သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းဖို့ ကနေဒါ အတိုက်အခံပါတီ တောင်းဆို


စစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းဖို့ ကနေဒါ အတိုက်အခံပါတီ တောင်းဆို
စစ်အစိုးရအပေါ် ကော်မရှင်ဖွဲ့ စုံစမ်းဖို့ ကနေဒါ အတိုက်အခံပါတီ တောင်းဆို

မြန်မာအစိုးရဟာ လူသားမျိုးနွယ်စုတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်မှု ရှိမရှိ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးပေးဖို့ ကနေဒါနိုင်ငံက အတိုက်အခံ ပါတီကြီးတခု ဖြစ်တဲ့ New Democratic Party က အင်္ဂါနေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းရေးမှူး မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr. Tomas Ojea Quintana) ရဲ့ ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ အမေရိကန်နိုင်ငံ အပါအဝင် ၅ နိုင်ငံက ထောက်ခံထားပေမဲ့ ကနေဒါအစိုးရ မပါဝင်သေးတဲ့အတွက် လစ်ဘရယ်ပါတီ အပါအဝင် အတိုက်အခံ ပါတီတွေကနေ ကနေဒါ အစိုးရ ပါဝင်လာဖို့ တောင်းဆိုနေကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရဟာ လူသားမျိုးနွယ်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နိုင်ခြေ ရှိတာမို့ ကုလသမဂ္ဂက စုံစမ်းရေး ကော်မရှင်တရပ် ဖွဲ့ပြီး စစ်ဆေးပေးဖို့ မစ္စတာ ကင်တားနားရဲ့ တောင်းဆိုချက်ကို ဗြိတိန်၊ သြစတြေးလျ၊ ချက်ပြည်သူ့သမ္မတနိုင်ငံနဲ့ စလိုဗက်ကီးယား နိုင်ငံတွေအပြင် မကြာသေးခင်ကပဲ အမေရိကန်နိုင်ငံကပါ ထောက်ခံပြီး ပါဝင် တောင်းဆိုလာခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာ့အရေးကို အစဉ်တစိုက် ထုတ်ဖော် ပြောဆိုလေ့ရှိတဲ့ ကနေဒါနိုင်ငံက မပါဝင်သေးတာကြောင့် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကနေဒါအမတ် ၈၁ ဦးက ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် လက်ရှိ အာဏာရ ကွန်ဆာဗေးတစ်ပါတီရဲ့ အတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ လစ်ဘရယ်ပါတီကလည်း ကြေညာချက်ထုတ်ပြန် တောင်းဆိုခဲ့ပြီး အင်္ဂါနေ့မှာတော့ နောက်ပါတီတခု ဖြစ်တဲ့ New Democratic Party ကပါ ပါဝင်လာတာ ဖြစ်ပါတယ်။

NDP ပါတီခေါင်းဆောင် ဂျက် လေတန်။
NDP ပါတီခေါင်းဆောင် ဂျက် လေတန်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာတွေ၊ နိုင်ငံရေး ဖိနှိပ်မှုတွေကအစ အတင်းအဓမ္မ အိုးအိမ် ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ နှိပ်စက်ညှဉ်းပန်း သတ်ဖြတ်မှုတွေ ကျူးလွန်တဲ့အထိ လုပ်ဆောင်နေတာတွေကို ကနေဒါ အစိုးရက အမြဲတမ်း ထုတ်ဖော် ပြောဆိုခဲ့တာမို့ အခု စနစ်တကျ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်ပေမဲ့ စစ်အာဏာရှင်တွေဟာ လွတ်ငြိမ်းချမ်းသာခွင့်တွေ ရနေတာမို့ ဒါတွေကို ဖော်ထုတ်နိုင်ဖို့အတွက် ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ စုံစမ်းဖို့ အချိန်တန်ပြီလို့ NDP ပါတီခေါင်းဆောင် ဂျက် လေတန် (Jack Layton) က ပြောပါတယ်။

ကနေဒါနိုင်ငံလို မြန်မာ့အရေး တစိုက်မတ်မတ် ဆောင်ရွက်နေတဲ့ နိုင်ငံကမှ ဒီ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကုလသမဂ္ဂ ကော်မရှင်ဖွဲ့ပြီး စုံစမ်း စစ်ဆေးဖို့အတွက် မတောင်းဆိုရင် မြန်မာစစ်ဗိုလ်ချုပ်ကြီးတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဒီ့ထက်ပိုပြီး လုပ်ဆောင်လာနိုင်တယ်လို့ NDP ပါတီ နိုင်ငံခြားရေး တာဝန်ခံ ပေါလ် ဒူဝါ (Paul Dewer) က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကော်မရှင်ဖွဲ့ စုံစမ်းရေးအတွက် ကနေဒါနိုင်ငံက တက်တက်ကြွကြွ ပါဝင်လှုပ်ရှားဖို့ပါ NDP ပါတီက တောင်းဆိုလိုက်ပါတယ်။ ဒီလို တောင်းဆိုလိုက်တာနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ အလားတူ တောင်းဆိုခဲ့တဲ့ အတိုက်အခံ ပါတီကြီးတခုဖြစ်တဲ့ လစ်ဘရယ်ပါတီ ခေါင်းဆောင်လည်းဖြစ်၊ PFOB မြန်မာ့အရေး ဆောင်ရွက်တဲ့ ကနေဒါ၊ မြန်မာများအဖွဲ့ ဥက္ကဋ္ဌ မစ္စတာ လယ်ရီ ဘက်ဂ်နဲလ် (Larry Bagnell) က ကြိုဆိုလိုက်ပါတယ်။

