သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကနေဒါ နိုင်ငံခြားရေးဝန်ကြီး နဲ့ ဒေါ်စု ပူးတွဲသတင်းစာ ရှင်း


ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ။
ကနေဒါနိုင်ငံခြားရေးဝန်ကြီး Stephane Dion နဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက အစိုးရသစ်နဲ့ လာရောက်တွေ့ဆုံတဲ့ ကနေဒါနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ ကူညီဖို့ ကတိပြုပြောကြားသွားပါတယ်။ ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ကမ်းလှမ်းချက်ကိုတော့ မြန်မာအစိုးရသစ်ရဲ့ ထိပ်တန်းခေါင်းဆောင်တွေကလည်း ကြိုဆိုခဲ့ကြတာပါ။ ကနေဒါ-မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ကိုအောင်လွင်ဦးက ပြောပြပေးမှာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်တဲ့ အစိုးရသစ်ကို နိုင်ငံတကာ သံတမန်တွေ လာရောက် တွေ့ဆုံနေတဲ့ အထဲမှာ အခုနောက်ဆုံး ကနေဒါနိုင်ငံက နိုင်ငံခြားရေးဝန်ကြီး Stephane Dion ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဒီကနေ့ နေပြည်တော်မှာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ တွေ့ဆုံခဲ့တဲ့ ကနေဒါ နိုင်ငံခြားရေး ဝန်ကြီးကတော့ မြန်မာနိုင်ငံမှာ ဆယ်စုနှစ်ပေါင်းများစွာ စစ်တပ်က အုပ်စိုးမှုကနေ အရပ်သား အုပ်ချုပ်မှုကို ပြောင်းလဲ နိုင်ခဲ့တဲ့ အခြေအနေအပေါ် ချီးကျုးစကား ပြောကြားသွားခဲ့တာပါ။

“မြန်မာနိုင်ငံ အနေနဲ့ အောင်မြင်မှုရဖို့လိုပါတယ်။ မြန်မာနိုင်ငံအတွက် အရေးကြီးသလို၊ ကမ္ဘာကြီးအတွက်လည်း အရေးကြီးပါတယ်။ ဒါဟာလည်း မိတ်ဖက်နိုင်ငံတခုအဖြစ်နဲ့ ကျနော်တို့ သင်ယူစရာတွေရှိပါလိမ့်မယ်။ ဒီလို ထူးခြားလှတဲ့ ဖြတ်သန်းမှုကနေ သင်ယူနိုင်မယ့် အခွင့်အလန်းကောင်း တခုပါ။ ဒါဟာ ခက်ခဲပါလိမ့်မယ်။ ဒီမိုကရေစီခိုင်မာအောင် တည်ဆောက်ရတာဟာ အမြဲလိုလို ခက်ခဲလေ့ရှိပါတယ်။ အလွယ်ဆုံးလမ်း မဟုတ်ပေမဲ့လည်း၊ ဖြတ်ကိုဖြတ်သန်းရမယ့် လမ်းပါ။”

ဒီကနေ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံရာ မှာတော့ မြန်မာနိုင်ငံမှာ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ လူနေမှုအဆင့်တန်း မြင့်မားရေး စတဲ့ကိစ္စရပ်တွေကို အစိုးရသစ်က ဦးစားပေး ဆောင်ရွက်မယ့် အစီအစဉ်တွေနဲ့ ပတ်သက်လို့ အချိန် အတော်ကြာ ပြောဆိုဆွေးနွေးဖြစ်ခဲ့တဲ့ အကြောင်းလည်း ကနေဒါနိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့တာပါ။

ကနေဒါ-မြန်မာ ပူးတွဲသတင်းစာရှင်းလင်းပွဲ
ကနေဒါ-မြန်မာ ပူးတွဲသတင်းစာရှင်းလင်းပွဲ

မြန်မာနိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကတော့ ကနေဒါ နိုင်ငံ အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကူညီဖို့ ကမ်းလှမ်းခဲ့တဲ့အပေါ် ကနေဒါနိုင်ငံခြားရေးဝန်ကြီးနဲ့အတူ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ကြိုဆိုခဲ့တာပါ။

“အထူးသဖြင့် ကနေဒါနိုင်ငံ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ကူညီဖို့ စိတ်အားထက်သန်နေတယ်လို့ ထင်ပါတယ်။ ဒီလို အကူအညီမျိုးကို ကျမတို့နိုင်ငံကလည်း ဝမ်းပမ်းတသာကြိုဆိုပါတယ်။ မတူကွဲပြားမှုတွေကနေ ညီညွတ်မှုကို တည်ဆောက်နိုင်မယ့် တိုင်းပြည်တခုဖြစ်အောင် ကျမတို့ ကြိုးပမ်းရာမှာ ကျမတို့ရဲ့ မိတ်ဆွေတွေ ဝိုင်းပြီးအကူအညီပေးသမျှကိုလည်း ကျမတို့ ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။”

ကနေဒါနိုင်ငံခြားရေးဝန်ကြီးရဲ့ ၂ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်းမှာတော့ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေအပြင် လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံဖို့ရှိသလို၊ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ရန်ကုန်မြို့မှာ တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

လူ့အခွင့်အရေးနဲ့ နိုင်ငံရေး အခြေအနေတွေ တိုးတက်မှု မရှိဘူးဆိုပြီး မြန်မာ စစ်အစိုးရတွေ လက်ထက်မှာ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားတဲ့ အနောက်နိုင်ငံတွေထဲ တခုအပါအဝင်ဖြစ်ခဲ့တဲ့ ကနေဒါနိုင်ငံဟာ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ထွက်ပေါ်လာတဲ့ မကြာသေးခင်နှစ်တွေကစလို့ အရေးယူထားတာတွေကို လျှော့ပေါ့ပေးခဲ့တာပါ။

မြန်မာနိုင်ငံအပေါ် စီးပွားရေးအရ ပြစ်ဒဏ်ခတ် အရေးယူတဲ့ဥပဒေတရပ်ကို ၂၀၀၇ ခုနှစ်ကတည်းက ချမှတ်ထားခဲ့တဲ့ ကနေဒါနိုင်ငံက ဒဏ်ခတ်မှု အများစုကို ဖယ်ရှားပေးခဲ့ရာမှာ အခုနောက်ဆုံး လက်နက်တင်ပို့ရောင်းချမှုတွေနဲ့ တားမြစ်ထားတဲ့ မြန်မာနိုင်ငံတွင်းက လူပုဂ္ဂိုလ်တချို့ရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်တာ၊ စီးပွားရေးအရ အဆက်အဆံတွေ မလုပ်ဖို့ ကန့်သတ်တာတွေကိုသာ ဆက်လက်ထားရှိခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG