သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား မင်းသားကြီး Ranariddh ယာဉ်မတော်တဆဖြစ်မှု ဒဏ်ရာပြင်းထန်


ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း မင်းသားကြီး Norodom Ranariddh ဟာ တနင်္ဂနွေနေ့ ကားမတော်မဆဖြစ်မှုမှာ ပြင်းထန်တဲ့ ဒဏ်ရာရခဲ့တယ်လို့ ကမ္ဘောဒီးယားရဲတွေနဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ မတော်တဆဖြစ်မှုမှာ သူ့ကြင်ယာတော် သေဆုံးခဲ့ရပြီး ၇ ဦးထက်မနဲ ဒဏ်ရာတွေ ရခဲ့ပါတယ်။

မင်းသားကြီးဟာ သူ့ရဲ့ FUNCINPEC ပါတီက ထိပ်တန်းခေါင်းဆောင်တွေနဲ့ အတူ ကမ္ဘောဒီးယား အနောက်တောင်ပိုင်းမှာရှိတဲ့ Sihanoukville ဆီသွားနေတဲ့ မော်တော်ယာဉ်တန်းမှာ လိုက်ပါသွားရင်း သူ့ရဲ့ SUV ကားနဲ့ မျက်နှာချင်းဆိုင်ကလာတဲ့ အငှါးယဉ်တစီးတို့ တိုက်မိတာ ဖြစ်ပါတယ်။

Sihanoukville က ရဲချုပ် ဗိုလ်ချုပ်ကြီး Chuon Narin ကတော့ အသက် ၇၄ နှစ်ရှိပြီဖြစ်တဲ့ မင်းသားကြီးဟာ ဦးခေါင်းမှာ ဒဏ်ရာတွေရခဲ့တယ်လို့ ပြောပါတယ်။ သူ့ကို အရေးပေါ်ကုသနိုင်ဖို့ ဖနုံပင်မြို့တော်ကို ခေါ်ဆောင်သွားပါတယ်။ မင်းသားကြီးရဲ့ ကြင်ယာတော် Ouk Phalla ကတော့ ဆေးရုံမှာပဲ ကွယ်လွန်ခဲ့ပါတယ်။

မင်းသားကြီး Ranariddh ဟာ ကမ္ဘောဒီးယား ပူးတွဲဝန်ကြီးချုပ်အဖြစ် ၄ နှစ်တာ တာဝန်ထမ်းဆောင်ခဲ့သူပါ။ ကုလသမဂ္ဂက ဦးစီး ကျင်းပ ပေးတဲ့ ၁၉၉၃ ခုနှစ် ရွေးကောက်ပွဲမှာ သူ့ရဲ့ FUNCINPEC ပါတီ အနိုင်ရခဲ့ပြီးတဲ့နောက် Hun Sen နဲ့ အတူ အာဏာကို ခွဲဝေပြီး အုပ်ချုပ်ခဲ့ ရတာ ဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် ဇူလိုင်လမှာ ဖြုတ်အချခံရခဲ့ပြီးတဲ့နောက် ပြည်ပကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတာ ဖြစ်ပြီး အခုထိ သူ့လူတွေနဲ့ Hun Sen ကို သစ္စာခံသူတွေကြား အဆင်မပြေမှုတွေနဲ့ တင်းမာမှုတွေ ဖြစ်နေတာပါ။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့တာမို့ နောက်နှစ်မှာ ကမ္ဘောဒီးယားကို ပြန်လာခဲ့ပေမယ့် ယှဉ်ပြိုင်ရာမှာ မဲအရေအတွက် လုံလုံလောက်လောက် မရခဲ့ပါဘူး။ Norodom Sihanouk ရဲ့ ဒုတိယသားဖြစ်တဲ့ မင်းသားကြီးဟာ ဥပဒေပညာရှင် တယောက်ဖြစ်ပြီး FUNCINPEC ပါတီရဲ့ လက်ရှိဥက္ကဌ ဖြစ်ပါတယ်။ သူ့ပါတီကတော့ လွှတ်တော်မှာ အမတ်နေရာ ၄၁ နေရာပဲ ရပါတယ်။ ကမ္ဘောဒီးယားမှာ အထွေထွေရွေးကောက်ပွဲကို ဇူလိုင်လထဲမှာ ကျင်းပဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG