သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီ အရှေ့တောင်ပိုင်း ရဲစစ်ကြောရေး စခန်း ကားဗုံးခွဲခံရ


ကားဗုံးခွဲခံရတဲ့ တူရကီ အရှေ့တောင်ပိုင်း Cizre မြို့ ရဲစစ်ကြောရေး စခန်း။ ( သြဂုတ် ၂၆၊ ၂၀၁၆)
ကားဗုံးခွဲခံရတဲ့ တူရကီ အရှေ့တောင်ပိုင်း Cizre မြို့ ရဲစစ်ကြောရေး စခန်း။ ( သြဂုတ် ၂၆၊ ၂၀၁၆)

တူရကီနိုင်ငံတောင်ပိုင်းက Cizre မြို့မှာ ဒီကနေ့ ကားဗုံးတလုံးပေါက်ကွဲတာကြောင့် ရဲတပ်ဖွဲ့ဝင် ၁၁ ယောက်ထက်မနည်း သေဆုံး ပြီး တခြားလူအများအပြား ဒဏ်ရာရသွားတယ်လို့ ဆေးရုံ တာဝန်ရှိသူတွေက ပြောပါတယ်။ ရဲတပ်ဖွဲ့ စစ်ဆေးရေးဂိတ်တခုလို့ ယူဆတဲ့ အခင်းဖြစ်နေရာမှာ ပေါက်ကွဲမှုဖြစ်ပြီးတဲ့နောက် မီးခိုးလုံးကြီး တက်နေတာကို ဒေသတွင်း ရုပ်သံသတင်းဌာနတွေက ထုတ်လွှင့် ပြသပါတယ်။

ဒီကနေ့ ဒေသစံတော်ချိန် မနက် ၆ နာရီခွဲပတ်ဝန်းကျင်မှာ ဖောက်ခွဲတာဖြစ်ပြီး တူရကီအာဏာပိုင်တွေက လက်တုန့်ပြန်မယ်လို့ အခိုင်အမာ ပြောပါတယ်။ တိုက်ခိုက်သူတွေနဲ့ ထိုက်တန်တဲ့ လက်တုန့်ပြန်မှုကို လုပ်သွားမှာဖြစ်ပြီး အကြမ်းဖက်ဝါဒ ကိုင်စွဲတဲ့ ဘယ်အဖွဲ့အစည်းမှ တူရကီကို ထိန်းချုပ်ထားနိုင်မှာ မဟုတ်ဘူးလို့ အစ္စတန်ဘူလ်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တူရကီဝန်ကြီးချုပ် Binali Yildirim က ပြောပါတယ်။

Cizre မြို့ဟာ ဆီးရီးယား၊ အီရတ်တို့နဲ့ နယ်စပ်ထိနေတဲ့ Sirnak ပြည်နယ်မှာရှိပြီး ကာ့ဒ်လူဦးရေ အတော်များများရှိတဲ့မြို့ပါ။ တိုက်ခိုက်မှုရဲ့လက်သည်အဖြစ် အခုချိန်ထိတော့ ဘယ်သူကမှ မပြောသေးပေမဲ့ နိုင်ငံပိုင် Anadoluu သတင်းဌာန ကတော့ ကာဒစ္စတန် အလုပ်သမားပါတီ PKK ရဲ့လက်ချက်ဖြစ်တယ် လို့ ပြောပါတယ်။

PKK အဖွဲ့ကို အကြမ်းဖက်ဝါဒကိုင်စွဲတဲ့ အဖွဲ့တခု အဖြစ်သတ်မှတ်ထားပြီး အဲဒီဒေသ က တိုက်ခိုက်မှုတွေမှာ ပါဝင်ပတ်သက်တယ်လို့ ယူဆထားပါတယ်။ ရဲစခန်း တခုထက် မနည်း တိုက်ခိုက်မှုအတွက် သူတို့လက်ချက်ဖြစ်တယ်လို့ PKK အဖွဲ့က ကြေညာထားဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG