သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘောဒီးယား ဝန်ကြီးချုပ် လာရောက်ကိစ္စ မြန်မာ အရပ်ဖက်အဖွဲ့အစည်းတွေ ဆန့်ကျင်


ကမ္ဘောဒီးယား ဝန်ကြီးချုပ် လာရောက်ကိစ္စ မြန်မာ အရပ်ဖက်အဖွဲ့အစည်းတွေ ဆန့်ကျင်

{{Zawgyi/Unicode}}

အာဏာသိမ်းစစ်ကောင်စီနဲ့တွေ့ဆုံဖို့ ဒီရက်ပိုင်းထဲမှာ မြန်မာနိုင်ငံကိုရောက်လာမယ့် ကမ္ဘာဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ် Mr.Hun Sen နဲ့ပတ်သက်ပြီး ပြည်တွင်းမှာ ဝေဖန်မှုတွေ အမျိုးမျိုးရှိနေကြပါတယ်။ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်း ၂၆၀ ကျော်ကတော့ ‘ အကြမ်းဖက် စစ်ကောင်စီကို အားပေးကူညီမယ့် Mr.Hun Sen’မြန်မာနိုင်ငံကို ခြေချခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ ဆန့်ကျင်ကန့်ကွက်သွားမယ်လို့ ပြောပါတယ်။ အရပ်ဘက်အဖွဲ့အစည်းတချို့ကို မေးမြန်းတင်ပြထားတဲ့ ရန်ကုန်က ဒီသတင်းကိုတော့ ကိုရဲမွန် က ပြောပြမှာပါ။

အာဆီယံရဲ့ အလှည့်ကျဥက္ကဋ္ဌဖြစ်သလို ကမ္ဘာဒီးယားနိုင်ငံရဲ့ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ Mr.Hun Sen ရဲ့ မြန်မာပြည်ခရီးစဉ် နီးကပ်လာတာနဲ့အမျှ မြန်မာပြည်တွင်းမှာလည်း သူ့ကိုဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေ ဆက်တိုက်ရှိနေပါတယ်။ တိုက်ပွဲတွေရှိနေတဲ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ရန်ကုန်၊ မန္တလေးလို မြို့တွေမှာ Mr Hun Sen ပါတဲ့ပုံတွေကို လမ်းပေါ်ကြဲချနေကြသလို မီးရှို့တာ၊ ကြွေးကြော်တာတချို့လည်း လုပ်ခဲ့ကြတာပါ။

အခြေခံပညာနဲ့ တက္ကသိုလ်ပညာရေးဝန်ထမ်းတွေ၊ ကျောင်းသားမဂ္ဂတွေပါတဲ့ အဖွဲ့အစည်း ၂၆၁ ဖွဲ့လည်း သူ့ရဲ့ခရီးစဉ်ကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း စုပေါင်းပြီး ထုတ်ပြန်ထားပါတယ်။ ဒါက မြန်မာအရေးနဲ့ပတ်သက်ပြီး အာစီယံရဲ့ ဘုံသဘောတူညီချက်တွေကို မလိုက်နာသေးတဲ့ စစ်ကောင်စီကို Mr.Hun Sen က အာဆီယံ အသိုင်းအဝန်းထဲကို ပြန်ခေါ်သွင်းဖို့ ကြိုးပမ်းနေတယ်လို့မြင်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစုရဲ့ တာဝန်ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ ဟွန်ဆန်က ပြီးခဲ့တဲ့ ဦးဝဏ္ဏမောင်လွင်ရဲ့ ကမ္ဘောဒီးယားခရီးစဉ် ပြီးတဲ့နောက်မှာ သူကပြောတယ်။ မြန်မာနိုင်ငံကို အာဆီယံအစည်းအဝေးကို ပြန်တက်နိုင်တဲ့ အခွင့်အရေးရှိပါတယ်။ ပြန်တက်နိုင်အောင် လုပ်ပါမယ်ဆိုပြီး အာဆီယံမှာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါတွေကို ထိုင်ခုံပြန်ပြီး ပေးနိုင်ဖို့အတွက် ကြိုးစားတဲ့ ခြေလှမ်းတရပ်လို့ ကျနော်တို့မြင်တယ်။ သံတမန်ရေးအရလုံးဝ မျက်နှာငယ်နေရတဲ့ အောက်ကျနောက်ကျနိုင်နေတဲ့ အခင်းအကျင်းကနေ သူက အာဏာရှင်အချင်းချင်း ရိုင်းပင်းကူညီတဲ့စိတ်နဲ့ ဆွဲတင်ချင်တဲ့သဘောမျိုးလို့သာ ကျနော်တို့သုံးသပ်တယ်။ အဲလိုလုပ်ခြင်းအားဖြင့် ရှေ့မှာ နိုင်ငံအသီးသီးက အာဆီယံခေါင်ဆောင်ကြီးများ ဆွေးနွေးခဲ့တဲ့ဆုံးဖြတ်ချက်ကို တစုံတရာ ယိမ်းယိုင်သွားအောင် လုပ်နေတဲ့သဘောမျိုး ဖြစ်တယ်လို့ ကျနော်တို့က သုံးသပ်ပါတယ်။”

ဇန်နဝါရီ ၁၉ ရက်မှာ အာဆီယံနိုင်ငံ ဝန်ကြီးတွေရဲ့ တွေ့ဆုံပွဲတခုလည်းရှိပါတယ်။ ဒီတွေ့ဆုံပွဲမတိုင်ခင် မြန်မာပြည်တွင်းအခြေအနေကို သိရဖို့အတွက် Mr.Hun Sen ဟာ အခုခရီးစဉ်ကို အရင်ဆုံးစီစဉ်တာဖြစ်နိုင်တယ်လို့လည်း သတင်းတွေက ခန့်မှန်းရေးသားကြပါတယ်။

ဒါပေမဲ့ မြန်မာပြည်တွင်းက ဆန္ဒပြလှုပ်ရှားသူတွေကတော့ တပါတီအာဏာရှင်စနစ်ကို ပြန်ပြီးအသက်သွင်းထားတာ၊ အဂတိလိုက်စားတာ၊ လူ့အခွင့်အရေးချိုးဖောက်နေတာတွေနဲ့ နှိုင်းယှဉ်ပြပြီး သူ့ရဲ့ခရီးစဉ်ကိုလည်း ကန့်ကွက်တဲ့ သဘောထားတွေ ထုတ်ပြန်ခဲ့ကြတာပါ။ Mr.Hun Sen မြန်မာနိုင်ငံမလာဖို့အတွက် ဆန့်ကျင်ဆန္ဒပြမှုတွေ မြို့ကြီးတချို့မှာ နေ့တိုင်းရှိနေသလို ပြည်ပရောက် မြန်မာတွေလည်း အလားတူလှုပ်ရှားမှုတွေ လုပ်နေကြတာပါ။

Mr.Hun Sen ဟာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့လည်းရှိတယ်လို့ ခန့်မှန်းနေကြပေမဲ့ စစ်ကောင်စီပြန်ကြားရေး ဒု-ဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဒါကိုငြင်းဆိုထားပါတယ်။ ဒါပေမဲ့ ဘန်ကောက်ပို့စ် သတင်းမှာတော့ Mr.Hun Sen ဟာ သူ့ရဲ့ နှစ်ရက်တာ ခရီးစဉ်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း တွေ့ဆုံသွားဖို့ရှိတယ်လို့ ရေးသားထားပါတယ်။

“ကျနော်သိထားသလောက်တော့ မရှိပါဘူးဗျာ၊ ဒီကအစိုးရပိုင်းဆိုင်ရာတွေနဲ့ တွေ့ဖို့တော့ ရှိပါလိမ့်မယ်။ ကျနော်တို့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ဒီအာဆီယံနဲ့ပတ်သက်တဲ့ ဟာတွေပဲ ဆွေးနွေးဖြစ်ဖို့ များပါတယ်ဗျ။”

ပြီးခဲ့တဲ့ရက်ပိုင်းက မြန်မာနိုင်ငံက ကမ္ဘောဒီယားသံရုံးအနီးနားမှာ ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ Mr.Hun Sen က သူ့ရဲ့ခရီးစဉ်ကိုဖျက်မှာ မဟုတ်ကြောင်း ကမ္ဘာဒီးယားနိုင်ငံခြားရေးဌာနက သတင်းဌာနတွေကို ဖြေကြားထားပါတယ်။ ကမ္ဘာဒီးယားနိုင်ငံခြားရေးရာဌာန ထုတ်ပြန်ချက်မှာတော့ Mr.Hun Sen ဟာ နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေနဲ့ အာဆီယံတွင်း လက်တလော ဖွံ့ဖြိုးမှုတွေနဲ့ပတ်သက်ပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့ ရေးသားထားပါတယ်။

...........................................

တိုက်ရိုက် လင့်ခ်



{{Unicode}}










XS
SM
MD
LG