သုံးရလွယ်ကူစေသည့် Link များ

ဟာဝါရီ ဆူနာမီလှိုင်း ခန့်မှန်းသလောက် မပြင်းထန်


ကနေဒါနိုင်ငံ ပစိဖိတ်ကမ်းရိုးတန်းမှာ ပြင်းအား ၇.၇ ရစ်ချက်စကေး ငလျင် လှုပ်ခတ်သွားတာကြောင့် ကနေဒါနိုင်ငံ အနောက်တောင်ပိုင်းနဲ့ အမေရိကန်ပြည်ထောင်စု ဟာဝါရီ မှာ ဆူနာမီလှိုင်း ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ငလျင် လှုပ်ပြီးနောက် စနေ့ ညပိုင်းမှာပဲ ဟာဝါရီကျွန်း ကမ်းတလျှောက်မှာ ဆူနာမီ အရေးပေါ် သတိပေးချက် ဥသြသံတွေ ထွက်လာပါတယ်။ ဒါကြောင့် ဟာဝါရီ ကျွန်း ကမ်းရိုးတန်း တလျှောက် နေထိုင်ကြသူတွေရော ခရီးသွား ဧည့်သည်တွေမှာ မြေမြင့်ပိုင်းကို ညတွင်းချင်း ရွှေ့ပြောင်းခဲ့ကြရပါတယ်။

လုံခြုံရေး အခြေအနေတွေ ပိုတိုးမြင့်ဆောင်ရွက်နိုင်ဖို့ ဟာဝါရီ ကျွန်းအုပ်ချုပ်ရေးမှူး Neil Abercrombie ဟာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာထားပါတယ်။

ပစိဖိတ် သမုဒ္ဒရာ အလယ်ခေါင်မှာရှိတဲ့ ဟာဝါရီ ကျွန်းစု ကမ်းရိုးတန်း တလျှောက်မှာ ဆူနာမီလှိုင်းကြောင့် အပျက်အစီးတွေ ရှိလာနိုင်တယ်ဆိုပြီး တာဝန်ရှိသူတွေက စိုးရိမ်တကြီး သတိပေးခဲ့ပါတယ်။ လှိုင်းဟာ ၆ ပေကျော်အထိ မြင့်တက်လာနိုင်တယ် ဆိုပြီး ခန့်မှန်းထားပေမဲ့၊ ကနဦးလှိုင်းတွေမှာ ကတည်းက ထင်သလောက် မဆိုးခဲ့ပါဘူး။ အကြီးဆုံး လှိုင်းဟာ ၅ ပေနီးပါးအထိပဲ ရှိခဲ့တာပါ။ ဒါကြောင့် ပြင်းပြင်းထန်ထန် ထိခိုက်ပျက်စီးမှုတွေ မရှိခဲ့ပါဘူး။

အသက်အန္တရာယ်နဲ့ အခြား ပျက်စီးထိခိုက်မှုတွေ မရှိစေဖို့ အရေးပေါ် ဆောင်ရွက်စရာတွေ ရှိပြီး၊ အခြေအနေတွေ မရှင်းလင်းခင် အန္တရာယ်ရှိတဲ့ နေရာတွေကို ပြန်မသွားကြဖို့ ကိုလည်း ပစိဖိတ် ဆူနာမီ သတိပေးဌာနက ထုတ်ပြန်ထားပါတယ်။ အခုတော့ ဆူနာမီလှိုင်း သတိပေးချက်ကို ရုပ်လိုက်ပြီဖြစ်ပေမဲ့ ပင်လယ်ရေမျက်နှာပြင် အခြေအနေကြောင့် ကမ်းစပ်မှာ ရှိသူတွေအတွက် အန္တရာယ်ရှိတုန်းပဲလို့တော့ သက်ဆိုင်ရာ သတိပေးထားပါတယ်။
XS
SM
MD
LG