သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမာနီ ထောင်ပိုင်ဟောင်း ထောင်ဒဏ် နှစ်ရှည် ချမှတ်ခံရ


ကုလသမဂ္ဂရဲ့ ပံ့ပိုးမှုနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘောဒီးယားနိုင်ငံ၊ စစ်ရာဇဝတ်ခုံရုံးက လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ အမှုပေါင်း မြောက်မြားစွာအတွက် ခမာနီခေါင်းဆောင်ဟောင်း တယောက်အပေါ် အပြစ်ရှိကြောင်း ဆုံးဖြတ်လိုက်ပြီး ထောင်ဒဏ် ၁၉ နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။

ဒွိုက်ချ် လို့ လူသိများတဲ့ ကိုင်ဂွပ်ခ်အဗ် (Kaing Guek Eav) အပေါ် အခုလို စီရင်ချက် ချမှတ်လိုက်ပေမဲ့ ခမာနီ လက်ထက်မှာ သေဆုံးခဲ့သူတွေရဲ့ ဆွေမျိုးသားချင်းတွေရဲ့ မကျေမနပ် ငိုယိုပေါက်ကွဲမှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။

ဒွိုက်ချ် အုပ်ချုပ်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားလှတဲ့ တူအိုလ် စလန် (Tuol Sleng) အကျဉ်းထောင်မှာ ညှဉ်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရပြီးနောက် လူပေါင်း ၁၄,၀၀၀ ထက်မနည်း သေဆုံးခဲ့တာ ဖြစ်ပါတယ်။

တရားလိုရှေ့နေတွေကတော့ သူ့ကို ထောင်ဒဏ် အနှစ် ၄၀ ချမှတ်ဖို့ လျှောက်ထားခဲ့တာပါ။ ဒါပေမဲ့လည်း နိုင်ငံခြားသား တရားသူကြီးတွေပါ ပါဝင်ကြားနာတဲ့ တရားခွင်က ထောင်ဒဏ် ၃၅ နှစ် ချမှတ်ခဲ့ပြီး ပြစ်ဒဏ်ကျခံခဲ့ပြီးတဲ့ နှစ်တွေ ရှိခဲ့တာမို့ ကျန်နေတဲ့ ၁၉ နှစ်ကိုသာ ကျခံစေဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။

ဒွိုက်ချ်ဟာဆိုရင် ၁၉၇၀ ပြည့်လွန်နှစ်တွေက လူမျိုးတုန်း သတ်ဖြတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ခမာနီ ခေါင်းဆောင်တွေထဲက ခုံရုံးတင် စစ်ဆေးခံရသူ ၅ ယောက်အနက် ပထမဦးဆုံးလည်း ဖြစ်ပါတယ်။ ခမာနီခေါင်းဆောင် ပိုလ်ပေါ့တ် (Pol Pot) ကတော့ ၁၉၉၈ ခုနှစ်မှာပဲ ကွယ်လွန်သွားခဲ့တာပါ။

ခမာနီတွေ အုပ်ချုပ်စဉ်ကာလမှာ ငတ်မွတ်ခေါင်းပါးမှု၊ ရောဂါဘယ၊ ညှဉ်းပန်းနှိပ်စက်မှုနဲ့ ကွပ်မျက်မှုတွေကြောင့် တိုင်းပြည်လူဦးရေရဲ့ ၄ ပုံ ၁ ပုံလောက်ရှိတဲ့ လူပေါင်း ၁,၇၀၀,၀၀၀ လောက် သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG