ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲအတွင်း မသမာမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ပူးတွဲစုံစမ်း စစ်ဆေးမယ့် အဖွဲ့တခု ဖွဲ့စည်းသွားဖို့ အာဏာရပါတီနဲ့ အတိုက်အခံတို့ကြား သဘောတူညီမှု ရရှိခဲ့ကြပါတယ်။ အင်္ဂါနေ့က လွှတ်တော်မှာ ၂ နာရီကြာ တွေ့ဆုံခဲ့ကြပြီးနောက် သဘောတူညီချက် ရရှိခဲ့ကြတာပါ။
အမျိုးသား ရွေးကောက်ပွဲဆိုင်ရာ ကော်မတီရဲ့ အကြိုမဲရလဒ်တွေကို လက်မခံနိုင်ကြောင်း ပြောဆိုထားတဲ့ အတိုက်အခံ ကမ္ဘောဒီးယား အမျိုးသား ကယ်တင်ရေးပါတီ (CNRP) က လွှတ်တော်အမတ်တဦးဖြစ်တဲ့ Son Chhay ကတော့ စုံစမ်းစစ်ဆေးရေး အဖွဲ့အနေနဲ့ မသမာမှုတွေ တွေ့ရှိခဲ့တယ် ဆိုရင်တော့ ဆက်လက်ပြီး အရေးယူဆောင်ရွက်ရမယ့် ကိစ္စတွေကို စဉ်းစားသွားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။
စုံစမ်းစစ်ဆေးရေး အဖွဲ့မှာတော့ အာဏာရ ကမ္ဘောဒီးယား ပြည်သူ့ပါတီနဲ့ အတိုက်အခံပါတီဝင်တွေ ပူးပေါင်းပါဝင်ကြမှာ ဖြစ်ပေမဲ့ အဖွဲ့ဝင် အရေအတွက်နဲ့ ဖွဲ့စည်းမယ့် ရက်အတိအကျကိုတော့ လူသိရှင်ကြား မကြေညာသေးပါဘူး။ ဇူလိုင်လ ၂၈ ရက်နေ့က ရွေးကောက်ပွဲ ရလဒ်နဲ့ ပတ်သက်လို့ သဘောထား ကွဲလွဲမှုတွေကြောင့် အစိုးရသစ် ဖွဲ့စည်းရေးမှာ နိုင်ငံရေးအရ ပြဿနာတွေ ကြုံလာနိုင်သလို၊ မဲမသမာမှု စွပ်စွဲချက်တွေ အကြီးအကျယ် ထွက်ပေါ်နေခဲ့တဲ့အတွက် သွေးထွက်သံယို ပဋိပက္ခတွေ ပေါ်ပေါက်လာမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။
အာဏာရပါတီကတော့ လွှတ်တော်အမတ်နေရာ ၁၂၃ နေရာအနက် ရွေးကောက်ပွဲမှာ ၆၈ နေရာ အနိုင်ရကြောင်း ပြောဆိုနေပေမဲ့ အတိုက်အခံပါတီကတော့ မဲရလဒ်ကို လက်မခံနိုင်ကြောင်း ပြောဆိုနေတာ ဖြစ်ပါတယ်။