပ်ရိက္ခာ အကူအညီတွေ ထောက်ပံ့ဖို့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က ဒီကနေ့ပဲ တိုက်တွန်းလိုက်ပါတယ်။ ဆန်စပါးဈေး ကြီးမြင့်လာတာနဲ့အမျှ အဆင်းရဲဆုံး မိသားစုတွေအနေနဲ့ စားစရာ အလုံအလောက်မရှိမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သတိပေးခဲ့တာပါ။
အစောပိုင်း ဆန်းစစ်ချက် အစီရင်ခံစာတွေအရ ရေဘေးဒဏ်ကြောင့် ကမ္ဘောဒီးယားနိုင်ငံမှာ ကောက်ပဲသီးနှံတွေရဲ့ ၁၀% ပျက်စီးခဲ့တာကို တွေ့ရှိရတဲ့အကြောင်း ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ WFP ရဲ့ ညွန်ကြားရေးမှူး Jean-Pierre de Margerie က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကမ္ဘောဒီးယား စိုက်ပျိုးရေး ၀န်ကြီးဌာနရဲ့ ဒီတပတ်ထဲ ထုတ်ပြန်လိုက်တဲ့ ကိန်းဂဏန်းတွေအရ စပါးဈေးဟာ ဆိုရင်လည်း တစ်လနဲ့တစ်လ ၁၂% အထိ တက်လာနေတယ်လို့လည်း WFP က ပြောဆိုခဲ့တာပါ။ ရေဘေးသင့်သူ ၁ သိန်းခွဲ လောက်ကို အကူအညီတွေ အရှိန်မြှင့် ထောက်ပံ့ပေးနိုင်ဖို့ ကြိုးပမ်းနေတယ်လို့လည်း WFP က ပြောဆိုခဲ့သလို အစပိုင်းမှာ အရေးပေါ် စားနပ်ရိက္ခာ ထောက်ပံ့မှုတွေနဲ့ နောက်ပိုင်းမှာတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်မယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။