သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ Cardinal ဘုန်းတော်ကြီး ခန့်အပ်ခံရမှု ခရစ်ယာန်အသိုင်းအဝန်း ကြိုဆို


ကာဒီနယ်ဘုန်းတော်ကြီးအဖြစ် ရွေးချယ်ခံရသူ ချားလ်စ်မောင်ဘို (ဗဟို)
ကာဒီနယ်ဘုန်းတော်ကြီးအဖြစ် ရွေးချယ်ခံရသူ ချားလ်စ်မောင်ဘို (ဗဟို)

မြန်မာကက်သလစ်အသင်းတော်ရဲ့ နှစ်ပေါင်း (၅၀၀)အတွင်းမှာ ရန်ကုန်ဂိုဏ်းချုပ်သာသနာဆရာတော်ကြီး ချားလ်စ်ဘိုကို မြန်မာနိုင်ငံရဲ့ ပထမဆုံး ကာဒီနယ်လ်ရဟန်းအမတ်တပါးအဖြစ် ရွေးချယ်တင်မြှောက်လိုက်တာဟာ ဆရာတော်ကြီးရဲ့ ဘာသာရေးဦးဆောင်နိုင်မှုကို ဗာတီကန်နန်းတော်က အသိအမှတ်ပြုလိုက်တာဖြစ်တာကြောင့် ခရစ်ယာန်ဘာသာရေးအသိုင်းအဝိုင်းက ကြိုဆိုလိုက်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

ဇန်နဝါရီလ ၄ ရက်နေ့က ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကနေ ကာဒီနယ်လ်အမတ် အသစ် ၂၀ ကို ထပ်မံရွေးကောက်တင်မြှောက်ရာမှာ လူအများ စိတ်ဝင်တစားဖြစ်ခဲ့တာကတော့ မြန်မာနိုင်ငံက ကက်သလစ်အသင်းတော်ရဲ့ ရန်ကုန်ဂိုဏ်းချုပ် သာသနာဆရာတော်ကြီး ချားလ်စ်ဘို ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါဟာ ဆရာတော်ကြီးရဲ့ ဘာသာရေးယုံကြည်မှုနဲ့ ဦးဆောင်မှုအရည်အချင်းကို အသိအမှတ်ဂုဏ်ပြုလိုက်တာဖြစ်တယ်လို့ CSW (Christian Solidarity Worldwide) လို့ခေါ်တဲ့ ကမ္ဘာလုံးဆိုင်ရာ ခရစ်ယာန်သွေးစည်းညီညွတ်ရေးအဖွဲ့ အရှေ့အာရှရေးရာဌာန အကြီးအကဲ Benedict Rogersကပြောပါတယ်။

“အခုလို ဆရာတော်ကြီးချားလ်စ်ဘို အနေနဲ့ ကာဒီနယ်လ်အဖြစ်ရွေးကောက်တင်မြှောက်ခံရတာဟာ တကယ့်ကို ထိုက်တန်ပါတယ်။ မြန်မာနိုင်ငံက ဆင်းရဲမွဲတေမှု၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ ဘာသာရေးလွတ်လပ်ခွင့် စတာတွေမှာ ပွင့်ပွင့်လင်းလင်းဝေဖန်ပြောဆိုတတ်တဲ့ ဘာသာရေး ခေါင်းဆောင်တဦးလည်း ဖြစ်ပါတယ်။ ဒါအပြင် မြန်မာ ကက်သလစ်အသင်းတော်ရဲ့ ထက်မြက်တဲ့ ခေါင်းဆောင်တဦးလည်းဖြစ်ပါတယ်။ ဒါကြောင့် ကာဒီနယ်လ်ရဟန်းတော်တပါးအဖြစ် ရွေးကောက်ခံရတာဟာ သူရဲ့အရည်အချင်းကို အသိအမှတ်ပြုလိုက်တာပါ။”

