ပြင်သစ်နိုင်ငံ ကိန်းမြို့မှာ ကျင်းပတဲ့ ကိန်း (Cannes) ရုပ်ရှင်ပွဲတော်မှာ The Tree of Life ရုပ်ရှင်က အကောင်းဆုံး ရွှေထန်းရွက်ဆုကို ရရှိသွားပါတယ်။
ဘဝရဲ့အစ သေဆုံးသွားပြီးတဲ့နောက်မှာ ဘာတွေဖြစ်သလဲ ဆိုတာကို ရိုက်ကူးထားတဲ့ ဇာတ်ကားထဲမှာ မင်းသား ဘရက်ပစ် (Brad Pitt)၊ ရှောင်ပန်း (Sean Penn) တို့က သရုပ်ဆောင်ထားကြပြီး အမေရိကန် ဒါရိုက်တာ တဲရန့်စ် မာလစ်ခ် (Terrence Malick) က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
အင်မတန် ရှက်တတ်တဲ့ ဒါရိုက်တာ မာလစ်ခ်ကတော့ တနင်္ဂနွေနေ့က ဆုပေးပွဲမှာ ဆုတက်မယူခဲ့ပါဘူး။
ရုပ်ရှင်တွေကို ဆုပေးဖို့ ရွေးချယ်ရေးအဖွဲ့ ခေါင်းဆောင် မင်းသားကြီး ရောဘတ် ဒီနီးရိုး (Robert DeNiro) က ဒီနှစ်မှာ ဘယ်ရုပ်ရှင်ကို ဆုပေးရမလဲလို့ ရွေးချယ်ရတာ အင်မတန် ခက်ခဲတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ The Tree of Life ရုပ်ရှင်ကတော့ ဆုနဲ့ ထိုက်တန်တယ်လို့ ပြောပါတယ်။
မယ်လန် ကော်လီယာ (Melancholia) ရုပ်ရှင်ကားမှာ သရုပ်ဆောင်သူ မင်းသမီး ခရစ်စ်တန် ဒန့်စ် (Kirsten Dunst) က အကောင်းဆုံး မင်းသမီးဆုကို ရသွားပါတယ်။ ဒီကားကို ရိုက်ကူးတဲ့ ဒိန်းမတ်က ဒါရိုက်တာ လာစ် ဗွန် ထရီယာ (Lars Von Trier) ကတော့ သတင်းစာ ရှင်းလင်းပွဲ တခုမှာ ဟစ်တလာ (Hitler) လိုလားတဲ့ အပြောအဆိုတွေ ပြောခဲ့လို့ ကိန်းရုပ်ရှင်ပွဲတော် ကျင်းပရေး တာဝန်ရှိသူတွေက သူ့ကို တားမြစ်ထားတဲ့အတွက် ဆုပေးပွဲကို မတက်နိုင်ခဲ့ပါဘူး။
ဒါရိုက်တာကတော့ သူ နောက်ပြောင်ခဲ့တဲ့အတွက် တောင်းပန်ပါတယ်လို့ နောက်ပိုင်းမှာ တောင်းပန်ခဲ့ပါတယ်။