သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားအတိုက်အခံ ၃ ရက်ကြာ ဆန္ဒပြပွဲစတင်


ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ မသမာမှုတွေ ရှိခဲ့တယ်လို့ စွပ်စွဲပြီး သီးခြားလွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ အစိုးရကို တောင်းဆိုတဲ့အနေနဲ့ အတိုက်အခံ အင်အားစုတွေ ၃ ရက်ကြာ ဆန္ဒပြပွဲကို ဒီကနေ့ပဲ စတင်လိုက်ပါတယ်။

ဖနွမ်းပင်မြို့တော်က လွတ်မြောက်ရေးပန်းခြံမှာ ဒီကနေ့ လူပေါင်း ထောင်သောင်းချီ စုဝေးကြရာမှာတော့ လုံထိန်းရဲတပ်ဖွဲ့ဝင်ပေါင်း ထောင်ဂဏန်းချီ ရောက်ရှိလာကြတာပါ။ ကမ္ဘောဒီးယား နိုင်ငံသား တော်တာ်များများကတော့ ပြီးခဲ့တဲ့လထဲ အတိုက်အခံတွေရဲ့ ဆန္ဒပြပွဲအတွင်း ရဲတွေနဲ့ ပဋိပက္ခဖြစ်ရာက ဆန္ဒပြသူ ၁ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာတွေ ရခဲ့ကြတာမျိုး ထပ်ဖြစ်မှာကို စိုးရိမ်နေကြပါတယ်။

ဆန္ဒပြပွဲကို ကမကထလုပ် စီစဉ်ခဲ့တဲ့ ကမ္ဘောဒီးယား ကယ်တင်ရေးပါတီ (CNRP) ကတော့ ဇူလိုင်လက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်နဲ့ပတ်သက်လို့ အချေအတင် ဖြစ်နေရတာတွေကို အဆုံးသတ်နိုင်အောင် နိုင်ငံတကာက ကြားဝင် ဆောင်ရွက်ရေး တောင်းဆိုထားတဲ့ တိုက်တွန်းချက်ကို ပေးအပ်ဖို့ ဖနွမ်းပင်မြို့တော်မှာရှိတဲ့ ကုလသမဂ္ဂရုံးကို ချီတက်ဖို့လည်း စီစဉ်ထားတာပါ။ မြို့တော်မှာရှိတဲ့ နိုင်ငံခြားသံရုံးတွေကို ချီတက်ဖို့လည်း စီစဉ်ထားပါတယ်။

ကမ္ဘောဒီးယား အာဏာပိုင်တွေကတော့ အတိုက်အခံပါတီက ကုလသမဂ္ဂကို တိုက်တွန်းစာ ပေးဖို့မယ့် အစီအစဉ်ကို ခွင့်ပြုတဲ့အကြောင်း အချိန်ကပ်ပြီးတော့မှ ပြောခဲ့ပေမဲ့ ချီတက်ရာမှာ လူ ၁၀၀၀ ပဲ ခွင့်ပြုမယ်လို့ ပြောဆိုထားတာပါ။ ဒါပေမဲ့လည်း အတိုက်အခံ တချို့ကတော့ ချီတက်သူ အရေအတွက်က ဒီထက်ပိုမယ်လို့ ဒေသခံသတင်းတွေကို ပြောကြပါ တယ်။
XS
SM
MD
LG