Benedict Rogers ကိုယ်တိုင်လည်း ဆရာတော်ကြီး ချားလ်စ်ဘိုနဲ့ တွဲဖက်ပြီး မြန်မာနိုင်ငံမှာ ဘာသာရေးအကြမ်းဖက်တိုက်ခိုက်မှုတွေမဖြစ်ပွားရအောင် ဘာသာပေါင်းစုံရှိနေတဲ့ နိုင်ငံတခုအနေနဲ့ အေးချမ်းသာယာဖို့ ဆောင်းပါးတွေ ရေးသားခဲ့ပါတယ်။

ဆရာတော်ကြီးရဲ့ ဦးဆောင်မှုအရည်အချင်းနဲ့ပတ်သက်လို့ အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့ရဲ့စောက်ဘန်းသာသနာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကက်သလစ်ဘုန်းတော်ကြီး Father Peter De De ကအခုလိုပြောပါတယ်။

“အသင်းတော်ရဲ့ ဥပဒေကို ပြန်ကြည့်မယ်ဆိုလို့ရှိရင် ကာဒီနယ်ဖြစ်ဖို့က အဓိက ကတော့ အရွေးခံရတဲ့သူရဲ့ ဘုရားကို အစေခံတဲ့နေရာမှာ ပိုပြီး ထိရောက်အောင် ကြိုးစားတယ်၊ ဘာသာတူတွေကို တကယ့်သိုးထိန်းပီသစွာ ဦးဆောင်နိုင်တယ်။ ဆိုတဲ့ဟာက အဓိကပါ။ နောက်ပြီးတော့ သူ့ရဲ့ဘုရားတရားကိုင်းရှိုင်းမှုကလည်း ပိုအရေးကြီးတာပေါ့နော်။ အဲဒါ လူတွေအတွက် ပြုစရာ၊ စံနမူနာယူစရာ ဆိုလို့ရှိရင်တော့ အဲဒါ အဓိကကျပါတယ်။ ဗမာပြည်က ကာဒီနယ်တပါးအနေနဲ့ ပုပ်ရဟန်းမင်းကြီး ရွေးချယ်ခွင့် ရှိသွားတာပေါ့နော်။ ပြီးတော့ ဗာတီကန်နဲ့ ဒီဗမာပြည်ရဲ့ဆက်ဆံရေးက ပိုပြီးတော့ ကောင်းလာလို့ပဲ အဲလိုရတယ်လို့ပဲ ကျနော် မြင်တယ်လေ။”

ဒါအပြင် ၂၀၁၃ ခုနှစ် သြဂုတ်လ ဖို့ဝိန်းမြို့မှာ ကျင်းပခဲ့တဲ့ NCBAC ခေါ် နိုင်ငံလုံးဆိုင်ရာ မြန်မာ-အမေရိကန်ကက်သလစ်များရဲ့နှီးနှောဖလှယ်ပွဲကို ဆရာတော်ကြီး ချားလ်စ်ဘို တက်ရောက်ခဲ့ချီးမြှင့်ခဲ့ရာမှာ လူအများကောင်းကျိုးအတွက်ဆောင်ရွက်ကြဖို့ မိန့်ကြားသွားခဲ့တယ်လို့ Father Peter De De ကပြောပါတယ်။

“မှတ်မှတ်ရရဖြစ်စရာလေးကတော့ ဘုရားပေးတဲ့အရည်အချင်း၊ ဘုရားပေးတဲ့အချိန်တွေကို လူသားတွေအတွက် အသုံးပြုဖို့မှာ အဲလိုအသုံးပြုတယ် ဆိုတာလည်း ကျနော်တို့ ယုံကြည်ချင်းရဲ့ခေါ်တော်မူခြင်းပဲ ပြောရမှာပေါ့နော်။ အဲဒါတွေကို တပါးသူကို ဝေမျှရမယ်၊ တပါးသူအတွက် အသက်ရှင်ရမယ်၊ အဲဒီပုံစံမျိုးနဲ့ တရားရေအေးတိုက်ကျွေးခဲ့တာပေါ့နော်။ ”

အခုလို မြန်မာကက်သလစ်အသင်းတော်အနေနဲ့ ဗာတီကန်နန်းတော်နဲ့ တိုက်ရိုက်ဆက်သွယ်ခွင့်ရတဲ့အတွက် အကျိုးရလဒ်တွေအများကြီး ရှိလာမှာ ဖြစ်တယ်လို့လည်းအမေရိကန်ပြည်ထောင်စုအခြေစိုက် မြန်မာကက်သလစ် NCBAC ရဲ့ လူငယ်ခေါင်းဆောင် Maurice Maran ကပြောပါတယ်။

“အရင်တုန်းကဆိုလို့ရှိရင် ကျနော်တို့ဆီမှာ ဖာသာမရှိတဲ့အခါကျတော့ ကျနော်တို့က ထိုင်းကဖြစ်ဖြစ်၊ ဒါမှမဟုတ်ရင် အိန္ဒိယကဖြစ်ဖြစ် တဆင့်ပြန်သွားနေရတာပေါ့။ အဲလိုဆိုရင် လိုအပ်တဲ့အကူအညီတွေ တိုက်ရိုက်မရဘဲနဲ့ တဆင့်ခံလိုဖြစ်နေတာပေါ့။ အခု ကျနော်တို့ဖာသာ ကျနော်တို့ကိုယ်တိုင် ကာဒီနယ်ရှိလာတဲ့အချိန်ကျတော့ ကျနော်တို့ဘာသာတူတွေရဲ့ ပြောချင်တဲ့ဟာတွေ၊ လိုအပ်ချက်တွေကို ပုပ်ရဟန်းမင်းကြီးကို တိုက်ရိုက်တင်သွင်းခွင့် ရရှိတယ်ပေါ့နော်။ အဲဒါတွေက အင်မတန်မှကို အကျိုးရှိတဲ့၊ ပြီးတော့ ကျနော်တို့ ရှေ့ဆက်လုပ်ရမယ့် ကျနော်တို့ရဲ့ဘာသာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေကို ပိုပြီးမှ အခွင့်အရေးပိုရလာမယ်ဆိုပြီးတော့ မျှော်လင့်တယ်။”

ဆရာတော်ကြီး ချားလ်စ်ဘိုကို ၁၉၄၈ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ၁၉၇၆ ခုနှစ်တွင် ရဟန်းသိက္ခာတော်ကို ခံယူရရှိခဲ့ပါတယ်။ အဲဒီနောက် လာရှိုးဂိုဏ်းအုပ်သာသနာရဲ့ ဆရာတော်အဖြစ် ၁၉၉၀ ခုနှစ်တွင် တင်မြှောက်ခန့်အပ်ခံခဲ့ရပြီး ၁၉၉၆ ခုနှစ်မှာတော့ ပုသိမ်ဂိုဏ်းအုပ် ဆရာတော်အဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ ၂၀၀၂ ခုနှစ်မှာ မန္တလေးဂိုဏ်းချုပ်သာသနာရဲ့ ဆရာတော်အဖြစ် တာဝန်ပေးခန့်အပ်ခံခဲ့ရပြီး ၂၀၀၃ ခုနှစ်ကနေ အခုချိန်ထိ ရန်ကုန်ဂိုဏ်းချုပ်သာသနာ ဆရာတော်ကြီးအဖြစ်တာဝန်ယူထမ်းဆောင်နေပါတယ်။

ဆရာတော်ကြီး ချားလ်စ်ဘိုနဲ့ အတူရွေးကောက်ခံရတဲ့ ကာဒီနယ်လ်အမတ်အသစ်တွေကို လာမယ့် ဖေဖေါ်ဝါရီလ (၁၄)ရက်နေ့မှာ ဗာတီကန်နန်းတော်မှာ တရားဝင် ဘိတ်သိတ်တင်မြှောက်ပေးမှာဖြစ်ပါတယ်။

XS
SM
MD
LG