ကမ္ဘောဒီးယားနိုင်ငံ၊ ကမ်းရိုးတန်းမြို့ Sihanoukville မှာ တရုတ်နိုင်ငံအကူအညီနဲ့ အဆင့်မြှင့်တင်နေ တဲ့ ရေတပ်စခန်းရဲ့ ပြုပြင်မွမ်းမံရေးလုပ်ငန်းတွေ ပြီးစီးလုနီးပါးဖြစ်နေပြီလို့ ကမ္ဘောဒီးယားတာဝန်ရှိ သူတွေက ပြောဆိုလိုက်ပြီးနောက်မှာ ဒီနေရာကို တရုတ်စစ်တပ်က အသုံးပြုဖွယ်ရှိတယ်လို့ သံသယရှိကြောင်း အမေရိကန်အရာရှိတွေက ထပ်မံသတိပေးလိုက်ပါတယ်။
မနှစ် သြဂုတ်လတုန်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က တရုတ်ရန်ပုံငွေနဲ့ ခေတ်မီအောင် လုပ်ဆောင်နေတဲ့ ဒီရေတပ်စခန်းကို တရုတ်စစ်တပ်အတွက်သာ အသုံးပြုမယ်ဆိုရင် အရှေ့တောင်အာရှအတွက် ခြိမ်းခြောက်မှု ဖြစ်လာနိုင်တယ်လို့ ကမ္ဘောဒီးယား အစိုးရကို ပြောထားတာပါ။
ဂြိုလ်တုဓာတ်ပုံတွေအရ Ream ရေတပ်အခြေစိုက်စခန်းမှာ လေယာဉ်တင်သင်္ဘောတွေ ရပ်နားနိုင်တဲ့ အဓိကဆိပ်ခံတံတားတခုကို တည်ဆောက်နေတာ တွေ့ရပြီးနောက်ပိုင်းမှာ တရုတ်နိုင်ငံရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး သံသယတွေ ထွက်ပေါ်လာတာပါ။
ကမ္ဘောဒီးယား အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Chhum Socheat က မကြာခင် ပြီးစီးတော့မှာ ဖြစ်တယ်လို့ ဗွီအိုအေ ခမာဌာနကို အတည်ပြုပြောကြားပေမယ့် “စတင် ဖွင့်လှစ်မယ့် ရက်ကို မသိသေးဘူး” လို့ပြောပါတယ်။ ဒေသတွင်းမှာ တရုတ်ဟာ သူ့ရဲ့ သြဇာလွှမ်းမိုးမှုကို ချဲ့ထွင် ဖို့အတွက် ပြိုင်ဘက်ဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုကို ဆန့်ကျင်ဘက်ပြုဖို့ ဒီအခြေစိုက်စခန်းကို အသုံးပြုမယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေကိုလည်း ပြောခွင့်ရသူက ငြင်းဆိုခဲ့ပါတယ်။