သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေအတွက် ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် စိုးရိမ်


မြန်မာကက်သလစ်ဂိုဏ်းချုပ် ချားလ်စ် မောင်ဘို
မြန်မာကက်သလစ်ဂိုဏ်းချုပ် ချားလ်စ် မောင်ဘို

တိုင်းပြည်ရဲ့ နိုင်ငံရေးလောကမှာ စစ်တပ်ပါဝင်နေမှုအပါအဝင် မြန်မာနိုင်ငံ ပြည်သူတွေ ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီး လွန်စွာစိုးရိမ်မကင်းဖြစ်မိကြောင်း ရန်ကုန်မြို့ ရိုမန်ကက်သလစ် ဂိုဏ်းချုပ် ဘုန်းတော်ကြီးက စာလွှာတစောင် ထုတ်ပြန်လိုက်ပါတယ်။

တပ်မတော်နဲ့ အစိုးရတို့ဟာ မိမိတို့ရဲ့ သက်ဆိုင်ရာ အခန်းကဏ္ဍကို လေးစားလိုက်နာကြဖို့ တောင်းဆိုပြီး ဘာသာရေးလွတ်လပ်ခွင့် ထိန်းချုပ်မှု ကြီးထွားလာနေတဲ့ ကိစ္စကိုလည်း သတိပေးထားပါတယ်။

အခုချိန်ဟာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ တိုင်းရင်းသားအချင်းချင်းဖြစ်နေတဲ့ တိုက်ပွဲတွေ၊ ဘာသာရေးတင်းမာမှုတွေကို ရပ်ဆိုင်းပြီး ငြိမ်းချမ်းရေး၊ ပြန်လည်သင့်မြတ်ရေးနဲ့ လွတ်လပ်ခြင်းနဲ့ အမှန်တရားရှာဖွေရေးတို့ကို ကြိုးပမ်းပြီး မတူကွဲပြားမှုကိုလက်ခံဂုဏ်ယူပြီး မေတ္တာတရား ထွန်းကား အောင် ဖန်တီးရမယ့်အချိန်ဖြစ်တယ်လို့ ရဟန်းအမတ်ကြီးလည်းဖြစ်တဲ့ Cardinal Charles Bo က သူရဲ့စာလွှာထဲမှာဖေါ်ပြထားပါတယ်။

“အစွန်အဖျားကရောင်ပြန်များ- လူသားတွေနဲ့ အာရှနိုင်ငံများအတွက် ဘုရားသခင်ရဲ့မေတ္တာ” လို့ အမည်ပေးထားတဲ့ ဒီစာလွှာထဲမှာ ဖေါ်ပြထားတဲ့ သတင်းစကားတွေဟာ ငြိမ်းချမ်း ရေးလိုလားတဲ့ ဆန္ဒနဲ့ဂရုဏ ာတရားကို အခြေခံပြီး မေတ္တာနဲ့ ပုံဖေါ်ထားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။

လာမယ့် ၂၀၂၀ပြည့်မှာ ကျင်းပမယ့် ဒုတိယအကြိမ် ဒီမိုကရေစီရွေးကောက်ပွဲမှာ စစ်အုပ်ချုပ်ရေးကို အဆုံးသတ်နိုင်ဖို့အတွက် ပိုပြီးအရေးကြီးလာနေတဲ့အချိန်ဖြစ်တယ်လို့လည်းဆိုပါတယ်။

ပြဿနာရဲ့ အဖြေကတော့ မတူကွဲပြားတဲ့ တိုင်းရင်းသားအုပ်စုတွေအတွက် ဖယ်ဒရယ်စနစ်ဖေါ်ဆောင်ရေးနဲ့ သဘာဝသယံဇာတတွေနဲ့ အမြတ်အစွန်းတွေကို လူတစုက ချုပ်ကိုင်ထားမယ့်အစား ပြည်သူအားလုံး ဝေမျှ နိုင်ရေးပဲဖြစ်တယ်လို့ ဆိုပါတယ်။ မိမိဟာ ဘာသာရေးခေါင်းဆောင်တဦးသာဖြစ်ပြီး နိုင်ငံရေးသမားမဟုတ်ကြောင်း၊ ငြိမ်းချမ်းရေး တရားမျှတရေး ပြန်လည်သင့်မြတ်ရေး လူ့ဂုဏ်သိက္ခာနဲ့ မေတ္တာတရားမှတပါး ဘယ်ဘက်ကိုမှ ဘက်မလိုက်ဘူးလို့လည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG