သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်စောင့်အစိုးရအပေါ် တိုင်းရင်းသားအဖွဲ့တချို့ အမြင်


ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

Zawgyi/Unicode
အာဏာသိမ်းပြီး ၆ လအကြာမှာ စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှုကော်မတီကို အိမ်စောင့် အစိုးရအဖြစ် နာမည်ပြောင်းလဲလိုက်ပါတယ်။ အိမ်စောင့်အစိုးရအနေနဲ့ အခုလိုအမည်ပြောင်းလဲပေမယ့် နိုင်ငံရေးမှာ သိပ်ပြီးထူးထူးခြားခြားပြောင်းလဲလာစရာမမြင်ဘူးလို့ တိုင်းရင်းသားအဖွဲ့အစည်းအတော်မျာများက ယူဆပါတယ်။ တိုင်းရင်းသားအဖွဲ့တွေရဲ့ အခုလို တုံ့ပြန်အမြင်တွေ ရန်ကုန်က စုစည်းသတင်းပို့ထားတာကို မဆုမွန်ပြောပြပါမယ်။

သြဂုတ်လ ၁ ရက်နေ့က စစ်ကောင်စီက အိမ်စောင့်အစိုးရဖွဲ့စည်းလိုက်ပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖြစ်တဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင်က နိုင်ငံတော် ဝန်ကြီးချုပ်အဖြစ်တာဝန်ယူမယ့်အကြောင်း ကြေညာခဲ့ပါတယ်။ ဒီအပေါ်မှာပြောင်းလဲမှု ကြီးကြီးမားမားရှိမှာ မဟုတ်ဘူးလို့ တိုင်းရင်းသားလက်နက်ကိုင် နိုင်ငံပါတီနဲ့ လုထူတွေက ရူမြင်သုံးသပ်ကြတာပါ။

စစ်တပ်က စစ်ဝတ်စုံကိုချွတ်ပြီး တိုက်ပုံအင်္ကျီဝတ်လိုက်ရုံနဲ့ တိုင်းရင်းသား ပြည်သူထူတွေရဲ့ လက်ခံမှုမရှိဘဲ အစိုးရတရပ် ဖြစ်မလာနိုင်ဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်က ပြောပါတယ်။

“ဒါတော့ ၁၉၅၈ ဦးနေဝင်းလုပ်သွားတဲ့ ပုံစံအတိုင်း သူက မိတ္တူကူးပြီး လုပ်တာပဲပေါ့နော်၊ သူတို့တွေရဲ့ အကြောင်းပြချက်အရတော့ တိုင်းပြည်ကတော်တော်ကြီးကို ဒုက္ခ သောကတွေ စုံနေပြီး အဲ့ဒါကြောင့်မို့လို့ တိုင်းပြည်ကို ပြန်လည်တည့်မတ်ဖို့အတွက် သူတို့က အာဏာရ ယူတယ်လို့ အကြောင်းပြကောင်း ပြသွားလိမ့်မယ်၊ ဒါပေမယ့် စစ်ဝတ်စုံချွတ်ပြီးတော့မှ တိုက်ပုံဝတ်လိုက်ရုံနဲ့ ဒါ အစိုးရတရပ်ဆိုတာ ဖြစ်သွားမျိုးမဟုတ်ဘူးလေ၊ တိုင်းရင်းသားပြည်သူလူထုရဲ့ လက်ခံမှုမရှိဘဲနဲ့ အစိုးရတက်လုပ်လို့ မရပါဘူး၊ အဲ့တော့ ၂၀၀၈ ရဲ့ ဘောင်ကိုလည်း ကျော်ပြီးတော့လုပ်နေတဲ့ စစ်တပ်ရဲ့လုပ်ရပ်ဟာ လူထုရဲ့ဆန္ဒနဲ့တော့ လုံးဝမကိုက်ညီဘူးလို့ ပြောလိုပါတယ်ခင်ဗျ။”

စစ်ကောင်စီက အိမ်စောင့်အစိုးရအဖြစ်ပြောင်းလဲလာတဲ့အပေါ်မှာ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဃက ခွန်ဥက္ကာကတော့ အခုလို သုံးသပ်ပါတယ်။

“အခု ၆ လ ပြည့်လို့ ထိန်းသိမ်းနိုင်တဲ့အခြေအနေက မရှိတော့ဘူးဆိုတာမြင်တဲ့အခါကျတော့ နည်းပရိယာယ်တချို့နဲ့ ဝန်ကြီးချုပ်စနစ်အစိုးရကို ဖွဲ့ပြီးတော့ ရွေးကောက်ပွဲကိုလည်းပဲ အချိုးကျကိုယ်စားပြုစနစ်ကို ရွေ့သွားဖို့ ပြင်လာတာတွေ့ရတယ်။ ဆိုလိုတာကတော့ လိုအပ်လို့ ပြန်ညှိုဖို့လိုရင် ဦးဝင်းမြင့်ရှိတယ်၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရှိတယ်၊ ဒီပုဂ္ဂိုလ်တွေအတွက် နေရာချန်ထားပြီးတော့ အဲ့ဒီကို ဆက်သွားမယ့်သဘော အထက်ကလည်း ယူဆလို့ရတာပေါ့လေ။ စေ့စပ်ရေးတံခါးကို မသိမသာပြန်ဖွင့်တဲ့သဘောလည်းဖြစ်တာပေ့ါ၊ အဲ့ဒါလည်းပဲ အခု ၂၀၂၃ သြဂုတ်လမှာ (ရွေးကောက်ပွဲ) လုပ်မယ်လို့ပြောတာလည်း အခြေအနေပေါ် မူတည်ပါတယ်။ ဒီကြားထဲမှာ ထိန်းထိန်းသိမ်းသိမ်းနဲ့ တည်ငြိမ်မှု ရအောင်ပြန်လုပ်နိုင်မယ်ဆိုရင်တော့ ဖြစ်နိုင်ခြေနဲ့ တည်ငြိမ်မှု မရဘူးဆိုရင်တော့ နောက်ထပ် အချိုးတခုပြောင်းနိုင်ပါသေးတယ်။”

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS/SSA)အနေနဲ့က ဒီကိစ္စမှာ ဆွေးနွေးနေဆဲဖြစ်လို့ မှတ်ချက်မပေးလိုပေမယ့် ဗိုလ်မှူးစိုင်းခမ်းစံ တဦးထဲ အမြင်ကတော့ -

“အာဏာသိမ်းတာ အာဏာသိမ်းတာပဲခင်ဗျ၊ ရှေ့တခုသွားမယ်ဆိုရင် နောက်ကို ပြန်ကြည့်မှ လေနော်၊ ဒီ နေဝင်းကိစ္စတုန်းက အာဏာသိမ်းတုန်းကလည်း သူတို့ အိမ်စောင့်လုပ်တာပဲ။ ဒါ သမိုင်းတကျော့ပြန်လယ်တာပေါ့နော်၊

ဘယ်လိုပဲပြောပြော ဒါပြောပြီးတော့မှ အပြောနဲ့အလုပ်က သူက အဓိကချတယ်လေ။ အခုဟာက အဖွဲ့ပေါင်းလည်းများခဲ့ပြီ။ တိုင်းရင်းသားတွေလည်း ခံခဲ့ရပေါင်း များပြီးသား။ အာဏာသိမ်းပြီးတဲ့ ဥစ္စာကို တရားဝင်အစိုးရဖြစ်အောင်ပြုပြင် ပြောင်းလဲတယ်လို့ အဲ့လိုမျိုး ကျနော့်ကိုယ်ပိုင်အမြင်နဲ့ဆိုရင် အဲ့လိုမျိုးမြင်တယ်။”

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေကို ပစ်သတ် ရိုက်နှက်ဖမ်းဆီးနေတာမို့ အိမ်စောင့်အစိုးရပဲ အသွင်ပြောင်းလဲ ပြောင်းလဲ ထူးခြားပြောင်းလဲမှုဖြစ်မှာမဟုတ်ဘူးလို့ မွန်တိုင်းရင်းသူက ပြောပါတယ်။

“ဒီအရေးတော်ပုံအောင်ဖို့အတွက် ကြိုးစားအချိန်မှာ စစ်ကောင်စီက ရုတ်တရက် သူက အိမ်စောင့်အစိုးရပြီး ပုံစံသွင်းလိုက်တယ်၊ သူ့မှာလည်း နဂိုကတည်းက အစီစဉ်ရှိရင် ရှိမှာပေါ့နော်၊ သူ့ရဲ့အာဏာတည်မြဲဖို့အတွက် ဒါကို သူကအဝတ်လဲလိုက်ယုံပဲရှိတယ်ပေါ့နော်။ မင်းအောင်လှိုင်က မင်းအောင်လှိုင်ပဲ၊ မင်းအောင်လှိုင်က ဘယ်လိုပဲ အဝတ်တွေပြောင်းပြောင်း သူက လူသတ်တရားခံပဲ။ တချိန်တုန်းက သူသတ်ခဲ့တဲ့ သမိုင်းတွေကို ဘယ်လိုမှ ဖျောက်လို့မရဘူးပေါ့နော် သူဘယ်လောက်ပဲ ပုံစံပြောင်းပြောင်းပေ့ါနော် သူက ကျမတို့ လက်မခံဘူး။”

စစ်ကောင်စီအနေနဲ့ သူ့ရဲ့ စီမံခန့်ခွဲမှုကော်မတီကို အခုတဖန်အိမ်စောင့်အစိုးရဆိုပြီး နာမည်ပြောင်းလဲလိုက်တဲ့ကြောင့် ပြည်သူလူတွေ လိုချင်နေတဲ့ ဒီမိုကရေစီနိုင်ငံဆီ ပြောင်းလဲလာမည်မထင်ဘူးလို့လည်း တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ သူတို့ဟာ ယာယီအစိုးရတရပ်ဖြစ်ပြီး ရွေးကောက်ပွဲတရပ် ပြန်လုပ်ပေးမယ်လို့ ကတိပြုထားပါတယ်။ ရွေးကောက်ပွဲအတွက်ကတော့ နှစ်နှစ်အထိ ကြာမြင့်နိုင်တယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

======

Unicode
















#MyanmarMilitaryCoup #MyanmarCareTakerGovernment #MyanmarPolitics #VOABurmese

XS
SM
MD
LG