သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းရေး ကော်မရှင်သစ်အပေါ် သတိနဲ့ တုံ့ပြန်ကြိုဆို


ရခိုင်ပြည်နယ်က ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စုံစမ်းစစ်ဆေးဖို့ မြန်မာအစိုးရက ကော်မရှင် အသစ်တခု ထပ်မံဖွဲ့စည်းမယ့်အကြောင်း ကြေညာလိုက်တဲ့ အပေါ် သတိနဲ့တုံ့ပြန်ကြိုဆိုမှုတွေ ထွက်ပေါ်လာပါတယ်။ လူ့အခွင့်အရေး ချိုးဖောက် မှုတွေကို စုံစမ်းဖော်ထုတ်ဖို့ နိုင်ငံတကာက တိုက်တွန်းသံတွေ ထွက်ပေါ်နေချိန်မှာပဲ ကော်မရှင်အသစ် ဖွဲ့စည်းလိုက်တဲ့အပေါ် သဘောထားအမြင်တွေကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခတွေအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ နိုင်ငံတကာက ဝေဖန်ခံနေရချိန်မှ သီးခြားလွတ်လပ်တဲ့ ကော်မရှင်တခု ထပ်မံဖွဲ့စည်းပြီး ဖော်ထုတ်ဖို့ ကြိုးပမ်းတဲ့ အစီအစဉ်အဖြစ် ကြိုဆိုလိုက်ကြတာပါ။ ရခိုင်ပြည်နယ်မှာ ပြန်လည်သင့်မြတ်ရေး၊ တည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် ရည်ရွယ်ပြီး လွတ်လပ်တဲ့ ကော်မရှင်တရပ်ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း သမ္မတရုံးက ကြေညာထားပါတယ်။ ဒါပေမဲ့လည်း အရင်ကလည်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမဲ့ အများလက်ခံနိုင်တဲ့ အခြေအနေမျိုးတွေ ကြုံခဲ့ရတာကြောင့် ဒီတကြိမ် အသစ်ဖွဲ့မယ့် ကော်မရှင်အနေနဲ့ လုပ်ငန်းတွေကို ထိထိရောက်ရောက် ဖြစ်အောင် ဆောင်ရွက်စေလိုတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့တခုဖြစ်တဲ့ Equality Myanmar ဒါရိုက်တာ ဦးအောင်မျိုးမင်းကပြောပါတယ်။

“ကျနော်တို့ တိုင်းပြည်မှာက အရင်တုန်းက ဖွဲ့ခဲ့တဲ့ ကော်မရှင်တွေလည်း ရှိပါတယ်။ အဲဒီကော်မရှင်တွေကိုလည်း ပြည်သူလူထုက သိပ်ပြီးတော့ အယုံအကြည်မရှိဘူး၊ နိုင်ငံတကာကလည်း ဒါကို သိပ်အရေးမထားတာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ကော်မရှင်ဖွဲ့တယ် ဆိုတာက နိုင်ငံတကာက ပြောလာလို့ မိုးကြိုးပစ်လို့ ထန်းလျှက်နဲ့ ကာတယ်ဆိုတဲ့ ပုံစမျိုး မဟုတ်ပဲနဲ့ ၊ ပါဝင်တဲ့ကော်မရှင်အဖွဲ့ဝင်တွေက တွေ့ရှိချက်တွေကို ခိုင်ခိုင်မာမာ ပြောဆိုရဲ တင်ပြရဲသော အရာမျိုးဖြစ်ဖို့ လိုအပ်ပါတယ်။ နောက်တခုကတော့ ဘယ်လောက်ထိပဲ ကော်မရှင်က ရဲရဲဝံ့ဝံ့ပြောသည့်တိုင်အောင် လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့်ကော ရှိရဲ့လားဆိုတဲ့အချက်နဲ့လည်း တိုင်းတာဖို့ လိုအပ်ပါတယ်။ ဒါကြောင့်မို့လို့ အခုကော်မရှင်ကို ဖွဲ့လိုက်တာကို ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အပြည့်အဝကြီးတော့ မဟုတ်သေးပါဘူး။ ဒီကော်မရှင်ရဲ့ လုပ်ပိုင်ခွင့်နဲ့ တွေ့ဆုံမှု အပိုင်းမှာ အမှန်တကယ် လွတ်လွတ်လပ်လပ် လုပ်နိုင်လား၊ ဘက်မျှအောင်ရော တွေ့ရှိတဲ့အချက်တွေကို နေရာတကာ လွတ်လွတ် လပ်လပ်သွားနိုင် ဆိုတဲ့အချက်ကို ကျနော်တို့ စောင့်ကြည့်ဖို့တော့ လိုအပ်ပါတယ်။”

ရခိုင်ပြည်နယ်က ပဋိပက္ခတွေမှာ မြန်မာလုံခြုံရေးတပ်ဖွဲ့တွေအပြင် ARSA ရိုဟင်ဂျာ အစွန်းရောက်အုပ်စုကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန်ခဲ့ကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ Amnesty International က ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီးနောက် မြန်မာအစိုးရက စုံစမ်းမှု အသစ်တွေ လုပ်မယ့်အစီအစဉ် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မြန်မာအစိုးရက ဖွဲ့စည်းမယ့် စုံစမ်းရေးကော်မရှင်သစ် အနေနဲ့ ARSA အုပ်စုရဲ့ ကျုးလွန်မှုတွေအပြင်၊ လုံခြုံရေး တပ်ဖွဲ့တွေ လူ့အခွင့်အရေးချိုးဖောက်မှု ကျုးလွန်ခဲ့တယ်လို့ဆိုတဲ့ စွပ်စွဲချက်တွေကိုပါ စုံစမ်းမှာလား ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မရှိပါဘူး။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ ဦးအေးလွင်ကတော့ စုံစမ်းစစ်ဆေးရေး လုပ်ငန်းတွေမှာ တပ်မတော်ဘက်က ပူးပေါင်းဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။

“ကျနော့်အနေနဲ့တော့ ဒါဟာ ကောင်းသော မှန်ကန်သော ဦးတည်နေတဲ့ ခြေလှမ်းတခုလို့ အဲဒီလိုပဲ လက်ခံထားပါတယ်။ ဒါက အပြည်ပြည် ဆိုင်ရာရဲ့ စိုးရိမ်သောက ကလည်း ရှိနေတဲ့အတွက်ကြောင့် ဒီလိုဖွဲ့စည်းမှုဟာ တနည်းအားဖြင့်တော့ ဆီလျှော် သင့်မြတ်တယ်လို့ ကျနော် ထင်ပါတယ်။ ဒီအဖွဲ့သည် နိုင်ငံတော်သမ္မတရဲ့ အမိန့်နဲ့ ဖွဲ့ထားတဲ့အဖွဲ့ပါ။ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ သတင်းစာ ရှင်းလင်းပွဲမှာလည်း ပြောထားပြီးပြီလေ၊ ကာကွယ်ရေးဝန်ကြီးဌာန အနေနဲ့လည်း မြန်မာနိုင်ငံ အစိုးရအဖွဲ့ရဲ့ တစိတ်တပိုင်းဖြစ်တဲ့အတွက် နိုင်ငံတော်သမ္မတရဲ့ အမိန့်သြဇာအောက်မှာပဲ တည်ရှိနေတယ်ဆိုတာကို ပြောထားတာကလည်း ရက်ပိုင်းလောက်ပဲ ရှိသေးတာပေါ့။ အဲဒီတော့ ဒီကိစ္စရပ်က သိပ်ပြီးတော့ စိုးရိမ်စရာ မဟုတ်ဘူးလို့ ကျနော်ထင်ပါတယ်။ တကယ်ပဲ လွတ်လပ်သော တရားမျှတသော စုံစမ်းစစ်ဆေးမှုကို ပြုလုပ်နိုင်မယ် ဆိုရင်တော့ ပြည်တွင်းရော ပြည်ပကရော ဒါကိုလက်ခံမှာပါ။”

ရခိုင်မြောက်ပိုင်းအရေးနဲ့ပတ်သက်လို့ ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင်နဲ့ ဗိုလ်မှူးချုပ် အေးဝင်းဦးဆောင်တဲ့ မြန်မာ့တပ်မတော်က သီးသန့်ဖွဲ့စည်းခဲ့တဲ့ စုံစမ်းမှုတွေ လုပ်ခဲ့ဖူးပေမယ့်၊ သူတို့ရဲ့ စုံစမ်းတွေ့ရှိချက်တွေကို လက်မခံ ခဲ့ကြတဲ့အတွက် နိုင်ငံတကာဖိအားတွေ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။ ဦးအောင်မျိုးမင်းကတော့ စုံစမ်းရေးအဖွဲ့သစ် အနေနဲ့ လုပ်ငန်းတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိဖို့သာမက တွေ့ရှိချက်တွေကို အစိုးရက ကိုင်တွယ်ဖြေရှင်းဖို့ လိုအပ်ကြောင်းလည်း ထောက်ပြခဲ့တာပါ။

“ဘယ်သူပဲ ချိုးဖေါက်ချိုးဖေါက် ဘယ်အဖွဲ့အစည်းကပဲ ချိုးဖေါက်ချိုးဖေါက် ဒီချိုးဖေါက် မှုတွေကို စနစ်တကျစုံစမ်းပြီးတော့ ခိုင်မာကောင်းမွန်တဲ့ ဖေါ်ထုတ်ချက်တွေ အရေးယူ မှုတွေကို ဆက်လက်လုပ်ဆောင်သွားဖို့က အစိုးရမှာ တာဝန်ရှိပါတယ်။ ဒါကြောင့်မို့လို့ ကော်မရှင်က ဘယ်လောက် ကောင်းကောင်း၊ ကော်မရှင်ရဲ့လုပ်ပိုင် ခွင့်တွေကို အသိအမှတ် မပြုဘူးဆိုရင်၊ ကော်မရှင်ရဲ့ လုပ်ဆောင်မှုတွေကို ခွင့်မပြုဘူး၊ တချိန်ထဲမှာပဲ ကော်မရှင်က တွေ့ရှိချက်တွေကို ဆက်လက် အရေးမယူဘူး ဆိုရင်တော့ အဲဒီကော်မရှင် က အလကားပဲ ဖြစ်မှာပါ။ အစိုးရရဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ အစိုးရရဲ့ ဆက်လက်ပြီးတော့ အကောင်အထည်ဖေါ် အရေးယူမှု အပိုင်းတွေက အထူး အရေးကြီးပါတယ်။”

သမ္မတရုံးရဲ့ ကြေညာချက်မှာတော့ ကော်မရှင်သစ်မှာ နိုင်ငံတကာက ပုဂ္ဂိုလ်တဦး အပါအ၀င် အဖွဲ့ဝင် ၃ ဦး ပါဝင်မှာဖြစ်ပြီး၊ ပြည်တွင်းပြည်ပက ဥပဒေရေးရာနဲ့ နည်းပညာ ကျွမ်းကျင်သူတွေ ပံ့ပိုးကူညီသွားမှာဖြစ်ကြောင်း ပြောဆိုထားပေမဲ့၊ ကော်မရှင်ရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ပါဝင်မယ့်သူတွေရဲ့ သတင်းအသေးစိတ် အချက်အလက်တွေ ကိုတော့ မသိရသေးပါဘူးခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG