သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ကြီးချုပ် Hun Sen ဖေ့စ်ဘွခ် Like လုပ်သူများရခြင်းအကြောင်း


ကမ္ဘောဒီးယားနိုင်ငံ အာဏာရပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ဝန်ကြီးချုပ် ဟွမ်ဆန်ဟာ သူ့ရဲ့ ဖေ့စ်ဘွခ် စာမျက်နှာမှာ Likes လုပ်တဲ့သူများအောင် တမင်တကာ လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ပြောဆို ချက်တွေကို ငြင်းဆိုလိုက်ပါတယ်။

လေ့လာသုံးသပ်သူတွေကတော့ ဝန်ကြီးချုပ်ဟာ အင်တာနက်ပေါ်မှာ ပိုပြီး လူကြိုက်များစေဖို့ ငွေပေးဝယ်ခဲ့တာ ဖြစ်နိုင်တယ်ဆိုတဲ့ အချက်ကတင်ပဲ သူ့ရဲ့ ပုံရိပ်ကို ပျက်စီးစေတယ်လို့ ပြောကြပါတယ်။

ပြီးခဲ့တဲ့ရက်အနည်းငယ်က ဟွမ်ဆန်ဟာ သူ့ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာကို Like လုပ်သူပေါင်း သုံးသန်းကျော်သွားပြီ ဖြစ်တဲ့အတွက် သူ့ရဲ့ ရေပန်းစားမှုဟာ ဖေ့စ်ဘွခ်ဝန်ကြီးချုပ် ဖြစ်စေခဲ့တယ်လို့ နောက်ပြောင် ပြောဆိုခဲ့ပါတယ်။

ဟွမ်ဆန်ဟာဖေ့စ်ဘွခ်ကို စသုံးတာ ၆ လပဲ ရှိသေးပေမဲ့ သူ့ရဲ့ ဖေ့စ်ဘွခ်စာချက်နှာဟာ Like ပေါင်း ၂.၂ သန်းရှိတဲ့ အတိုက်အခံခေါင်းဆောင် Sam Rainsy ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာကို ကျော်တက်သွားပြီလို့ ယူဆရပါတယ်။ အတိုက်အခံခေါင်းဆောင် Rainsy ကတော့ ဖေ့စ်ဘွခ်သုံးတာ အနည်းဆုံး ၅ နှစ်လောက် ရှိပြီဖြစ်ပါတယ်။

ဒါပေမဲ့ ဟွမ်ဆန်ရဲ့ စာမျက်နှာကို မကြာခင်က Like လုပ်ထားသူတွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကပဲ ကမ္ဘောဒီးယားက ဖြစ်တယ်လို့ ပြီးခဲ့တဲ့ မီဒီယာလေ့လာရေးကုမ္ပဏီ socialbakers.com ရဲ့ အစီရင်ခံစာက ကိန်းဂဏန်းတွေကို အခြေခံပြီး၊ ဗုဒ္ဓဟူးနေ့က ဖနွမ်းပင်ပို့စ်သတင်းစာက ရေးသားလိုက်ပါတယ်။

အဲဒီအစီရင်ခံစာအရ ပြီးခဲ့တဲ့ ရက် ၃၀ အတွင်းမှာ ဟွမ်ဆန်ရဲ့ ဖေ့စ်ဘွခ်စာမျက်နှာကို Like လုပ်သူ အများစုဟာ အိန္ဒိယ၊ ဖိလစ်ပိုင်၊ မြန်မာ၊ အင်ဒိုနီးရှား၊ တူရကီနဲ့ မက္ကဆီကို နိုင်ငံတွေက ဖြစ်နေပြီး၊ ကမ္ဘောဒီးယားရဲ့ ကာလရှည်ကြာ အုပ်စိုးသူကို ထောက်ခံဖို့ အကြောင်းပြချက် သိပ်မရှိတာကြောင့် ဝန်ကြီးချုပ်ဟာ ဖေ့စ်ဘွခ်ပေါ်မှာ ရေပန်းစားမှုကို ငွေပေးပြီး ဝယ်နေတာဖြစ်နိုင်တယ်လို့ သုံးသပ်ကြတာ ဖြစ်ပါတယ်။

XS
SM
MD
LG