သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဆန္ဒပြ အဓိကရုဏ်း လူတစ်ဦးသေ


ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် Sam Rainsy (လယ်) နှင့် သူ့အားထောက်ခံသူများ မြို့တော် ဖနွမ်းပင်မှာ ဆန္ဒပြနေစဉ်။ (စက်တင်ဘာ ၁၅၊ ၂၀၁၃)
ကမ္ဘောဒီးယားအတိုက်အခံခေါင်းဆောင် Sam Rainsy (လယ်) နှင့် သူ့အားထောက်ခံသူများ မြို့တော် ဖနွမ်းပင်မှာ ဆန္ဒပြနေစဉ်။ (စက်တင်ဘာ ၁၅၊ ၂၀၁၃)
ကမ္ဘောဒီးယားနိုင်ငံမှာ အစိုးရကအနိုင်ရခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်ကြတဲ့ အတိုက်အခံတွေ တနင်္ဂနွေနေ့က ကန့်ကွက် ဆန္ဒပြရာက သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေနဲ့ လမ်းပေါ်မှာ ရုန်းရင်းဆန်ခတ် ဖြစ်ပွားရာက ဆန္ဒပြသူတစ်ဦး ဦးခေါင်းမှာ သေနတ်ထိမှန် သေဆုံးခဲ့ကြောင်းလည်း လူ့အခွင့်အရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရဲ့ တရားဝင်ရလဒ်တွေအရ အာဏာရပါတီက လွှတ်တော်တွင်း အမတ်နေရာတွေ လျော့သွားခဲ့ပေမဲ့လည်း နှစ်ပေါင်းများစွာ အာဏာရထားတဲ့ ဝန်ကြီးချုပ် Hun Sen ပြန်လည် အာဏာရလာခဲ့ရာက နိုင်ငံရေး တင်းမာမှုတွေ ကြီးထွားလာနေတာပါ။

အတိုက်အခံ ကမ္ဘောဒီးယားအမျိုးသား ကယ်တင်ရေးပါတီ CNRP ကတော့ ရွေးကောက်ပွဲမှာ မသမာမှုတွေ အကြီးအကျယ် ရှိခဲ့တယ်လို့ စွပ်စွဲပြီး ရွေးကောက်ပွဲ ရလဒ်ကို လက်မခံပါဘူး။ ဖနွမ်းပင်မြို့တော်က လွတ်မြောက်ရေး ပန်းခြံမှာ လူပေါင်း ၂ သောင်းလောက် ပါဝင်ခဲ့ကြတဲ့ တနင်္ဂနွေနေ့က ဆန္ဒပြပွဲမှာတော့ အတိုက်အခံ CNRP ပါတီရဲ့ခေါင်းဆောင် Sam Rainsy မိန့်ခွန်းပြောခဲ့ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စတင်ခဲ့တာပါ။

ဆန္ဒပြသူတွေကတော့ သူတို့ရဲ့ဆန္ဒမဲတွေ အခိုးခံရတာကြောင့် အခြေအတင်ဖြစ်စရာတွေ ကြုံခဲ့ရတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ တောင်းဆိုခဲ့ကြပါတယ်။

နောက်ပိုင်းမြို့တော်ရဲ့တခြားနေရာတွေကို ဆန္ဒပြသူတွေ ချီတက်ရာမှာတော့ လုံခြုံရေး တပ်ဖွဲ့တွေ ပိတ်ဆို့ထားတဲ့ လမ်းပေါ်က အတားအဆီးတွေကို ဖယ်ရှားဖို့ ကြိုးစားချိန်မှာ ရဲတွေက မျက်ရည်ယိုဗုံးတွေ၊ မီးခိုးဗုံးတွေ၊ မီးသတ်ပိုက်တွေနဲ့ ရှင်းလင်းရာက ပဋိပက္ခတွေ ပေါ်ပေါက်ခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG