သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ငြိမ်းချမ်းရေးအတွက် ကူညီကြဖို့ ဆရာတော် ချားလ်စ်ဘို ပန်ကြား


ပထမဆုံးမြန်မာ Cardinal ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို (အလယ်) သတင်းဓာတ်ပုံ- Missio ။
ပထမဆုံးမြန်မာ Cardinal ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို (အလယ်) သတင်းဓာတ်ပုံ- Missio ။

ဥရောပနိုင်ငံတွေကို နှစ်ပတ်ကြာခရီးစဉ်အဖြစ်ရောက်ရှိနေတဲ့ ပထမဆုံးမြန်မာ ကာဒီနယ်လ် ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘိုက မြန်မာနိုင်ငံတွင်းဖြစ်ပွားနေတဲ့ လူမျိုးစုတိုက်ပွဲတွေနဲ့ ဘာသာရေး ပဋိပက္ခတွေ ပြေလည်ရေး ဆက်လက်ပြီး ဝိုင်းဝန်း ကူညီဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းကို တိုက်တွန်းလိုက်ပါတယ်။

ဒါအပြင် NLD အစိုးရသစ်လက်ထက် မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေး တည်ဆောက်နိုင်မယ်လို့ သူ့အနေနဲ့မျှော်လင့်ချက်တွေရှိကြောင်းနဲ့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်အဖွဲ့တွေကြားမှာ အစိုးရက တရားမျှတမှုရှိရှိ ညှိနှိုင်းဆွေးနွေးပေးနိုင်ဖို့ လိုအပ်ကြောင်း ဆရာတော်ကြီးက မိန့်ကြားပါတယ်။ ဥရောပကိုရောက်ရှိနေတဲ့ ဆရာတော်ကြီးချားလ်စ်ဘိုက မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းပြီး အပြည့်အစုံကို တင်ဆက်ထားပါတယ်။

ပထမဆုံးမြန်မာ ကာဒီနယ်လ် ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို
ပထမဆုံးမြန်မာ ကာဒီနယ်လ် ရဟန်းမင်းအမတ် ရန်ကုန် ကက်သလစ်ဂိုဏ်းချုပ်ဆရာတော်ကြီး ချားလ်စ်ဘို

အင်္ဂလန်၊ စကော့တလန်၊ ဘရပ်ဆဲလ် စတဲ့ဥရောပနိုင်ငံခရီးစဉ်အတွင်း ဆရာတော်ကြီး ချားလ်စ်ဘိုဟာ ဘာသာရေးခေါင်းဆောင်တွေ၊ အစိုးရအဖွဲ့ဝင်တွေ၊ လွှတ်တော်အမတ်တွေနဲ့တွေ့ဆုံရာမှာ မြန်မာနိုင်ငံတွင်း ဖြစ်ပွားနေတဲ့ပဋိပက္ခတွေ ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေးရဖို့အတွက် နိုင်ငံတကာအနေနဲ့ ဝိုင်းဝန်းကူညီကြဖို့ တိုက်တွန်းခဲ့ကြောင်း ဗွီအိုအေကို အခုလိုမိန့်ကြားပါတယ်။

“ဆရာတော်ရဲ့ခံယူချက်နဲ့ ဆရာတော်ရဲ့အကြံပြုချက်ကိုတောင်းဆိုတဲ့ အခါမှာ မြန်မာပြည်ကို အထူးပဲဆက်လက်ပြီးတော့ ကူညီစောင့်ရှောက်ကြ ဖို့၊ မြန်မာပြည်ကို အားပေးဖို့ရန်အတွက် အထူးသဖြင့် ဘာသာရေးကြောင့်ဖြစ်လာတဲ့ ကိစ္စရပ်တွေကို ဝိုင်းရှင်းပေးဖို့၊ နောက် တပ်မတော်နဲ့ တိုင်းရင်းသားတို့ နှစ်ဖက် စစ်ဖြစ်ပွားမှုမှာ အတတ်နိုင်ဆုံးငြိမ်းချမ်းရေး ရရှိနိုင်ဖို့ရန်အတွက် ဝိုင်းဝန်းကူညီကြဖို့ နဲ့ မြန်မာပြည်မှာ အထူးလိုအပ်တဲ့ ပညာရေးဖက်မှာ အထူးသဖြင့် ကလေးသူငယ်တွေ ပညာရေး တိုးတက်နိုင်ဖို့အတွက် (quality education) ရနိုင်ဖို့ရန် အတွက် ဆရာတော်အနေနဲ့ အကြံပြုပေးခဲ့တာတွေလည်းရှိပါတယ်။”

ဆရာတော်ကြီး ချားလ်စ်ဘိုဦးဆောင်တဲ့ ကက်သလစ်ဘာသာရေးအဖွဲ့အနေနဲ့လည်း ကချင်နဲ့ ရှမ်းပြည်မြောက်ပိုင်းအပါအဝင် တရုတ်၊ မြန်မာနယ်စပ် မှာရှိနေတဲ့ စစ်ပြေးဒုက္ခသည်စခန်းတွေကို အကူအညီအများအပြား ပေးနေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ငြိမ်းချမ်းရေးတည်ဆောက်ဖို့ အဓိကလိုအပ်ချက်တွေနဲ့ပတ်သက်လို့ ဆရာတော်ကြီးက အခုလိုမိန့်ပါတယ်။

“ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် တပ်မတော်အနေနဲ့ရော၊ အစိုးရသစ်ပါ အထူးပဲကြိုးစားသွားရမယ့်အရာဖြစ်ပါတယ်။ ကချင်အပါအဝင် တိုင်းရင်းသားအုပ်စုတွေ အနေနဲ့ လိုလားတောင်းဆိုနေတာက အပစ်အခတ်ရပ်စဲရေး မလုပ်ခင် သူတို့ဘက်က ဆန္ဒရှိတာက ဖဒရယ်ပြည်ထောင်စုနဲ့ပတ်သက်လို့ သူတို့ကအားကိုးအားထားတယ်။ အဲဒါကိုအစိုးရသစ်အနေနဲ့ လုပ်ပေးနိုင်မယ်လို့ ထင်တယ်။ နောက်ပြီး ပြည်နယ်တွေအလိုက် သဘာဝသံယံဇာတထွက်ရှိမှုတွေမှာ တရားမျှတစွာနဲ့ ဝေမျှနိုင်ဖို့ရန်အတွက် ဒီအချက်နှစ်ချက်ကိုရတယ်ဆိုရင်သူတို့အနေနဲ့ ငြိမ်းချမ်းရေးလုပ်ဖို့ရန်အတွက် အဆင်သင့်ရှိပါတယ်။

တပ်မတော်အနေနဲ့ကတော့ ဥပဒေအတိုင်းလိုက်နာပြီး ပြောတဲ့အခါမှာ တိုင်းရင်းသားတွေဘက်က လက်နက်ချပေးဖို့ဆိုပြီး အဲဒါကိုပဲ ပြောနေတဲ့အပေါ်မှာ အစိုးရသစ်အနေနဲ့ နှစ်ဖက်စလုံးကို တရားမျှတစွာနဲ့ ငြိမ်းချမ်းရေး ရနိုင်ဖို့ရန်အတွက် ဆွေးနွေးနိုင်ဖို့ရန်အတွက် ဆရာတော်က မျှော်လင့်ပါတယ်။”

VOA။ ။ ဘာသာရေးခေါင်းဆောင်တဦးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် သမ္မတဦးထင်ကျော် စတဲ့ NLD အစိုးရသစ်နဲ့တွေ့ဆုံပြီး ဆွေးနွေးပြောဆိုဖို့ အစီအစဉ်များရှိပါလားရှင့်။

အများကြီးရှိပါတယ်။ အများကြီးရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဆရာတော်နဲ့သိခဲ့တာ ဆယ်နှစ် ဆယ့်ငါးနှစ်လောက်ရှိပါပြီ။ သူ့မိသားစုနဲ့ သူ့ရဲ့ကလေးတွေက စပြီးတော့ မိသားစုနဲ့ အတော်ခင်မင်ခဲ့ပြီး နောက်ပိုင်းမှာ ဘာသာရေးနဲ့ပတ်သက်လို့ပဲ ဖြစ်ပါစေပေါ့ အခုလောလောဆယ်တော့ အားလုံး အလုပ်ရှုပ်နေကြတော့ ဆရာတော်အနေနဲ့ ဘာမှ ထူးထူးထွေထွေ မဝင်သေးပါဘူး။ ဒါပေမဲ့ သူတို့အားလုံးရဲ့အစီအမံတွေ အေးအေးဆေးဆေး ဖြစ်သွားတဲ့အခါမှာ ဘာသာရေးအနေနဲ့ပေါ့နော် အကြံပြုနိုင်ဖို့ရန်အတွက် ပါဝင်နိုင်ဖို့ရန်အတွက် အထူးသဖြင့် ကိုယ်က ကက်သလစ် ခရစ်ယာန်ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ခရစ်ယာန်များအနေနဲ့ နိုင်ငံတော် တည်ဆောက်ရေးမှာ ဘယ်လိုလုပ်ပါဝင်နိုင်မလဲ။ တိုးတက်အောင် ဘယ်လိုလုပ်နိုင်မလဲ။ အထူးသဖြင့် လူမှုရေး၊ ပညာရေးဘက်မှာ ဘယ်လိုများ ကူညီပေးနိုင်မလဲ။ နိုင်ငံရေး အထူးသဖြင့် ငြိမ်းချမ်းရေးဘက်မှာ ဘာသာရေးပဋိပက္ခဖြစ်တာမျိုးမှာ ဘယ်လိုမျိုး အေးအေးဆေးဆေးနဲ့ ရှင်းလင်းသွားနိုင်မလဲဆိုတာကိုလည်းပဲ ဝိုင်းဝန်းကူညီနိုင်ဖို့ရန် အထူးကိုပဲ ဆန္ဒရှိတယ်။"

ဒီအတောအတွင်းမှာပဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံး ပါဝင်ဆွေးနွေးနိုင်ရေး နှစ်ဆယ့် တစ်ရာစု ပင်လုံညီလာခံ အမြန်ဆုံး ကျင်းပနိုင်ဖို့ ဆောင်ရွက်နေကြောင်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG