သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်လွှတ်တော်နဲ့ အိမ်ဖြူတော် လုံခြုံရေးကြောင့် ခေတ္တပိတ်


အမေရိကန် လွှွတ်တော်လုံခြုံရေးရဲအရာရှိတစ်ဦးကို လွှတ်တော်အဆောက်အဦးရှေ့မှာတွေ့ရစဉ်။ (မတ် ၂၈၊ ၂၀၁၆)
အမေရိကန် လွှွတ်တော်လုံခြုံရေးရဲအရာရှိတစ်ဦးကို လွှတ်တော်အဆောက်အဦးရှေ့မှာတွေ့ရစဉ်။ (မတ် ၂၈၊ ၂၀၁၆)

အမေရိကန်လွှတ်တော်အဆောက်အဦး Capitol ကို လာရောက် လေ့လာကြသူတွေ စုဝေးရာ ဧည့်ကြိုခန်းမ အတွင်းမှာ တနင်္လာနေ့က သေနတ်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လွှတ်တော် အဆောက်အဦးနဲ့ အိမ်ဖြူတော်တို့ကို ခေတ္တ ပိတ်လိုက်ရပါတယ်။

အမျိုးသားတဦးက လွှတ်တော်အဆောက်အဦး အတွင်းကို သေနတ်တလက် ယူဆောင်လာတယ်လို့ ကနဦး သတင်းတွေက ဖော်ပြကြပါတယ်။ အဲဒီသတင်းတွေအရ အဲဒီ အမျိုးသားဟာ Metal detector ခေါ် သတ္တုပစ္စည်းတွေကို စစ်ဆေးတဲ့ စက်ကို ဖြတ်သွားတဲ့အချိန် Alarm အချက်ပေးသံ မြည်တဲ့အခါ သူက သေနတ်ကို ဆွဲထုတ်လိုက်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ရဲအရာရှိတဦးက အဲဒီ အမျိုးသားကို သေနတ်နဲ့ ပစ်လိုက်တဲ့အတွက် ဒဏ်ရာရသွားပေမယ့်လို့လည်း မစိုးရိမ်ရဘူးလို့ သိရပါတယ်။ သူ့ကို အခု ဆေးရုံကို ခေါ်သွားပြီ ဖြစ်ပါတယ်။

အရပ်သားအမျိုးသမီးလည်း ပစ်လိုက်တဲ့ ကျည်ဆံကတဆင့် စင်ထွက်လာတဲ့ အပိုင်းအစကြောင့် ဒဏ်ရာ အနဲငယ် ရရှိသွားပါတယ်။ လုံခြုံရေးရဲတွေတော့ ထိခိုက် ဒဏ်ရာရခဲ့ခြင်း မရှိပါဘူး။

အခင်းဖြစ်ပွားချိန်မှာ လွှတ်တော်တွင်း ရောက်ရှိကြတဲသူတွေကို ဘေးကင်းရာ ခိုလှုံဖို့ သတ်မှတ်ထားတဲ့နေရာမှာ သွားရောက်ဖို့အတွက် ညွန်ကြားချက် ထုတ်ပြန်ခဲ့ပါတယ်။

တချိန်ထဲမှာပဲ သမ္မတ အိမ်ဖြူတော်မှာ တစုံတရာ ဖြစ်ပေါ်ခဲ့ခြင်း မရှိပေမယ့် အိမ်ဖြူတော်ကိုလည်း ပိတ်ထားကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Easter ပွဲတော် အားလပ်မို့ လွှတ်တော်ရပ်နားထားပေမယ့် အခုအချိန်ဟာ မြို့တော် ဝါရှင်တန်မှာ ချယ်ရီပွဲတော် ကျင်းပချိန် ဖြစ်တဲ့အတွက် ကမ္ဘာလှည့်ခရီးသည်တွေ အများအပြား ရောက်ရှိနေတဲ့ သီတင်းပတ် ဖြစ်ပါတယ်။

၁၉၉၈ ခုနှစ်က လွှတ်တော်အတွင်း အမျိုးသားတဦးက သေနတ်နဲ့ ပစ်ခတ်ခဲ့မှုကြောင့် လွှတ်တော်လုံခြုံရေး အရာရှိ ၂ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီဖြစ်ရပ်အပြီး လွှတ်တော်အနေနဲ့ လာရောက် လေ့လာကြသူတွေ ၄,၀၀၀ လောက် ဆန့်တဲ့ ဧည့်ကြိုခန်းမ အသစ်ကို လွှတ်တော် မြေအောက်ထပ်မှာတိုးချဲ့တည်ဆောက်ပြီး လုံခြုံရေးကိုလည်း တိုးမြင့်ခဲ့ပါတယ်။

XS
SM
MD
LG