သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်အမေရိကားတိုက် အကြီးဆုံး စိန်ရိုင်းတုံး


ကနေဒါမိုင်းကုမ္ပဏီ တူးဖော်ရရှိခဲ့သည့် စိန်အရိုင်းတုံး။
ကနေဒါမိုင်းကုမ္ပဏီ တူးဖော်ရရှိခဲ့သည့် စိန်အရိုင်းတုံး။

မြောက်အမေရိကားတိုက်အတွင်း အကြီးဆုံး စိန်အရိုင်းတုံးကြီးတခုကို ကနေဒါ မိုင်းကုမ္ပဏီတခုက တူးဖော် တွေ့ရှိခဲ့ပါတယ်။ အဲဒီ စိန်အရိုင်းတုံးဟာ အဝါရောင် သန်းနေပြီး အရွယ်အစားအားဖြင့် ကြက်ဥအသေးစားလောက် ရှိတယ်လို့ ဆိုပါတယ်။

အာတိတ်စက်ဝန်းအတွင်းက ကနေဒါနိုင်ငံရဲ့ မြောက်ပိုင်းအကျဆုံး ပိုင်နက်အတွင်းမှာ ၅၅၂ ကာရက်ရှိတဲ့ အဲဒီ စိန်တုံးကို တူးဖော် ရရှိခဲ့တာလို့ Dominion Diamond Mines ကုမ္ပဏီက စနေနေ့မှာ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒီ စိန်တုံးဟာ အရင်က တွေ့ရှိခဲ့တဲ့ အကြီးဆုံးလို့ သတ်မှတ်ထားခဲ့တဲ့ ၁၈၇ ကာရက်ရှိ Foxfire စိန်ထက် ၃ ဆနီးပါး ပိုကြီးတာလည်း ဖြစ်ပါတယ်။

အဲဒီဒေသမှာ အခုလောက်ကြီးတဲ့စိန်ကို တွေ့နိုင်ဖို့ဆိုတာ လုံး၀ မျှော်လင့် မထားတဲ့ ကိစ္စဖြစ်ကြောင်းနဲ့ အခု တွေ့ရှိမှုဟာ အင်မတန် အံ့အားသင့်စရာကောင်းကြောင်း မိုင်းကုမ္ပဏီမှာ ၄၀% ပိုင်ဆိုင်မှု ပါဝင်တဲ့ Dominion ကုမ္ပဏီက ပြောပါတယ်။

ခက်ခဲစွာ တူးဖော် ရယူခဲ့ရတာကြောင့် အပေါ်ယံကြောမှာ ပွန်းပဲဒဏ်ရာတွေ ဖြစ်နေတဲ့ ဒီစိန်အရိုင်းတုံးကြီးကို ကျွမ်းကျင် ပညာရှင်တွေက သွေးပြီးတဲ့နောက်မှာမှ ဘယ်လောက် တန်ဖိုးရှိတယ်ဆိုတာကို ဆုံးဖြတ်နိုင်မယ်လို့ ကုမ္ပဏီက ပြောပါတယ်။

အခုစိန်အရိုင်းတုံး တွေ့ရှိတဲ့ တွင်းထဲကဘဲ အရင်က တူးဖော် ရရှိခဲ့တဲ့ Foxfire စိန်တုံးကြီး ကတော့ အမှောင်ထဲမှာ တောက်ပတဲ့အပြာရောင် ထွက်နေတယ်လို့ ဆိုပါတယ်။ Foxfire စိန်တုံးကြီးကိုတော့ ကမ္ဘာကျော် Hope Diamond ကြီးနဲ့အတူ အမေရိကန်နိုင်ငံ၊ ဝါရှင်တန် ဒီစီမြို့က Smithsonian ပြတိုက်မှာ အစောပိုင်းက ပြသထားခဲ့ပြီး နောက်ပိုင်းမှာ ၂ ပိုင်းခွဲပြီး အမေရိကန်ဒေါ်လာ ၁.၃ သန်းနဲ့ ရောင်းချခဲ့ပါတယ်။

တောင်အာဖရိကနိုင်ငံမှာ ၁၉၀၅ ခုနှစ်က တွေ့ရှိခဲ့တဲ့ ၃,၁၀၀ ကာရက်ရှိတဲ့ စိန်တုံးကြီး ကတော့ ကမ္ဘာ့အကြီးဆုံး စိန်တုံးကြီးအဖြစ် စံချိန်တင်ထားပါတယ်။ အဲဒီစိန်ကိုတော့ စိန်တုံးကြီး ၉ တုံးနဲ့ စိန်တုံးအသေးလေး ၉၆ တုံးခွဲပြီး ရောင်းချခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG