သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယားမှာ အခြေချဒုက္ခသည် ၅ ဦးအနက် ၃ ဦးဌာနေပြန်


သြစတြေးလျနဲ့ ကမ္ဘောဒီးယားနိုင်ငံအကြားက အငြင်းပွားဖွယ် အမေရိကန်ဒေါ်လာ ၄၁ သန်းတန် သဘောတူညီချက်နဲ့ ကမ္ဘောဒီးယားနိုင်ငံမှာ ပြောင်းရွှေ့နေထိုင်ခဲ့ကြတဲ့ ဒုက္ခသည် ၅ ဦးထဲက အနဲဆုံး ၃ ဦးဟာ သူတို့ မိခင်နိုင်ငံတွေကို ပြန်သွားကြပြီ ဖြစ်ပါတယ်။

အီရန်နိုင်ငံက ဇနီးမောင်နှံ ၂ ယောက်ဟာလည်း ကမ္ဘောဒီးယားနိုင်ငံမှာ လအနဲငယ် နေထိုင်ပြီးနောက် အင်္ဂါနေ့က သူတို့တိုင်းပြည်ကို ပြန်သွားကြပြီလို့ ကမ္ဘောဒီးယားအစိုးရ အရာရှိတွေက ပြောပါတယ်။ ဒါဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင်တဲ့ ရိုဟင်ဂျာ ဒုက္ခသည်တဦး မြန်မာနိုင်ငံကို ၂၀၁၅ ခု၊ ဇွန်လက ပြန်သွားအပြီး ၉ လလောက်အကြာမှာ အခုလို ဒုက္ခသည်တချို့ နေရပ်ကို ထပ်ပြန်ကြတာ ဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံမှာ ခိုလှုံခွင့်လာလျှောက်ကြတဲ့ ဒုက္ခသည်တွေကို သြစတြေးလျအစိုးရရဲ့ ငွေကြေး အထောက်အပံ့နဲ့ ကမ္ဘောဒီးယားနိုင်ငံကို ရောက်လာကြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒုက္ခသည် အများစုကိုတော့ တောင်ပစိဖိတ်သမုဒ္ဒယာထဲက Nauru ကျွန်းမှာ ထိန်းသိမ်းထားပါတယ်။ Nauru ကျွန်းက ဒုက္ခသည်တွေအတွက် ဖွင့်ထားတဲ့ ထိန်းသိမ်းရေးစခန်းက အခြေအနေတွေဟာ ကျန်းမာရေးနဲ့ ညီညွတ်ခြင်းမရှိဘူးလို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြ ပြောဆိုနေကြတာပါ။ အဲဒီကျွန်းမှာ သြစတြေးလျက ဒုက္ခသည်ပေါင်း ၆၀၀ လောက်ကို ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။

အခုနောက်ဆုံး ကမ္ဘောဒီးယားကနေ ပြန်သွားကြတဲ့ အီရန် ဇနီးမောင်နှံက သူတို့တိုင်းပြည်ကို သတိရလွန်းတဲ့အတွက် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ပြန်သွားခြင်းဖြစ်ကြောင်း ကမ္ဘောဒီးယားပြည်ထဲရေးဝန်ကြီးဌာန ပြောခွင့်ရ Kem Sarin က ဗွီအိုအေ ခမာအသံလွှင့်ဌာနကို ပြောပါတယ်။

သြစတြေးလျ-ကမ္ဘောဒီးယား သဘောတူညီချက်နဲ့ ပြောင်းရွေ့နေထိုင်တဲ့ ဒုက္ခသည် စုစုပေါင်း ၅ ဦးရှိတဲ့အထဲက ၃ ဦး ပြန်သွားပြီဖြစ်တဲ့အတွက် ရိုဟင်ဂျာတဦးနဲ့ အီရန်နိုင်ငံသားတဦး၊ ပေါင်း ၂ ဦးပဲ ကမ္ဘောဒီးယားနိုင်ငံမှာ ကျန်ပါတော့တယ်။

XS
SM
MD
LG