သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရေငုပ်ယာဉ်ငယ်ပေါက်ကွဲမှု ကနေဒါနဲ့ အမေရိကန် စုံစမ်း


FILE - This undated image provided by OceanGate Expeditions in June 2021 shows the company's Titan submersible.
FILE - This undated image provided by OceanGate Expeditions in June 2021 shows the company's Titan submersible.

မြောက်အတ္တလန်တိတ်သမုဒ္ဒရာထဲမှာ နစ်မြုပ်နေတဲ့ Titanic သင်္ဘောရှိရာနားကို သွားရောက်စူးစမ်းတဲ့ Titan ရေငုပ်ယာဉ်ငယ် ပေါက်ကွဲမှုကို ကနေဒါအစိုးရက စတင်စုံစမ်းနေပါပြီ။ Titan ရေငုပ်ယာဉ်ငယ်ဟာ အမေရိကန်အခြေစိုက် OceanGate ကုမ္ပဏီပိုင်ဖြစ်ပေမဲ့ ရေငုပ်ယာဉ်ငယ်ကို ရေပေါ်ကနေ ပံ့ပိုးပေးခဲ့တဲ့ Polar Prince သင်္ဘောက ကနေဒါအလံလွှင့်ထားတဲ့ သင်္ဘောဖြစ်တာကြောင့် ကနေဒါနိုင်ငံရဲ့ ပို့ဆောင်ရေးပိုင်း ဘေးကင်းလုံခြုံမှုဆိုင်ရာ ဘုတ်အဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ စလုပ်နေတာဖြစ်ပါတယ်။

ကနေဒါနိုင်ငံ အရှေ့စွန်းမှာရှိတဲ့ Newfoundland ပြည်နယ်ကို စုံစမ်းစစ်ဆေးသူတွေပါတဲ့ အဖွဲ့တဖွဲ့ကို စေလွှတ်ထားပြီလို့ ဘုတ်အဖွဲ့က သောကြာနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဇွန်လ ၁၈ ရက်နေ့က Titan ရေငုပ်ယာဉ်ငယ်ဟာ သမုဒ္ဒရာရေအောက်ကို ဆင်းသွားပြီး ၄၅ မိနစ်အကြာမှာ အပေါ်ကနေ ဆက်သွယ်စောင်ကြည့်နေတဲ့ Polar Prince သင်္ဘောနဲ့ အဆက်အသွယ်ပြတ်သွားခဲ့တာ ဖြစ်ပါတယ်။

အမေရိကန်၊ ကနေဒါ၊ ဗြိတိန်နဲ့၊ ပြင်သစ် ကမ်းရိုးတမ်းစောင့်တပ်တွေ ဝိုင်းဝန်းရှာဖွေပေးခဲ့ကြတာပါ။ ဒါပေမဲ့ ရေငုပ်ယာဉ်ငယ်ရဲ့ အစိတ်အပိုင်းတချို့ကို ရှာတွေ့ခဲ့ပြီးနောက် ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ် ပါသွားသူ ၅ ယောက်လုံး သေဆုံးသွားခဲ့ကြောင်း အမေရိကန်ကမ်းရိုးတမ်းစောင့်တပ်ဖွဲ့ တာဝန်ရှိသူတွေက ဇွန်လ ၂၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ပင်လယ်ပြင်မှာဖြစ်တဲ့ အကြီးကျယ်ဆုံး မတော်တဆမှု တခုဖြစ်တာကြောင့် ဘာကြောင့် ဒီလိုဖြစ်ခဲ့ရသလဲဆိုတာကို အမေရိကန်ကမ်းရိုးတမ်းစောင့်တပ်ကလည်း စုံစမ်းမယ်လို့ ကြေညာပါတယ်။

အဲဒီစုံစမ်းမှုတွေကို အမေရိကန်သယ်ယူပို့ဆောင်ရေးပိုင်း လုံခြုံဘေးကင်းမှုဆိုင်ရာ ဘုတ်အဖွဲ့က ပူးပေါင်းပါဝင်စုံစမ်းမယ်လို့ သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ Titan ရေငုပ်ယာဉ်ငယ် သမုဒ္ဒရာထဲမှာ ပေါက်ကွဲခဲ့မှုနဲ့ပါတ်သက်လို့ ယာဉ်ငယ်ရဲ့ လုံခြုံစိတ်ချရမှုအပေါ် OceanGate ကုမ္ပဏီတာဝန်ရှိသူတွေ လှစ်လျူရှုခဲ့သလားဆိုတဲ့ မေးခွန်းထုတ်မှုတွေလည်း ထွက်ပေါ်နေပါတယ်။

XS
SM
MD
LG