“ကျနော်တို့ လစ်ဘရယ်ပါတီက ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာ ကုလသမဂ္ဂ စုံစမ်းရေး ကော်မရှင်ဖွဲ့ စစ်ဆေးဖို့ ထောက်ခံ တောင်းဆိုခဲ့ပါတယ်။ အခု NDP ကလည်း ကျနော်တို့နဲ့ တသဘောတည်း ရှိလာတာမို့ ဒါဟာ သိပ်ကောင်းတဲ့ လက္ခဏာပါ။”

ကနေဒါ အစိုးရ အနေနဲ့ အခုထိ ကြေညာချက်ထုတ်ပြန် ပြောဆိုတာမျိုး မလုပ်သေးပေမဲ့ မကြာခင်မှာ လုပ်ဆောင်လာမယ်လို့ မျှော်လင့်ကြောင်းလည်း မစ္စတာ ဘက်ဂ်နဲလ်က ပြောပါတယ်။ CFOB လို့ခေါ်တဲ့ မြန်မာ့အရေး ဆောင်ရွက်နေတဲ့ ကနေဒါမိတ်ဆွေများအဖွဲ့ တာဝန်ခံ ဦးတင်မောင်ထူးကတော့ ကနေဒါနိုင်ငံမှာ လွှတ်တော်အမတ်တွေနဲ့ နိုင်ငံရေးပါတီတွေသာ မကဘဲ လူမှု လူ့အဖွဲ့အစည်းတွေကလည်း ထောက်ခံကြတယ်လို့ ပြောပါတယ်။

“ကနေဒါမှာ နိုင်ငံရေးသမားတွေ၊ အထက်လွှတ်တော် ကိုယ်စားလှယ်၊ အောက်လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၈၁ ဦးကနေ ထောက်ခံကြောင်း သူတို့ ပြောထားပြီးသား ဖြစ်ပါတယ်။ အခု နာရီပိုင်းအတွင်းမှာပဲ အတိုက်အခံပါတီဖြစ်တဲ့ New Democratic Party ကလည်း ပါတီခေါင်းဆောင်နဲ့အတူ နိုင်ငံခြားရေးရာ တာဝန်ခံကနေပြီးတော့ Statement ထုတ်ထားတာ ရှိပါတယ်။

“တချိန်တည်းမှာပဲ Civil Society Organization တွေ၊ အထူးသဖြင့် အလုပ်သမားနဲ့ ဝန်ထမ်း အဖွဲ့အစည်းတွေကလည်း ဒီအပေါ်မှာ ထောက်ခံတယ်ဆိုတဲ့ Statement တွေ ထုတ်ထားပြီးသား ရှိပါတယ်။ တနိုင်ငံလုံး အတိုင်းအတာနဲ့ ကြည့်မယ်ဆိုရင်တော့ လူထုလူတန်းစား အဖွဲ့တွေရဲ့ ထောက်ခံမှုက တနေ့တခြား ပိုများလာတယ်၊ နောက် ပါလီမန်အမတ်တွေ၊ အထက်လွှတ်တော်၊ အောက်လွှတ်တော် အမတ်တွေရဲ့ ထောက်ခံမှုကလည်း ကြီးမားလာသလိုပဲ တခါမှ ၈၀ ကျော်ဆိုတာ မရဖူးဘူးခင်ဗျ။ ဒါ ပထမဆုံး အကြိမ်လည်း ဖြစ်တယ်။”

ဒီလို အများစု လက်ခံကြတာမို့ လက်ရှိ အာဏာရပါတီဟာ မကြာခင်မှာပဲ လူထုဆန္ဒနဲ့အညီ ပံ့ပိုးလာဖို့ မြင်တယ်လို့လည်း ဆိုပါတယ်။

“အခု ကနေဒါမှာ ပါတီပေါင်း ၄ ပါတီ ရှိပါတယ်။ အစိုးရ ဖြစ်နေတာက ကွန်ဆာဗေးတစ်ပါတီ၊ လစ်ဘရယ်ပါတီရယ်၊ New Democratic Party ရယ်၊ ကယူဘက်ကွာ ပါတီ (Quebecois Party) တွေက ထောက်ခံထားပြီး ဖြစ်ပါတယ်။ နိုင်ငံရေးအရလည်း ထောက်ခံမှုအားတွေ ကောင်းလာတယ်၊ လူထုလူတန်းစား အဖွဲ့အစည်းတွေရဲ့ ထောက်ခံမှုကလည်း ပိုကြီးမားလာတာ တွေ့ရတဲ့အတွက် အနှေးနဲ့အမြန် ဆိုသလို လက်ရှိအာဏာရ ကွန်ဆာဗေးတစ် ပါတီကနေပြီးတော့ လူထုရဲ့ဆန္ဒရော၊ နိုင်ငံရေးသမားတွေရဲ့ ဆန္ဒနဲ့အညီ ဒီကိစ္စအပေါ်မှာ ပံ့ပိုးလာမယ်၊ တကယ်လိုအပ်လာမယ်ဆိုရင် ဂျနီဗာမှာပဲဖြစ်ဖြစ်၊ UN Mechanism တွေမှာ သူတို့ ပံ့ပိုး လုပ်ဆောင်လာမယ်ဆိုတာ ကျနော် အတိအကျ ပြောနိုင်ပါတယ်။”

CFOB အဖွဲ့က ဦးတင်မောင်ထူး ပြောသွားတာ ဖြစ်ပါတယ်။

XS
SM
MD
LG